အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း သေဆုံးတဲ့ ကလေး ၄၃ ဦးရှိ

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း သေဆုံးတဲ့ ကလေး ၄၃ ဦးရှိ

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေထဲ ၁၈ နှစ်အောက်ကလေး ၄၃ ဦးရှိနေပါတယ်။ အဲ့ဒီစာရင်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့အထိ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့  စာရင်းသာဖြစ်ပြီး မြေပြင်မှာတော့ အဲ့ဒီထက် ပိုများနိုင်ပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေဟာ စစ်ကောင်စီတပ်က ပစ်ခတ်လာတဲ့ လက်နက်ကြီးကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး ၂၄ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦး နဲ့  ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကလေးလည်း ရှိနေတာပါ။ ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေလည်း များပြားခဲ့ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကလေးတွေစာသင်ကြားနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၅နှစ်အောက် ကျောင်းသား လေးဦး သေဆုံးခဲ့သလို ရှားတောမြို့နယ်မှာလည်း စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၇ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း ၁၀နှစ်အောက် ကလေးငယ် ၃ဦးပါဝင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ပြီး  စစ်ရာဇဝတ်မှုကို ချိုးဖောက်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC )အတွင်းရေးမှူး ( ၂ )  ဦးဗညားက ပြောဆိုပါတယ်။

“ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းခံရတာပေါ့နော ညှင်းပန်းနှိပ်စက်ခြင်းခံရတာလည်း တွေ့နေရတယ်ပေါ့နော။ အဲ့ဒီဟာက ကျူးလွန်တဲ့သူက ရိုးရိုးလူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှုပါ ချိုးဖောက်တာကိုတွေ့ရတယ်။ ဘာကိုအခြေခံပြီးပြောလဲဆိုရင်တော့ ကျောင်းတွေ ဆေးပေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေကို မလုပ်ရဘူးဆိုတဲ့ တပ်ပိုင်းဆိုင်ရာ၊ စစ်ပိုင်းဆိုင်ရာအရ ဂျီနီဇာကွန်ဗင်းရှင်းမှာလည်း သတ်မှတ်ထားတဲ့အချက်တွေဖြစ်တယ်ပေါ့နော။ Humanitarian law ကိုလည်းချိုးဖောက်ရာရောက်တယ်။” လို့ ဦးဗညားက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ အရပ်သားတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ လည်း ကြိုးစားနေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“သေချာတာတခုကတော့ အရေးယူမှုကတော့ case by case တော့ ပြင်ဆင်ပြီးတော့ သွားဖို့ရှိတယ်ပေါ့ သွားလည်းသွားနေပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ကျနော်တို့နိုင်ငံအတွင်းမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက်က ခက်ခဲမှုအများကြီးရှိတယ်။ နိုင်ငံတကာမှာတင်ပြတောင်းဆိုတဲ့နေရာမှာလည်း ထင်သလောက်မပေါက်ဘူးပေါ့။ သို့ပေမဲ့ ကျနော်တို့ခေါ်တဲ့ Accountability တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ကတော့ ဆက်ပြီးတော့မှ ရှိနေမယ်။ ကျူးလွန်တဲ့သူကို စစ်ရာဇဝတ်မှုအရဖြစ်စေ မဟုတ်လည်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်စေ သို့မဟုတ် နိုင်ငံအတွင်းမှာ ခုနကပြောတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ကိစ္စအောက်မှာ အရေးယူနိုင်အောင် ဆက်ပြီး ကြိုးစားနေမှာပါ။”လို့ ဦးဗညားက ဆက်ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့  မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ မြန်မာနိုင်ငံမှာ လူ ၁၈.၆ သန်းက အရေးပေါ်အကူအညီတွေ လိုအပ်နေကြပြီး အဲ့ဒီအထဲမှာ ၆ သန်းဟာ ကလေးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကျောင်းနေအရွယ် ကလေး ၄ သန်းဟာလည်း ပညာသင်ကြားရမည့် အခွင့်အရေးကို ဆုံးရှုံးနေရတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့ ရခိုင်၊ ကရင်နီ၊ ချင်း၊ ရှမ်းမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ ပိုလိုအပ်နေတယ်လို့ ဆိုထားပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...