စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ကရင်နီပြည်၊ ရှားတောမြို့နယ်အတွင်းက စစ်ဘေးရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦး အသတ်ခံရတဲ့နေရာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်မှာ ကန္တာရဝတီတိုင်း(မ်) ရဲ့  မြေပြင်သတင်းထောက်က ရောက်ရှိသွားပြီး မှတ်တမ်း သက်သေယူနိုင်ခဲ့ပါတယ်။

သူရောက်ရှိသွားတဲ့အချိန်မှာတော့ အမျိုးသမီးတွေနဲ့ ကလေးငယ် ၂ ဦးဟာ သေဆုံးလျှက်သားရှိနေပြီး ကလေးငယ်တစ်ဦးဟာ အသက်ရှုနေသေးပေမယ့် ပြင်းထန်တဲ့ကျည်ဒဏ်ရာကြောင့် အသက်မကယ်နိုင်ခဲ့ဘဲ ထပ်မံအသက်သေဆုံးသွားတယ်လို့ သိရပါတယ်။

“ကလေးက ၃ ယောက်ပါတယ်ပေါ့နော။ ငါးနှစ်အောက် ကလေးလေးတွေ။ ပြီးတော့မှ လူကြီး ၃ ယောက်။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ကလေးက တစ်ယောက်အသက်ရှင်နေသေးတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ကျောမှာက ကျည်ဆံက တော်တော်ထိထားတာ တော်တော်ကြီးတယ်။ ဆေးမှူးက သူ့ကို ကယ်ဖို့ လုပ်သေးတယ် ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက တအားကြီးတော့ ကလေးရဲ့ အားနဲ့က အဆင်မပြေနိုင်တော့ဘူး။ အဲ့ဒါနဲ့ အနောက်ထိ ပြန်မရောက်တော့ဘူး။ အသက်ထွက်သွားတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က သူမြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်နေတဲ့ အရပ်သားတွေရှိတဲ့ အနီးကိုရောက်ရှိချိန်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး၊ ကလေးငယ်အပါအဝင် ၇ ဦး ကို တွေ့ရာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားခဲ့တာပါ။

“မိန်းကလေးတွေတော့ ကျနော်လည်း မပြောတတ်တော့ဘူး သွားလိုက်တာ ကျနော်လည်း သူတို့နဲ့ မတွေ့နိုင်တော့ဘူး။ သူတို့လည်း ကျနော်နဲ့သူ အဖမ်းခံရတာ။ သူတို့ကိုတော့ သီးသန့်ခေါ်သွားတာ။ အဲ့ဒီအမျိုးသမီးတစ်ယောက်က ကိုယ်ဝန်နဲ့ပေါ့နော်။ ပြီးရင် သူ့ကလေးတွေနဲ့ပေါ့နော်။ ပြီးရင် ကျနော် အစ်မအကြီးဆုံးတစ်ယောက်ရဲ့ ယောက်ခမနဲ့ သူမြေးတွေလည်းပါတယ်။ ကျနော်ပါဆို ၇ ယောက်အဖမ်းခံရတယ် ကျနော်တော့ ပြန်ပြေးလွတ်လာပြီပေါ့နော်။ ၆ယောက် သေသွားတယ်ပေ့ါနော်။” လို့ ထွက်ပြေးလွတ်မြောက်လာသူက ရှင်းပြပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့လမ်းမှာ အမျိုးသားတစ်ဦးနဲ့ ကျန်တဲ့ အမျိုးသမီး၊ ကလေးငယ်တွေဟာ ၅ ရက်နေ့မနက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်သူတွေကိုတော့ စစ်ကောင်စီတပ်ရဲ့  ၂၄၉ တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူရဲ့ အမိန့်ပေးမှုကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ သိရှိရပါတယ်။

“ရွာသား ၇ ယောက်ကို ဖမ်းဆီးသွားတယ်။ တစ်ယောက်ကျတော့ နောက်ပြန်ကြိုးတုတ်ထားပြီး ထွက်ပြေးလွတ်မြောက်လာတယ်။ ကလေး ၃ ယောက်၊ မိန်းကလေး ၃ ယောက် အားလုံးကို ၂၄၉ ရဲ့ တပ်ရင်းမှူး အားလုံးကို ပစ်သတ်ခိုင်းတယ်။” လို့ ထွက်ပြေးလွတ်မြောက်လာသူနဲ့ နီးစပ်တဲ့ ရှားတောမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခြင်းကို ခံရတဲ့သူတွေဟာ ရှားတောမြို့နယ်အတွင်းမှာ နေထိုင်သူတွေဖြစ်ကြပြီး သားအမိဖြစ်သူ နှစ်တွဲနဲ့ မြေးအဖွားတစ်တွဲဖြစ်ကာ မိခင်ဗိုက်ထဲမှာ ရှိနေဆဲ ကလေးအပါအဝင် ၇ ဦး ဖြစ်ပါတယ်။

May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...