လက်နက်ကိုင်တပ်များ၏ ထိုးစစ်ကို တုံ့ပြန်ရာတွင် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုမြောက်နိုင်သည့် လုပ်ရပ်များရှိနေ

လက်နက်ကိုင်တပ်များ၏ ထိုးစစ်ကို တုံ့ပြန်ရာတွင် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုမြောက်နိုင်သည့် လုပ်ရပ်များရှိနေ

တိုင်းရင်းသား လက်နက်ကိုင်တပ်များကို လက်တုံ့ပြန် တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်သည် အရပ်သားများကိုပါ ထိခိုက်မှု ဖြစ်စေသည်အထိ ပရမ်းပတာ တိုက်ခိုက်မှုများ ရှိနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ အဖွဲ့ (AI) က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ရေးအရ အကြီးဆုံးစိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။

ယခုလအစောပိုင်းက ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု တစ်ခု၌ စစ်တပ်က ဆင့်ပွားပေါက်ကွဲနိုင်သည့် ပဒေသာဗုံးများ အသုံးပြုခဲ့ဖွယ်ရှိသည်ဟု AI က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ် အဖွဲ့ဝင် TNLA က ပြောကြားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်လည်း အရပ်သားများသည် လုယက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ လူမဆန်သည့် ဆက်ဆံနှိပ်စက်မှုများ ကြုံတွေ့နေရသည်ဟု AI အဖွဲ့က အရပ်သား ၁၀ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး ဖော်ပြထားသည်။

“မြန်မာစစ်တပ်သည် အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်တတ်ပြီး ဒုက္ခရောက်စေသည့် သွေးစွန်းသောသမိုင်းကြောင်း ရှိသလို လက်နက်ကိုင်တပ်များ၏ ယခုထိုးစစ်ကြီးအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်မှုသည်လည်း အဆိုပါ လမ်းဟောင်းအတိုင်း ထပ်မံ လုပ်လာခြင်းသာဖြစ်သည်” ဟု AI ၏ ပဋိပက္ခ တုံ့ပြန်ရေးအစီအစဉ် ညွှန်ကြားရေးမှူး မက်ဝဲလ်က ပြောကြားသည်။

AI အစီရင်ခံစာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် အဆက်အသွယ်မရခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်သည် စစ်ဆင်ရေးများအတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

AI က အစီရင်ခံစာ မထုတ်ပြန်မီ အစောပိုင်းကလည်း ညီနောက်မဟာမိတ် သုံးဖွဲ့က မြန်မာစစ်တပ်သည် မတရားဖမ်းဆီးခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ကာ အရပ်သားများအပေါ် အမြဲဆိုသလို ခြိမ်းခြောက်နှိပ်စက်လေ့ရှိသည်ဟု ထုတ်ပြန်ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သိန်းကျော်ရှိကာ အာဏာသိမ်းမှု နောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုလျှင် ၂ သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...