မွန်တွင် ထွေအုပ်အရာရှိ၊ လူမှုရေးသမားနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်

မွန်တွင် ထွေအုပ်အရာရှိ၊ လူမှုရေးသမားနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်
အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရသော သံဖြူဇရပ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းများ။
အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရသော သံဖြူဇရပ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းများ။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း ထွေအုပ်ဝန်ထမ်း၊ လူမှုကူညီရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင် ၂၀ ဦး ထက်မနည်းကို NUG၊ PDF တို့နှင့် ဆက်နွယ်မှုသည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒုဦးစီးမှူး ဦးအောင်ကိုကိုနှင့် ထန်ထမ်း ၂ ဦးတို့အား တော်လှန်ရေးအဖွဲ့များထံ သတင်းပေးပို့မှုနှင့် ဖမ်းဆီးခဲ့သည်။

သံဖြူဇရပ်မြို့နယ်ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “ထွေအုပ်ဒုဦးစီးမှူးကို ဝန်ထမ်းတွေရဲ့အတွင်းရေးတွေ PDF ကို သတင်းပေးတယ်ဆိုပြီးတိုင်တန်းလို့ နေအိမ်မှာသွားဖမ်းပြီးတော့ အကြမ်းဖက်ပုဒ်မ ၅၂ (က)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်” ဟု ပြောသည်။

ယင်းအပြင် သံဖြူဇရပ်မြို့ခံ ဆောက်လုပ်ရေး၊ ရွှေဆိုင်၊ စားသောက်ဆိုင် စသည့်လုပ်ငန်းရှင် ၂၀ ဦးကို NUG၊ PDF ထံ ငွေကြေးထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်ထားသည်။

ဒီဇင်ဘာလ ၁၆ ရက်ကလည်း သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်း ဥက္ကဌ ဒေါ်ချောစုစုထွေးကို PDF တစ်ဦး၏ လူမှုစာမျက်နှာပိုစ့်အောက်၌ မှတ်ချက်ပေးရေးသားသည်ဆိုပြီး ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“မိသားစုနဲ့တွေ့ခွင့်မရဘူး။ အကြမ်းဖက်ပုဒ်မနဲ့ အရေးယူခံရတာကို ရဲစခန်းကိုအသိကနေတစ်ဆင့် မေးမှပဲ သိရတာ။ အထဲမှာဘယ်လိုစစ်ဆေးနေလဲ မသိရတော့ အရမ်းကိုစိတ်ပူမိတယ်။ သူက လူမှုကူညီရေးပဲလုပ်တာပါ” ဟု ဒေါ်ချောစုစုထွေး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် PDF သတင်းကို ပြန်လည်မျှဝေမှုကြောင့် မော်လမြိုင်မြို့ခံ ကိုဇွဲအာကာ ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က သံဖြူဇရပ်မြို့နယ် PDF တပ်ဖွဲ့ဝင် ဦးမြသန်းအား ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းဆီးရမိပြီးနောက် ဆက်စပ်သူများကို ‘ပိုက်စိတ်တိုက်’ ရှာဖွေနေခြင်းဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ကို လူမှုစာမျက်နှာမှတဆင့် ထောက်ခံသည့်ပို့စ်ရေးသားခြင်း၊ ငွေကြေးထောက်ပံ့သူများအပေါ် ရှာဖွေဖမ်းဆီးရန် ပြည်နယ်စစ်ကောင်စီက အထူးစုံစမ်းဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလကလည်း NUG၊ PDF စွပ်စွဲချက်ဖြင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အရေးယူထားသည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...