ကော့သောင်းမြို့မှာ စစ်တပ်အားပေးတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက်အသုံးပြုနေ

ကော့သောင်းမြို့မှာ စစ်တပ်အားပေးတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက်အသုံးပြုနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တနင်္သာရီတိုင်ဒေသကြီး၊ ကော့သောင်းမြို့ထဲမှာ စစ်ကောင်စီအဖွဲ့တွေနဲ့အတူ လုံခြုံရေးဆောင်ရွက်ဖို့ စစ်တပ်အားပေးသူတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက် အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာပထမအပတ်ကစပြီး စစ်မှုထမ်းဟောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေ၊ ပျူစောထီးတွေနဲ့စစ်တပ်ထောက်ခံသူတွေကို တစ်ရက်လျှင် ကျပ် ၃၀၀၀၀ ပေးပြီး လုံခြုံရေးစောင့်ဖို့ ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအတွက် နေ့စားပေးခေါ်ယူရာမှာ စစ်ကောင်စီဟာ ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး ၅ ယောက်ထက်မနည်း ငှားရမ်းထားပြီး လက်နက်ပေးကိုင်တာနဲ့ လက်ကိုင်တုတ်ပေးကိုင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ကော့သောင်းမြို့ကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် တပ်အင်အားမြို့တွင်းဝန်းကျင်မှာ ဖြန့်ကျက်ထားနိုင်ခြင်း မရှိတဲ့အတွက် အခုလိုစစ်တပ်ထောက်ခံသူတွေကို နေ့စားခပေး အသုံးပြုလာတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီဟာ ဌားရမ်းထားတဲ့သူတွေ၊ ရဲတွေနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသုံးပြုကာ ရွှေဇင်ယော်၊ အေးရိပ်ငြိမ်း၊ ရွှေပြည်သာ၊ ၃ မိုင်၊ ၁ မိုင်ရပ်ကွက်တွေမှာ ညတိုင်းနီးပါး ကင်းလှည့်နေသလို ဧည့်စာရင်းစစ်ဆေးတာတွေလည်း ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ကော့သောင်းမြို့ထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်နိုင်တဲ့ ငါးသုံးလုံးတောင်၊ ၇ မိုင်တောင်တန်းတွေဘက်မှာလည်း ကင်းပုန်းချထားတာတွေ ရှိနေသလို PDF တွေရှိနိုင်မယ့် နေရာတွေကိုလည်း လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီရဲ့ လုပ် ဆောင်ချက်ဟာ ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းချိန်မှာ အခွင့်အကောင်းယူပြီး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ်မနေကြဖို့ တိုက်တွန်းတာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးအတွက် အင်အား ၃၀၀ ကျော် အသုံး ပြုထားရတဲ့အတွက် နေ့စားတွေ ခေါ်ယူလာတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်၊ ဖောသုတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ သေနတ်တစ်လက် PDF တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

April 21, 2026
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံး...
April 20, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...