အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် နယ်စပ်ဒေသတစ်လျှောက်က စစ်ရှောင်စခန်းမှာကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် နယ်စပ်ဒေသတစ်လျှောက်က စစ်ရှောင်စခန်းမှာကျင်းပ

နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာလှုပ်ရှားမှုကို လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ မိုင်ဂျာယန် ပါကထောင် စစ်ရှောင်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  

ဒီလှုပ်ရှားမှုကို ကချင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Kachin Star Gender Group ကနေဦးဆောင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ မိုင်ဂျာယန် ပါကထောင်စစ်ရှောင်စခန်းမှာ လူဉီးရေ စုစုပေါင်း ၃၀၀ ဝန်းကျင်ပါဝင်ခဲ့ပြီး အမျိုးသမီး ၂၇၀ နဲ့အမျိုးသားကတော့ ၃၀ ဝန်းကျင်နဲ့ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

ကမ်ပိန်းလုပ်ခြင်းအားဖြင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေကို ပိုမိုသိမြင်လာပြီး အမျိုးသမီးနဲ့ကလေး တွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးမှာ အတူပူးပေါင်းလာ နိုင်မှာဖြစ်တယ်လို့ Kachin Star Gender Group ကတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

“ကျွန်တော်တို့ ဒီ ၁၆ ရက်တာကိုဘာကြောင့်လုပ်တဲ့ဆိုတာ သူတို့ပိုသိလာမယ်။ ပြီးတော့ ကျွန်တော်တို့ နေရာဒေသတွေမှာ အမျိုးသမီးတွေ ဘယ်လိုမျိုး အကြမ်းဖက်တာတွေ ခံနေရသလဲဆိုတာကို သိမြင်လာပြီး ကာကွယ်တဲ့အခါ အတူပါဝင်လာနိုင်မယ်။ ကိုယ်သိခဲ့တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ပြန်ပြောပြ ဝေမျှလာနိုင်မှာဖြစ်တယ်”လို့ပြောပါတယ်။

 ဒီနှစ် ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ဦးဆောင်ကျင်းပသူတွေက ရှင်းပြခဲ့တဲ့အပြင် အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရရှိနိုင် ရေးနဲ့အတူ အကြမ်းဖက်မှုတွေပပျောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ဒီနှစ်ရဲ့ သတင်းစကားအတိုင်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ ရင်းနှီးမြုပ်နှံလျက် အကုန်လိုက်လုပ်တဲ့ အခြေအနေထိရောက်အောင် သတင်းစကားရဲ့ အဓိပ္ပာယ်ကိုရှင်းပြတာတွေ လုပ်သွားမှာပါ”လို့ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပြီး တစ်ပြိုင်နက် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အထူးသဖြင့် အမျိုးသမီးတွေမှာ အလုပ်အကိုင်ရှားလာတာတွေ၊ ပညာရေးတွေအပြင် တရားဥပဒေစိုးမိုးတာတွေ မရှိတော့တဲ့အတွက် လုံခြုံရေးတွေမှာထိခိုက်တာတွေရှိနေတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်တဲ့အပြင် ကျား–မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆)ရက်တာလှုပ်ရှားမှုအစီအစဉ် စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့တူ အိမ်တွင်းအကြမ်းဖက်ခြင်းများဟာ ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသမီး ၆၅၇ ဦး‌ အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီး ၃,၆၇၃ ဦးကျော်ဟာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတယ်လို့ UK MYANMAR က ထုတ်ပြန်ထားပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...