လောင်းလုံးမှာ ဆိုင်ကယ်အစီး ၂၀ ကျော် စစ်တပ်မီးရှို့၊ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်

လောင်းလုံးမှာ ဆိုင်ကယ်အစီး ၂၀ ကျော် စစ်တပ်မီးရှို့၊ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်
ဓာတ်ပုံ-DMSC
ဓာတ်ပုံ-DMSC

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် သပြေရှောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့(ပအဖ)က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ သပြေရှောင်ကျေးရွာထဲကို ထားဝယ်မြစ်ရေလမ်းကြောင်းအတိုင်း နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သပြေရှောင်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးစစ် ဆေးတာတွေအပြင် ဆိုင်ကယ် ၂၁ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေချိန် နေအိမ်‌တွေနဲ့ ဈေးဆိုင်‌တွေကို ဖောက်ထွင်းဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ည ၈ နာရီအချိန်ခန့်မှာ ထားဝယ်မြစ်ဘေးမှာရှိတဲ့ သပြေရှောင်ကျေးရွာက ရေလုပ်သားတဲ ၁၈ လုံးကိုလည်း စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတဲတွေ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေနဲ့ ဈေး ဆိုင် နံရံတွေမှာ"PDF အားပေးရင် ဒီထက်ပိုဆိုးမယ်၊ ဆန္ဒထပ်ပြရင် ဒီထက်ပိုဆိုးမယ်''ဆိုတဲ့ ခြိမ်း ခြောက်စာတွေ ရေးသားသွားပါတယ်။

မီးရှို့ဖျက်ဆီးပြီးနာက် စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အဖွဲ့(ဒေသအခေါ်)ပျူစောထီးတွေ အား ကောင်းတဲ့ ကျောက်နီမော်ကျေးရွာဘက်ကို ည ၁၀ နာရီဝန်ကျင်းမှာ ပြန်လည်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာချိန် ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ ရွာထဲပြန်ဝင်လာကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ သပြေရှောင်ကျေးရွာကို ဝင်ရောက်လာပြီး ကျေးရွာကမ်းနားပိုင်းက ရေလုပ်သားတွေနေထိုင်တဲ့ တဲ ၂၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်စီးခဲ့သေးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...