ဓါးပြမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီး စစ်ဆေးနေ

ဓါးပြမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီး စစ်ဆေးနေ

ဖားကန့်မြို့နယ်တွင်း ဓါးပြတိုက်မှုမှာပါဝင်တယ်လို့ ယူဆရတဲ့သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေတယ်လို့ KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဓါးပြတိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရသူတွေထဲမှာ KPDF ဖားကန့်မြို့နယ် မှော်စီစာအပိုင်း တာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦးနဲ့ လက်ထောက်ဖြစ်သူ ဇွဲကိုတို့ ပါဝင်နေပြီး KIA အရာရှိတစ်ချို့လည်း ပါဝင်နေကြောင်း ဖားကန့် KPDF တာဝန်ခံတစ်ဦးက ပြောပါတယ်။

"လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ အပြင်မှာပြောနေကြသလို တစ်ခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး။ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်" လို့ ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူးဆေးဆိုင်နှင့် ငွေလွှဲငွေထုတ်လုပ်ကိုင်တဲ့ ဆိုင်ကို ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်အပါအဝင် တစ်ခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ ၉ တပ်ရင်း ၆ က စုံစမ်း ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မှာ စစ်ကောင်စီတပ် နောက်ကွယ်ကနေ ကြိုးကိုင်‌ပြီး လုပ်ဆောင်နေတဲ့ ပျူစောထီးအဖွဲ့ကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို KIA/KPDF တို့ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဓါးပြမှုတွေကိုလည်း KIA တပ်ရင်း ၆ က ဆက်ပြီး စုံစမ်းနေပြီး ပြစ်မှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်သွားမယ့်အပြင် ပြည်သူတွေကိုလည်း ဝန်ချတောင်းပန်သွားမှာ ဖြစ်တယ်လို့ KPDF ခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ ပြည်သူကို မျက်နှာမူပါတယ်၊ ပြည်သူကနေ ပေါက်ဖွားလာတာပါ၊ ခုလို ပြည်သူထိခိုက်တဲ့ကိစ္စ အမှုမှန် အဖြေမှန်ထွက်လာရင်လည်း ပွင့်လင်းစွာ ချပြမှာပါ၊ ကိုယ့်ဘက်က လူတွေ မှားယွင်းနေတာ သေချာတဲ့ အဖြေထွက်လာရင် အရေးယူမှာဖြစ်သလို ပြည်သူကိုဝန်ချတောင်းပန်မှာပါ" လို့ ပြောပါတယ်။

ဖားကန့်မှာ ဒီနှစ်အတွင်း လုံးခင်းကျေးရွာရှိ ဂျာနူးဆေးဆိုင်နဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းဆိုင်၊ မိုးရတနာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါး ဆုံးရှုံးမှုအပါအဝင် ရွှေဆိုင်ဓါးပြတိုက်ခံရမှု ၃ ခုနဲ့ တစ်ခြား ငွေကျပ်အမြောက်အများ ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခနဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...