ကသာမြို့လက်မလွတ်ရေး စစ်တပ်ကအစွမ်းကုန်ကြိုးစားနေ မေးမြန်းခန်း

ကသာမြို့လက်မလွတ်ရေး စစ်တပ်ကအစွမ်းကုန်ကြိုးစားနေ မေးမြန်းခန်း
ကသာမြိ့( Crd- Myanmar skylines)
ကသာမြိ့( Crd- Myanmar skylines)

ကောလင်းခရိုင် ကောလင်းမြို့ကို KIA-PDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက် အပြင်းအထန်ကြိုးစားနေတယ်လို့ သိရပါတယ်။

နယ်မြေအနေအထားအရ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကသာမြို့နယ်ဟာ စစ်ကိုင်းကနေ ကချင်ပြည်နယ်ဝင်နိုင်မယ့် တစ်ခုတည်းသော ရေကြောင်းဝင်ပေါက်ဖြစ်တဲ့အပြင် ကသာမြို့နယ်ဟာ ခရိုင်ရုံးစိုက်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ကသာခရိုင်ထဲမှာ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်ဆိုပြီး ဖွဲ့စည်းထားရာကနေ ၂၀၁၈ ခုနှစ်မှာတော့ ကောလင်းမြို့ကို ခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီး ကောလင်းခရိုင်ထဲမှာ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်အဖြစ် ခွဲပြီးဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိချိန်မှာ ကသာမြို့နယ်ကလွှဲပြီး ကျန်တဲ့မြို့နယ် ၆ မြို့နယ်စလုံးမှာ KIA-PDF ပူးပေါင်းတပ်တွေဘက်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့အတွက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

စစ်ရေးအရ အဓိက အချက်ချာကျတဲ့အတွက် လက်လွတ်လို့ မဖြစ်တဲ့နေရာမို့ နိုဝင်ဘာလဆန်းပိုင်းကနေ စပြီး အင်အားဖြည့်နေတဲ့အပြင် ကောလင်းမြို့ သိမ်းပိုက်ခံလိုက်ရတဲ့နောက် မြို့တွင်းမှာရှိနေတဲ့ နေရာ ၃ နေရာမှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး ပြင်ဆင်နေတဲ့အကြောင်း ကသာမြို့ ခံ၊ နိုင်ငံရေးလေ့လာသူတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

မေး– လက်ရှိ ကသာမြို့အခြေနေကို အရင်ဆုံးပြောပေးပါ။

ဖြေ – ကောလင်းသိမ်းခံလိုက်ရတဲ့နောက် သိသိသာသာ မြို့ပတ်လည်မှာ ယာယီစခန်းတွေထိုင်လာတယ်။ မြို့တွင်း ကင်းပုန်းဝပ်တာတွေများလာတယ်။ မြို့ပေါ် ရပ်ကွက် ၅ ဇေယျာကျောင်းတောင် ပေါ်ကျောင်းကုန်းပေါ်မှာလည်း လက်နက်ကြီးတွေထောင်ထားတယ်။ ပြီးတော့ ကသာ ခမရ ၃၀၉ တပ်ကလည်း ညတိုင်းလက်နက်ကြီးပစ်တယ်။ ကသာနဲ့အင်းတော်ကြား ကျောက်ဖြူတောင်ပေါ်ကနေ လက်နက်ကြီးပစ်တယ်။ ကသာမြို့ပေါ်က မီတာ ၄၀၀ အားကစားကွင်းမှာ လက်နက်ကြီးထိုင်တယ်။ နောက်ပြီးတော့မှ ဗိုလ်ချုပ်အာဇာနည်ကျောက်တိုင်ကွင်းမှာ လက်နက်ကြီးထိုင်ထားတယ်။ အရှေ့အနောက် တောင်မြောက် နေ့နေ့ညည ပစ်နေတာဘဲ ပြီးတော့ မန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ လေးထပ်ကျောင်းမှာလည်း အင်အားတစ်ချို့ရှိတယ်။

မေး– လက်ရှိ ကသာထဲမှာ စစ်အင်အားဘယ်လောက်လောက်ရှိနိုင်သလဲ။

ဖြေ– အစကတော့ ကသာမှာရှိတဲ့စစ်အင်အားတွေ ကောလင်းတိုက်ပွဲဘက်ကို ပို့တာရှိတယ် ကောလင်းကျသွားတော့ အဲဘက်ပို့ထားတဲ့သူတွေရော ပြန်ခေါ်ထားတယ်။ ပြီးတော့ ကောလင်းသိမ်းပြီးနောက်ရက်မှာဘဲ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ အင်အား ၃ ကြိမ်လာချသွားတာရှိတယ်။ အခု ကသာမှာ ကသာမြို့ ခမရ ၃၀၉ အထိုင်တပ်အပြင် နောက်ထပ် တပ်မ ၇၇ လက်အောက်တပ်တွေရော စုစုပေါင်း အင်အား ၅၀၀ အထက်ရှိနိုင်တယ်။

မေး– စစ်တပ်က ဘာလို့ ကသာကိုစစ်အင်အား ဒီလောက်ထိဖြည့်နေတာလဲ။ ကသာက စစ်ရေးအရ ဗျူဟာကျတဲ့နေရာတစ်ခုလား။

ဖြေ– ကသာက စစ်ကိုင်း– ကချင်အစပ် ကချင်ဘက် ရွှေကူ၊ဗန်းမော်ကို အစရှိသဖြင့် ကချင်ဘက်ကို ဝင်နိုင်ဖို့ အဓိကရေကြောင်းဝင်ပေါက်ဖြစ်တယ်။ စစ်တပ်က ကချင်ဘက်ကို ခုနောက်ပိုင်း စစ်အင်အားလက်နက်ရိက္ခာပို့တဲ့နေရာမှာ ရေကြောင်းကိုအများဆုံးအသုံးပြုလာ တာဖြစ်တယ်။အဲတော့ ကသာက စကစအတွက် အခြေချဖို့အရေးပါတဲ့နေရာဖြစ်တယ်။ ပြီးတော့ ကသာမှာသူတို့ခြေကုပ်ထားနိုင်ပြီဆိုရင် ကသာကနေတစ်ဆင့် ကောလင်း၊ ဝန်းသို၊ ထီးချိုင့်ဘက်တစ်ကြော ခြေဆန့်ပြီး စစ်အင်အားတွေဖြန့်ကျက်လို့ ရနိုင်တဲ့အနေထားဖြစ်နေတော့ တကယ်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။

မေး–  ကသာကို ကာကွယ်ရေးတပ်တွေဘက်က ဝင်သိမ်းနိုင်မယ့်အနေထားရှိလား။

ဖြေ– သိမ်းမယ်ဆိုရင် ဝင်သိမ်းနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ခရိုင်မြို့ရဲ့မောင်းသံလက်သံ တွေဖြစ်တဲ့ ကသာနီးကမြို့တစ်ခုထဲက ကောလင်း သိမ်းထားပြီလေ ခုထီးချိုင့်လည်း သိမ်းဖို့ ကြိုးစားနေတဲ့အနေအထား မှာရှိနေတယ် ပြီးရင် ဝန်းသိုပေါ့။အဲလို ကသာနီးနားကဟာတွေကို အကုန်သိမ်းနိုင်ပြီဆိုရင် သိမ်းဖို့လွယ်သွားပါလိမ့်မယ်။ နောက်တစ်ခုက အဲလိုအနီးနားကဟာတွေအကုန်သိမ်း လိုက်နိုင်ရင် ကသာထဲဝင်နေတဲ့ စကစအင်အားတွေက ထွက်ဖို့ခက်လိမ့်မယ်။ စကစအတွက် တစ်ဖက်ကကြည့်ရင် ကသာထိန်းထားနိုင်ရင် ခံစစ်အနေနဲ့ထိုင်ပြီး အင်အားထပ်ဖြန့်ကျက်နိုင်မယ့် အားသာချက်ရှိသလို တစ်ဖက်ပြန်ကြည့်မယ်ဆိုရင် ချောင်ပိတ်သွားမယ့် အားနည်းချက်တွေက ပိုများနေပါတယ်။

မေး– ခုလောလောဆယ် တိုက်ပွဲဖြစ်နေပြီလား။

ဖြေ– ခုဒီရက်ပိုင်း တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး ဒါပေမယ့် စစ်တပ်ဘက်က ကြိုတင်ကာကွယ်တဲ့အနေထားမို့လားမသိ လက်နက်ကြီးတွေနဲ့ညတိုင်းပစ်နေတော့ ပြည်သူတွေမှာ လက်နက်ကြီးရန်ကိုကြောက်နေကြရတယ်။ မနေ့ည (နိုဝင်ဘာလ ၁၃ ရက်)ကလည်း  သူတို့လက်နက်ကြီးပစ်တော့ မြေးအဖွား ၂ ယောက်လည်းသေပြီ။ ပြီးခဲ့တဲ့ ၁၀ လ လကုန်ပိုင်းမှာလည်း ကသာမှာက ညမထွက်ရအမိန့်လည်း ထုတ်ထားတယ်လေ။

မေး– KIA,PDF ဘက်ကနေ ကသာကိုသိမ်းလိုက်နိုင်ရင် စစ်ကိုင်းအထက်ပိုင်းကို လုံးဝသိမ်းလို့ရနိုင်မယ့်အခြေနေရှိနိုင်လား။

ဖြေ – ကသာကိုသိမ်းနိုင်ပြီဆိုရင်တော့ စစ်ကိုင်းအထက်ကတော့ လုံးဝရပြီလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် ကသာကိုသိမ်းလိုက်နိုင်ပြီဟေ့ဆိုတာနဲ့ စစ်တပ်အနေနဲ့ လေကြောင်းအကူညီမပါရင် စစ်ကိုင်း အထက်ကိုတက်လာမယ့် လမ်းမရှိတော့ ပါဘူး။အဲဒါကြောင့်လည်း သူတို့အပြင်းအထန်ကြိုးစားနေကြတာဖြစ်ပါတယ်။

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...