ဖားကန့်ရှိ ပြန်ပေးသမားများကို KIA ဖမ်း

ဖားကန့်ရှိ ပြန်ပေးသမားများကို KIA ဖမ်း

ကချင်ပြည်နယ် ဖားကန့်တွင် လှုပ်ရှားနေသော ဓါးပြ၊ ပြန်ပေးအဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ မှော်ရှန်ရပ်ကွက်တွင် လုပ်ငန်းရှင် ၆ ဦးအား ဖမ်းဆီး ပြန်ပေးဆွဲခဲ့သည့် အဖွဲ့ ခေါင်းဆောင် အာဝမ်ဆိုသူနှင့် အဖွဲ့သား ၂၀ ကျော်ကို နိုဝင်ဘာလ ၁၂ ရက်နေ့၌ ရှင်းရင်ဟော်တယ် KTV တွင် KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KIA နှင့် နီးစပ်သူဒေသခံ တစ်ဦးက ပြောသည်။

“၁၂ ရက်နေ့က လာဖမ်းသွားတာ။ ရှင်းရင်ဟော်တယ်မှာ အခန်း ၃၀၉ မှာ ဒီကောင်တွေ ငှားနေတာ။ ဓားပြ ခေါင်းဆောင်နဲ့အတူ အယောက် ၂၀ ကျော်ရှိတယ်တဲ့။ KTV မှာ ပျော်နေကြတာ။ ညမှာ သွားဖမ်းလိုက်တာ။ လုပ်စားနေတာ ကြာပြီးကော။ သတင်းတွေ အရမ်းထွက်လာလို့ ဖမ်းလိုက်တာ” ဟု ပြောသည်။

အာဝမ် ဦးဆောင်သည့် ဓါးပြ၊ ပြန်ပေးဆွဲအဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် KIA အဖွဲ့ အမည်ကို အလွှဲ သုံးစား လုပ်ကာ ငွေတောင်းခံသည့် စာများ ပေးပို့ခြင်း၊ ဖုန်းမက်ဆေ့များပို့ကာ ချိန်းဆိုသည့် နေရာသို့ ပြည်သူများအား လာရောက်စေပြီး ခြိမ်းခြောက် ငွေတောင်းခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့သည် ဖားကန့်မြို့ရှိ လုပ်ငန်းရှင် ၆ ဦးအားလည်း ဖမ်းဆီးပြီး သိန်းပေါင်း ၄ ထောင် ဖြင့် ပြန်လည်ရွေး ခိုင်းခဲ့သည့်အပြင် ရွှေဆိုင်များတွင်လည်း ဖုန်းမက်ဆေ့များပို့ကာ ခြိမ်းခြောက်ငွေတောင်းခြင်းများကို ဆက်တိုက် လုပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မှ ဒေသခံတစ်ဦးက “အဲ့ကောင်တွေက ဘာတွေလုပ်လဲဆို ဆိုင်မှာတွေ ဖုန်းဆက်ပြီးတော့မှ ခြိမ်းခြောက် စာပေးပြီးတော့မှ ငွေလိမ်တောင်းတဲ့။ သူတွေ အဲ့လိုမျိုးလုပ်တဲ့ ကောင်တွေ၊ နောက်ထပ်တစ်ခုက ခေါင်းစဉ်က KIA ရန်ပုံငွေရှာဖွေရေး အဖွဲ့ဆိုပြီးမှလေ ရွှေပန်းတိမ်ဆိုင်တွေ၊ ရွှေထည်ရောင်းဝယ်ရေး ဆိုင်မှာတွေ စာတွေ လိုက်ဖြန့်ပြီးမှ ငွေတွေ လိုက်ကောက်တာတွေလုပ်တာ။ အဲ့လိုမျိုး လုပ်စားလာတော့ တပ်ရင်း ၆ က လူတွေက သွား ဖမ်းတာပေါ့” ဟု ပြောသည်။

ဖားကန့်မြို့၊ လုံးခင်းရပ်ကွက်တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေပိုင်းအချိန်၌ နေအိမ်တစ်အိမ်တွင် ကျောက် အရောင်းအဝယ် လုပ်နေချိန် ဓားပြတိုက်ခံခဲ့ရပြီး ကျောက်စိမ်းများထည့်ထားသည့် သေတ္တာတစ်လုံး၊ ငွေကျပ် သိန်း ၂၅၀ နှင့် ဖုန်းများကို ယူသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အောက်တိုဘာလထဲတွင်လည်း ငွေထုတ်ငွေလွှဲလုပ်သည့် အိမ်နှင့် ဆေးဝါးအရောင်းဆိုင် ဓားပြ တိုက်ခံခဲ့ရပြီး ငွေကျပ် တစ်ထောင်ကျော် ပါသွားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်မြို့၌ ခိုးဆိုးလုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအပြင် လက်သည် မပေါ်သည့် လူသတ်မှုများ၊ ဓါးထိုးမှုများ မကြာခဏဖြစ်ပွားနေပြီး အရေးယူ ဆောင်ရွက်ပေးနိုင်မည့် ယန္တရားများ မရှိတော့ဘဲ လူထုမှာ အန္တရာယ်ကြား ခိုးကိုးရာမဲ့ နေထိုင်သွားလာနေကြရသည်ဟု ဖားကန့် ဒေသခံများက ပြော သည်။

May 27, 2026
တရုတ်၏ စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်၏ အဓိကရေတပ်စခန်းကို...
May 26, 2026
တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်...
ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...