ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေဆီကို ရိက္ခာရောက်ရှိဖို့ ရက်ပေါင်း ၂၀ကြာမြင့်

ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေဆီကို ရိက္ခာရောက်ရှိဖို့ ရက်ပေါင်း ၂၀ကြာမြင့်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ သွားရောက်စစ်ရှောင်နေကြတဲ့ စစ်ရှောင်တွေဆီကို ရိက္ခာတွေပေးပို့နိုင်ဖို့က ရက်ပေါင်း နှစ်ဆယ်ကြာမြင့်ပြီး ဒါဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အပြင် စစ်ကြောင်းတွေကို ရှောင်တိမ်းနေရတာကြောင့် ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့  Dove KK  အဖွဲ့မှ စီမံခန့်ခွဲသူ ကေတူး က ကန္တရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိကအကြောင်းက လမ်းခရီးမှာ စစ်ကြောင်းရှိနေလို့ နဲ့  နောက်တလမ်းက ကားသွားလို့ မရဘူး။  ဆိုင်ကယ်တွေတောင်မနည်းသွားလာရတယ်။ ဒါတောင် ကျနော်တို့အရောက်မပို့ခဲ့ဘူး ။  ရွာသား တွေကနေ တဝက်လမ်းလျှောက်ဆင်းလာပြီး ပလိုင်းတွေနဲ့လာသယ်သူကသယ် ဆိုင်ကယ်နဲ့ သယ်သူကသယ်ဗျ။  လမ်းခရီးက စစ်ကြောင်းနဲ့ပိတ်နေလို့ဗျ။ အဲ့ဒါ ရက် နှစ်ဆယ်တောင်မှ ကြာသွား တယ် ရိက္ခာပို့တာ။ အဲ့ဖက်ခြမ်းက ရိက္ခာတွေလမ်းကြောင်းပြတ်နေလို့ အရေးပေါ်အ ကူညီတောင်းလာလို့ပါ” လို့ ဖရူဆိုအနောက်ဘက်ခြမ်းကို ရိက္ခာပေးပို့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကေတူးက ပြောပါတယ်။

ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထပ်ဆင့် တိမ်းရှောင်ကြရပြီး၊ စားနပ်ရိက္ခာတွေပြတ်လပ်တာတွေနဲ့  ကြုံနေရတယ်လို့လည်း ဆိုထားပါတယ်။

တောတောင်ထဲမှာ စစ်ရှောင်နေကြရပြီး နေရပ်ကရိက္ခာတွေကို အသက်နဲ့ရင်းပြီး ပြန်သယ်ကြရတယ်လို့ ဖရူဆိုအနောက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ဒီလို ထပ်ဆင့်စစ်ရှောင်ရတဲ့အခါမျိုးမှာ သူတို့ဘားမှ စားစရာမရှိတဲ့အခါမျိုးမှာ သူတို့က အသက်နဲ့ရင်းပြီးတော့ တချို့ နည်းနည်းရဲတဲ့အဖွဲ့တွေဆို သူတို့ကခိုးပြန်ပြီး ရိက္ခာတွေပြန်သယ်ရတယ် အဲ့လိုမျိုးပေါ့‌နော်။ အဲ့တာ သုံး လေးရက် တပတ်စောင့်မှဘဲ သူတို့လည်း သယ်နိုင်တယ်။ ဘာလို့လဲဆိုလို့ရှိရင် သူတို့မှာလည်း လမ်းမပေါက်ဘူး။ ခြေလျင်နဲ့သွားရတယ်။ လူနဲ့ ထမ်းရတဲ့အခါမျိုးတွေမှာ သူတို့က မိသားစုတစုစာအတွက်လောက်ဘဲ သုံး လေးရက် ဖူလုံအောင်ဘဲ သူတို့အရင်စားနေရတယ်ပေါ့နော်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒီလိုခက်ခဲနေတဲ့ အခြေအနေတွေကြောင့် စစ်ရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ကူညီဆောင်ရွက်နိုင်ဖို့ ခက်ခဲကြန့်ကြာတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ( ၂ ) ဦးဗညားကတော့ စစ်ရှောင်တွေ ရေရှည်စားဝတ်နေရေးအတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်မဲ့နည်းလမ်းတွေကို လုပ်ဆောင်ဖို့လိုနေပြီလို့ ပြောပါတယ်။

“စစ်ရှောင်တွေဖြစ်စေ ရွာခံတွေဖြစ်စေ ကိုယ်လုပ်နိုင်သလောက် လုပ်ဖို့လည်း အားလည်းပေးတာပေါ့နော်။ နောက်ပြီးတော့   အဖွဲ့အစည်းတွေကလည်း စိုက်ပျိုးနိုင်အောင် တတ်နိုင်သလောက် ကူညီပေးတာတွေရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ ရှိတဲ့ရိက္ခာတွေ ပြန်သယ်ရမှာပဲ ။ သေချာတာတခုကတော့ အန္တရာယ်အရမ်းရှိရင်တော့ ဘယ်သူမှ မပြန်ဘူးလေနော်။ ပြန်နိုင်တဲ့အချိန်မှာ ပြန်ကြတယ်။” လို့ ဦးဗညားက ဆိုပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်‌ကောင်စီကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖရူဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေတွေ တိုးလာပြီး  ယခုအခါစစ်ရှောင်ဦးရေ တသောင်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...