မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသအနီး ၂ ရက်ဆက်တိုက် စစ်တပ်လက်နက်ကြီးပစ်ခတ်နေ

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသအနီး ၂ ရက်ဆက်တိုက် စစ်တပ်လက်နက်ကြီးပစ်ခတ်နေ
ဓာတ်ပုံ-NMSP
ဓာတ်ပုံ-NMSP

မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ အနီးပတ် ဝန်းကျင်ကကျေးရွာတွေကို ၂ ရက်ဆက်တိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ မွန်ပြည်သစ်ပါတီ ဝယ်ပေါင်ကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး ၅ လုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဝယ်ပေါင်၊ကျုံလောင်း၊ ကိုင်းတော၊ ဘော်ဒိုးနဲ့ နတ်တောင်ကျေးရွာအနီးပတ်ဝန်းကျင်တွေနဲ့ ရော်ဘာခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အဦးတွေ ပျက်စီးတာ မရှိပေမယ့် ဒေသခံပြည်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲသံဟာ ပြင်းထန်ကျယ်လောင်မှုရှိနေသလို အနည်းဆုံးလက်နက်ကြီး ၁၂၀ မမ ဒါမှမဟုတ် ဟောင်ဝင်ဇာတွေ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေနဲ့ ရော်ဘာခြံတွေထဲ မသွားရဲမလာရဲကြသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။

မွန်ဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆင်ခြင်ပြီးထိန်းသိမ်းပေးဖို့ မွန်ပြည်သစ်ပါတီက NCA ၈ နှစ်ပြည့် အခမ်းအနားပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာ ၁၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တောင်းဆိုထားပါတယ်။

မွန်ပြည်သစ်ပါတီ တောင်းဆိုမှုအပေါ် စစ်ခေါင်းဆောင်က အလျင်အမြန် စုံစမ်းစိစစ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူကို ညွှန်ကြားထားတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ မွန်ပြည်သစ်ပါတီသတင်းစဉ်မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်က ပြောကြားထားပါတယ်။

မွန်ဒေသအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်လာတဲ့အပေါ် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်အပါအဝင် တာဝန်ရှိသူ ၃ ဦးကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၃ ခွဲကာ စစ်ရေးဝင်ရောက် လှုပ်ရှားနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...