ဖာပွန်ဒေသတွင် ပြည်သူများ၏ ဆန်ရိက္ခာများကို စစ်ကောင်စီတပ် အတင်းအဓမ္မ သိမ်းယူမှုရှိလာ

ဖာပွန်ဒေသတွင် ပြည်သူများ၏ ဆန်ရိက္ခာများကို စစ်ကောင်စီတပ် အတင်းအဓမ္မ သိမ်းယူမှုရှိလာ

ကရင်ပြည်နယ်အတွင်းက ဖာပွန်မြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ယခု အောက်တိုဘာလမှစတင်၍ ဒေသခံပြည်သူများ၏ အခြေခံ ဆန်ရိက္ခာများကို ငွေကြေးမပေးဘဲ အတင်းအဓမ္မသိမ်းယူမှုများ ပြုလုပ်လာ ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ဘက်က စစ်ကောင်စီ၏ ရိက္ခာ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်၏ တပ်စခန်းရှိ တပ်မိသားစုဝင်များ အနေဖြင့်လည်း ရိက္ခာပြတ်လပ်မှုများ ရှိလာသည့်အတွက် ပြည်သူများ၏ ဆန်ရိက္ခာများကို သိမ်းယူနေခြင်း ဖြစ်သည်။

ကျေးရွာများအတွင်းမှ တောင်သူလယ်သမားနှင့် ဒေသခံ ပြည်သူများ၏ ဆန်၊ ဆီ၊ ဆားစသည့် အခြေခံ စားသောက်ကုန်များကို ငွေကြေးမပေးပဲ အတင်းအဓမ္မယူဆောင်ခြင်းများ ပြုလုပ်နေသည်ဟု ဖာပွန်မြို့ ခံတစ်ဦးက ပြောသည်။

၎င်းက “အခုလအစမှာ သူတို့ဖာပွန်မြို့ထဲကရော၊ ကျေးရွာတွေထဲမှာရော ပိုက်ဆံမပေးပဲဆန်တွေဆီတွေ ယူသွား တယ်။ အသိသူငယ်ချင်း အိမ်မှာဆိုရင် သူတို့လင်မယားစားဖို့တောင် တစ်နေ့တစ်နေ့မနည်းရှာနေရတာ။ စုထား တဲ့ဟာတွေ သိမ်းသွားလိုက်တယ်။ သူတို့ရဲ့မိသားစုတွေအတွက် ဖြစ်မှာပေါ့။ ရိက္ခာကားတွေလည်း မရောက်တော့ သူတို့ရိက္ခာပြတ် နေပြီးလေ။ သူတို့ဘာပဲဖြစ်ဖြစ်လေ ကျမတို့ဆီကနေတော့ ဆန်တွေယူစရာမလိုဘူးလေ။ ကိုယ့် ဘာကိုယ်တောင် မနည်းရှာ စားနေရတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ဖာပွန်မြို့တွင်း စစ်ကောင်စီတပ်စခန်းရှိ တပ်မိသားစုဝင်များအနေဖြင့် ပြီးခဲ့သည့်လပိုင်းက ဆန်ရိက္ခာများကို နီး စပ်ရာ ကျေးရွာများထဲနှင့် တောင်သူလယ်သမားများထံမှ ငွေကြေးပေး၍ ဝယ်ယူခဲ့သော်လည်း လက်ရှိတွင် ဒေသခံ ပြည်သူများ၏ ရိက္ခာများကို အတင်းအဓမ္မယူဆောင်မှုများ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်က ဒေသခံများ၏ ဆန်ရိက္ခာများကို အဓမ္မယူဆောင်မှုများကြောင့် အခြေခံ လက်လုပ်လက်စားသမားများအတွက်ပါ ထိခိုက်နစ်နာစေကြောင်း  ဒေသအတွင်း နေ့စားအငှား လုပ်ကိုင်သူ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“ကျနော်တို့ ရွာဘက်မှာဆန်တွေလည်း မရှိဘူး။ အခုကဘယ်လမ်းကြောင်းမှလည်း သွားလို့အဆင်မပြေဘူး။ တစ်ရက် မိသားစုစားဖို့အတွက်ပဲ ရုန်းနေရတယ်။ ပန်းရံလုပ်တာဆိုတော့ တစ်ရက် ၁ သောင်းလောက်ရရင် စားဖို့ဝယ်လိုက်ရင် ကုန်ပြီး။ ရွာထဲမှာဆန်တွေလိုက်သိမ်းနေတာတော့ ကြားတယ်။ ကျနော်တို့ဘက်တော့ မရောက်လာသေးဘူး။ တကယ်လို့ ဒီဘက်ရောက်ရင်လည်း ကျနော်တို့ပေးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခုဖြစ်မှာ ကြောက်တယ်လေ” ဟု ကေအိုင်စီ သို့ ပြောသည်။

ဖာပွန်မြို့တွင် သွားလာရေးအတွက် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ အစည်းများ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ထိရောက်စွာ မရရှိသည့် အခက်အခဲနှင့်ပါ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံစားသောက်ကုန်များကို အတင်း အဓမ္မယူဆောင်မှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုများရှိလာပြီး ရိက္ခာ ပြတ်လပ်မှုများကို ပို၍ကြုံတွေ့လာနိုင်ရမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...