ကလေးမြို့တွင် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခြင်းကြောင့် ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လူငယ်လေးဦး ဘော်လုံးကန်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် တာဟန်းရပ်ကွက် လက်ပံချောင်းလမ်းခွဲတွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်။

“သူတို့က ဘော်လုံးကန်ဖို့ ဆိုင်ကယ်နဲ့ သွားနေတာပေါ့ တာဟန်း AG ဘုရားကျောင်းနားမှာ စစ်သားတွေက စစ် ဆေးရေးလုပ်‌နေတာကိုတွေ့တော့ ကလေးတွေက ပြန်လှည့်ထွက်ခဲ့တယ်။ အဲမှာ စစ်သားတွေက လှမ်းပစ်တာ နောက်ဆုံးမှာ ထိုင်တဲ့သူကို မှန်ပြီးတော့ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသူမှာ ချင်းတိုင်းရင်းသား Tg. Lian Mun Sing ဖြစ်ပြီး နောက်ကြောတွင် သေနတ်ထိမှန်ကာ ပွဲချင်းသေဆုံးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ လမ်းဆုံလမ်းခွများတွင် နေရာယူကာ အသွားအလာစစ်ဆေးခြင်း ငွေ ကြေးများ ကောက်ခံခြင်းများအား ပြုလုပ်ကာ ယခုရက်ပိုင်းတွင် တာဟန်း AG ဘုရားကျောင်းဘေး၊ လက်ပံ ချောင်းလမ်းခွဲတွင် နေရာယူကာ အသွားအလာ စစ်ဆေးရေး တင်းကြပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ‌အထူးသဖြင့် ဆိုင်ကယ်များအား စစ်ဆေးကာ မသင်ကာသည့်လူများအား ဖမ်းဆီးမှု များ ပြုလုပ်ပြီး ငွေကြေးများဖြင့် ပြန်လည် ရွေးခိုင်းကြောင်းလည်း ဆိုသည်။

“သူတို့ကတော့ သူတို့ သံသယဝင်တဲ့လူတွေကို လိုက်ဆွဲ ဖမ်းတယ်၊ အပစ်မဲ့ပြည်သူတွေကို ဖမ်းတယ်၊ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်ပေါ့။ သူတို့အတွက် ဝင်ငွေက ဒီတစ်လမ်းပဲရှိတာဆိုတော့လေ။ စစ်ဆေးလို့ အပြစ်မရှိတာ တောင်မှ ပိုက်ဆံတောင်းတယ်၊ ငွေညှစ်တာပေါ့ဗျာ” ဟု ကလေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလတ်တလော ကလေးမြို့ပေါ်တွင် နေ့စဉ်နဲ့အမျှ ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ကြုံတွေ့နေရပြီး ရှောင်တခင် စစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား ရိုက်နှက်ခြင်း၊ နှိပ်စက်ခြိမ်းခြောက်ခြင်းအပြင် အကြောင်းမရှိ အကြောင်းရှာကာ ဖမ်းဆီးမှုများကြုံ‌တွေ့နေကြရကြောင်း ကလေးမြို့ ဒေသခံများက ပြောသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...