ထန်တလန်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ စစ်သား ၁၃ ဦး ဒဏ်ရာများနှင့် ဆေးရုံရောက်နေ

ထန်တလန်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ စစ်သား ၁၃ ဦး ဒဏ်ရာများနှင့် ဆေးရုံရောက်နေ
 Photo- Tial Hram Ling
Photo- Tial Hram Ling

ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်က သေဆုံးမှုကို မသိသေးသော်လည်း ၁၃ ဦးမှာ ထိခိုက်ဒဏ် ရာများဖြင့် ဟားခါးဆေးရုံရောက်နေသည်ဟု CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ငါတို့ဖက်ကတော့ ထန်တလန်က တိုက်ပွဲမှာ ၁ ဦးကျဆုံးသွားတယ်။ ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိ ထားတယ်။ စစ်ကောင်စီဘက်ကတော့ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီးတော့မှ ဟားခါးဆေးရုံရောက်နေတယ်။ သူတို့ဘက်က အသေအပျောက်ကိုက အခု မသိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့တွင်းတိုက်ပွဲထဲ ချင်းအမျိုးသားတပ်မတော် (CNF/CNA) မှ တတ်ကြပ်ကြီး ဆလိုင်းလိန်းဟုန် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် CNF/ CNA နှင့် CDF ထန်တလန်တို့ တပ်စွဲစိုးမိုး ထား သည့် နေရာများကို စက်တင်ဘာလ ၂၀ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်လာရာ ထိတွေ့တိုက်ပွဲမှာ တစ်ပတ် ကျော်ကြာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု The Chin Journal က ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံ များကို ကိုးကားပြီး ဖော်ပြထားသည်။

ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး ထန်တလန် မြို့ တိုက်ပွဲနေရာသို့ စစ်အင်အားများလည်း ဖြည့်တင်းနေသည်ဟု ဆိုသည်။

ထန်တလန်မြို့တွင်းရှိ တပ်ကုန်းအပါအဝင် ၎င်းအနီးက စခန်း (၅) ခုအပြင် တခြားမြို့တွင်းက စစ်စခန်းငယ် (၂) ခုနှင့် ဟားခါး- ထန်တလကြားရှိ Auto Tower တောင်တို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့  (၄) ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီက ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ချင်းပူးပေါင်းတပ်က ၁၅ ဦး ကျဆုံးခဲ့ရပြီး  လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု CDF ထန်တလန်က ထုတ်ပြန်ထားသည်။

Photo- Tial Hram Ling

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...