နေအိမ်အတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကြောင့် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး

နေအိမ်အတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကြောင့် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးဟာ နေအိမ်ခြံဝန်းအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ အသက် ၅၀ နှစ် ဝန်းကျင် အရွယ်ရှိပြီး မြေမြုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်လုံး ပြတ်ထွက်သွားပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူက မိုင်းနင်းမိတော့ ခြေထောက် ၂ ဖက်စလုံးပြတ်သွားတာပေါ့နော်။ ဒူးထိ ဒူးအောက်ပိုင်းနှစ်ဖက်စလုံးပေါ့ လုံး ၀ ကြေမွသွားတယ်။ အစအနတွေ အလောက်ပဲကျန်တော့တယ် အဲ့လိုမျိုးပါ့နော်” လို့ ဖရူဆိုမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ စစ်ဘေးရှောင်ရင်း ရိက္ခာယူဖို့အတွက် နေရပ်ပြန်ချိန်မှာ စက်တင်ဘာလ ၂၄ ရက်နေ့က မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းနင်းမိပြီးနောက် ဆေးရုံသွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ် တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ချက်ချင်းတော့ အသက်မထွက်ဘူး။ ဆေးရုံသွားဖို့ လုပ်နေသေးပေမဲ့လည်း ဆေးရုံကဝေးတော့ နည်းနည်းပဲ သွားရသေးတယ်ပေါ့နော။ အသက်က ထွက်သွားတော့ ပြန်လှည့်လာရတဲ့ အနေထားမျိူးဖြစ်သွားတာပေါ့” လို့ သေဆုံးသူအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားခဲ့တဲ့ လောကျေခူကျေးရွာမှာ စစ်ကောင်စီမှ စက်တင်ဘာလ ၁၀ ရက်နေ့က စပြီး  တစ်ပတ်ကြာ အခြေချ တပ်စွဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး  စစ်ကောင်စီတပ် တွေ ၀င်ရောက်တပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နေရာအနှံ့ မိုင်းထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ် မပြန်ကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းထားပါတယ်။

May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 29, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာနှစ်ခုမှာ အခုနှစ် ၂၀၂၆-၂၀၂၇...
May 28, 2026
ကရင်နီပြည်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ အမှတ် ၆ ကနေ “...