အာဆာဖမ်းဆီးသွားသည့် မောင်တောမှ မွတ်ဆလင်စီးပွားရေးသမား ၂ ဦးအနက် ၁ ဦးကို ပြန်လွှတ်ပေး

အာဆာဖမ်းဆီးသွားသည့် မောင်တောမှ မွတ်ဆလင်စီးပွားရေးသမား ၂ ဦးအနက် ၁ ဦးကို ပြန်လွှတ်ပေး
ARSA က မီးရှို့ခဲ့သည့် ဦးလှဝင်း၏ကားအား တွေ့ရစဉ်။ Photo - လူမှုကွန်ရက်
ARSA က မီးရှို့ခဲ့သည့် ဦးလှဝင်း၏ကားအား တွေ့ရစဉ်။ Photo - လူမှုကွန်ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ဩဂုတ်လက အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ က ကားကို မီးရှို့ပြီး ဖမ်းဆီးသွားသည့် မွတ်ဆလင် စီးပွားရေးသမား နှစ်ဦးအနက် ၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်တစ်ဦး မှာ ပျောက်ဆုံးနေကာ လက်ရှိ အချိန်ထိ အဆက်အသွယ်မရသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

လွတ်မြောက်လာသူမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ဦးအာရာ ဖတ် ဆိုသူဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် သြဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်းကျေးရွာသို့ အိမ်စီးကားတစ်စီးဖြင့်သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းပြီး သူတို့စီးလာသည့်ကားကိုလည်း ARSA အဖွဲ့က မီးရှို့သွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးလှဝင်းသည် ငါးပုစွန်လုပ်ကိုင်သူဖြစ်ပြီး ဦးအာရာဖတ်မှာ ဦးလှဝင်းနှင့်အတူ အလုပ်လုပ်နေ သူ ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ဦးအာရာဖတ်သည် ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့် အကြာတွင် လွှတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောသည်။

“သူ့ကိုလွှတ်တာကတော့ ဖမ်းဆီးပြီးတော့ တစ်ပတ်လောက်အကြာမှာ လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဒီမှာ ရွာကို လာမယ်ဆိုရင် ဌာနပေါင်းစုံက စစ်ဆေးမယ်။ အဲဒါ သူက ကြောက်ပြီးတော့ သွားတာဖြစ်မယ်။ ဘယ်မှာလွှတ်ပေး လိုက်တယ်ဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ ဒါပေမဲ့ သူက ဒုက္ခသည်စခန်းကိုရောက်နေပြီဆိုတာကို ကျနော်တို့ အတိအကျသိတာပါ” ဟု ပြောသည်။

၎င်း၏ လုံခြုံရေးအခြေအနေကြောင့် ဦးအာရာဖတ် လက်ရှိခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း၏ အမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ။

လက်ရှိတွင် ဦးဆာလာမန်ခန်း (ခေါ်) ဦးလှဝင်းကို ARSA က အဖွဲ့က ပြန်လွှတ်ပေးခြင်းမရှိသေးသလို ၎င်းနှင့် အဆက်အသွယ်လည်း ယနေ့အချိန်ထိ မရရှိကြသည့်အတွက် အသက်အန္တရာယ်ကို မိသားစုများ အလွန်တရာ စိုးရိမ်နေကြသည်ဟု ဆိုသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...