သိက္ခာခြုံ၍ လိပ်ပြာလုံကြသူများ

သိက္ခာခြုံ၍ လိပ်ပြာလုံကြသူများ

လာဇရု — “ဗုံးဆန် ကျည်ဆန်ကြားမှာ အသက်စွန့်ပြီး သွားရတယ်။ လူငယ်တွေလို သွက်လက်တက်ကြွတဲ့ အရွယ် မဟုတ် တော့ ဘုရားကို တိုင်တည်ရင်းနဲ့ပဲ ကြောက်ကြောက် လန့်လန့်သွားရတယ်။”

သူတို့အဖွဲ့ရဲ့ လုပ်ငန်းတွေ လုပ်ရာမှာ အန္တရာယ်တွေ ရင်ဆိုင်ရနိုင်တဲ့ အကြောင်းကို အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ယောက်က ပြောပြပါတယ်။ သူကတော့ Association of the teachers and friends ဆရာ/မများနဲ့ မိတ်ဆွေများအဖွဲ့က အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် လူမှုအကျိုးပြုအဖွဲ့အစည်းတွေ အတော်အသင့်များလာတာ တွေ့ရပါတယ်။ အဲ့ဒီထဲကမှ ဆရာ/မများနှင့် မိတ်ဆွေများအဖွဲ့ (Association of the teachers and the friends) အဖွဲ့အစည်းလည်း တစ်ဖွဲ့ အပါအဝင် ဖြစ်ပါတယ်။

ဒီအဖွဲ့လေးကတော့ သူတို့အခေါ် အငယ်ဆုံးသောသူများ လို့ခေါ်တဲ့ စစ်ရှောင်တွေကို တတ်နိုင်သလောက် ကူညီ တဲ့ အမျိုးသမီးအများစုနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့လေး ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ နွမ်းပါးသူတွေကို ကူညီထောက်ပံ့ခြင်းနဲ့ တစ်ဖက်တစ်လမ်းက အသင်းတော် အကျိုး ဆောင်ခြင်း လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်တဲ့ အသင်းအဖွဲ့လည်း ဖြစ်ပါတယ်။

အဖွဲ့အစည်းအနေနဲ့ အဓိက ရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အချက်ကလည်း ပညာရေးအကျိုးပြုလုပ်ငန်း ဖြစ်ပါ တယ်။

အခုလက်ရှိလူငယ်တွေမှာ ပညာရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ လူငယ်တွေအတွက် ကောင်းမွန်ချောမွေ့တဲ့ ပညာရေးလမ်းကြောင်း ဖော်ဆောင်ပေးဖို့ လိုအပ်နေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖွဲ့စည်း လိုက်တာလို့ ဆိုပါတယ်။

“ပညာရေးဆိုတာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အဓိက သော့ချက် တစ်ခုပဲလေ။ လူငယ်တွေဟာ ကောင်းတဲ့ပညာရေး ပတ်ဝန်းမှာ သင်ကြားခံခဲ့ရမှပဲ ကောင်းတဲ့လူမှု့ အဖွဲ့အစည်း ဖြစ်လာမှာပါ။အဲ့ဒီရည်ရွယ်ချက်အောင်မြင်ဖို့ အဓိက ထားကြိုးစားခဲ့ကြသလို ကြိုးစားနေဆဲပါ” လို့ အဖွဲ့ဝင် CDM ဆရာမတစ်ဦးက ပြောပါတယ်။

ထိုအဖွဲ့၏ အဓိက ထူးခြားချက်မှာ အဖွဲ့ဝင်များအားလုံးက ပင်စင်ယူပြီးသော သက်ကြီး အမျိုးသမီးတွေ၊ သက်လတ်ပိုင်း အမျိုးသမီးဝန်ထမ်းတွေ၊ အိမ်ရှင်မတွေ၊ လုပ်ငန်းရှင် အမျိုးသမီးတွေ အများစုနဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။ အမျိုးသား အဖွဲ့ဝင်တွေလည်း အနည်းငယ် ပါဝင်တယ်လို့ ဆိုပါတယ်။

“အဖွဲ့ဝင်ဖြစ်ဖို့အတွက် လူမျိုးဘာသာ ကန့်သတ်ခွဲခြားထားတာ မရှိပါဘူး။ ကျန်းမာသည်ဖြစ်စေ မကျန်းမာ သည် ဖြစ်စေ၊ ဆင်းရဲသည်ဖြစ် ချမ်းသာသည်ဖြစ်စေ၊ အသင်းဝင်အဖြစ် လက်ခံပြီး မိမိတတ်နိုင်သည့် နှမ်းတစ် စေ့ ဖွဲတစ်ဆုပ်စသဖြင့် ပါဝင်လုပ်ဆောင်နေကြပါတယ်” လို့ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ထိုအဖွဲ့အစည်း မဖွဲ့ မီ လွိုင်ကော်တိုက်နယ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ပီတာပီအီ က ရိုမန်ကက် သလစ် ဆရာ/မများ (Association of the teachers) အဖွဲ့ဆိုပြီး ၁၉၈၅ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပထမဦးဆုံး စတင်ပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက လွိုင်ကော်သာသနာထဲမှာ အဖွဲ့အစည်းအများကြီးရှိပေမယ့် ဘယ်အသင်းအဖွဲ့ထဲမှာမှ မပါတဲ့ သူတွေ ပါဝင်လာစေဖို့ (အထူးသဖြင့် အခြားဝန်ထမ်းတွေ၊ အိမ်ရှင်မတွေ၊ လူပျိုလူလွတ်တွေ) ရည်ရွယ်ပြီးတော့ ကရုဏာရေး သီလရှင်ဂိုဏ်းက စစ္စတာရ် မာဒလေးနာ ဦးဆောင်ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ မိတ် ဆွေများအဖွဲ့ (association of the friends) ကို ဖွဲ့စည်းခဲ့ပါတယ်။

ထိုအသင်းအဖွဲ့နှစ်ခုဟာ လုပ်ငန်းစဥ် အသီးသီးကို လုပ်ဆောင်ရင်း လုပ်ငန်း သဘောတရား တူနေတဲ့အတွက် အဖွဲ့နှစ်ခုကို တစ်ဖွဲ့တည်း ပူးပေါင်းဖို့ စစ္စတာရ် လူစီးဝင်းက အကြုံပြုတဲ့အတွက် ၂၀၀၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ မှာ ဆရာ/မများနှင့် မိတ်ဆွေများအဖွဲ့ (association of the teachers and the friends) ဆိုပြီး ပူပေါင်း ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

အဲ့အချိန်ကစပြီး အရင်က လုပ်ဆောင်ခဲ့တဲ့ လူမှု့အကျိုးပြုလုပ်ငန်း ကရုဏာရေးလုပ်ငန်းတွေကို ဒီနေ့ထိ ဆက် လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှစ၍ ဒီနေ့အချိန်ထိ အသင်းအဖွဲ့ နှစ်ခုလုံးရဲ့ သက်တမ်းဟာ ဆယ်စုနှစ် ၂ စု ကျော်ရှိခဲ့ပြီ လို့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

 အဖွဲ့အစည်း၏ Mission

ထိုအသင်းက လွိုင်ကော် ကက်သလစ် သာသနာတော်၏ စိတ်နှစ်လုံး တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင် နှုတ်ကပတ်တော်၌ ခွန်အားယူကာ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကို အခြေခံပြီး ဘာသာတရား၏ တန်ဖိုးကို လူ အများ သိစေရန် လုပ်ဆောင်းခြင်းအားဖြင့် ဖြစ်စေ လူမှု့ဖွံ့ဖြိုးရေး လုပ်ငန်းအားဖြင့် ဖြစ်စေ လူသားတိုင်းအပေါ် ကြွယ်ဝခြင်းကို ဆောင်ကျဥ်း ပေးနိုင်သော ဟောပြော ဝတ်ပြု သက်သေခံသော အသင်းတော်ဖြစ်ရမည် ဆိုတဲ့ mission အတိုင်း ချမှတ်ထားပါတယ်။

အဖွဲ့အစည်း၏ ရည်ရွယ်ချက်

“ကရုဏာ လုပ်ငန်းများအားဖြင့် ဖြစ်စေ၊ လူမှုစီးပွားအားဖြင့် ဖြစ်စေ၊ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းအား ဖြင့် ဖြစ်စေ လူသားများကို အကျိုးပြုသော အထူးသဖြင့် ဆင်းရဲသားတွေအတွက် အကျိုးဖြစ်စေမယ့် သာသနာ ပြု လုပ်ငန်းများကို လုပ်ဆောင်မည်” ဟူသော ရည်ရွယ်ချက်ကို ချမှတ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင် ရွက်နေကြပါတယ်။

အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များ

“စတင်ဖွဲ့စည်းကတည်းက လစဥ်စုဝေး ဆုတောင်းခြင်းတွေ ပြုလုပ်တယ်။ ကိုယ့်ရဲ့ ချွေးနည်းစာထဲကနေ ပြီး တော့ လျှိုဝှက်အလှူတွေ ထည့်တယ်။ ရလာတဲ့ အလှူတွေကို စုပြီးတော့ ရဟန်းဖြစ်သင်ကျောင်း၊ သီလရှင် ကျောင်း၊ ဘော်ဒါဆောင်မှာနေတဲ့ ကလေးတွေ စတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်။ လစဥ် ဘုရား ကျောင်းအတွက် လိုအပ်တဲ့ ပန်းအလှူမှာလဲ ထည့်ဝင်လှူဒါန်းတယ်” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဆက်ပြီး ထိုအဖွဲ့ဝင်က ပညာရေးမှာ မတတ်နိုင်တဲ့ ကလေးတွေကို ပညာသင်ထောက်ပံ့ ကြေးပေးတယ်။ အဖိုး အခနည်းတဲ့ စာသင်ဝိုင်းတွေ စီစဥ်ပေးနိုင်ခဲ့တယ်။ COVID-19 ကပ်ရောဂါ ကာလနဲ့ နိုင်ငံရေးကာလမှာ “အငယ် ဆုံးသောသူ” လို့ အဖွဲ့က ရည်ညွှန်းထားတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အဝတ်အထည်တွေ အိုးခွက် ပန်ကန်းတွေကို တတ်အားသလောက် ရှာဖွေလှူဒါန်းတယ်။ စစ်ရှောင်ကျောင်းတွေမှာရှိနေတဲ့ ကလေးငယ်လေး တွေ အတွက်လည်း စာရေးကိရိယာတွေ ရရှိအောင် ကြိုးစားပေးခဲ့တယ်လို့ ပြောပါတယ်။

ရန်ပုံငွေရရှိအောင် ရိုးရာအစားအသောက် ရောင်းတယ်။ အဖွဲ့ဝင်တွေ ပိုင်ဆိုင်တဲ့ တန်ဖိုးရှိ လက်ဝတ်လက်စား တွေ ဥပမာ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စတာတွေကို ကံစမ်းမဲဖောက်တယ်။ ရလာတဲ့ငွေနဲ့ ဆေးဝါးတွေ လည်း ဝယ်လှူတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။

အာဏာမသိမ်းခင် ကာလကတော့ အဖွဲ့ဝင် အင်အားနည်းလို့ လုပ်ဆောင်ရတာ ကြန့်ကြာတာကလွဲရင် အခက်အခဲ သိပ်မရှိဘူးလို့ ဆိုပါတယ်။ အခုကာလမှာတော့ တောင်းခံလာတဲ့ အကူအညီကို ချက်ချင်း မကူညီနိုင်တာတွေ ရှိ တယ်။ လမ်းခရီးကြောင့် ကြန့်ကြာတာမျိုးတွေ၊ လမ်းကြောင်းကြပ်တည်းတဲ့ အတွက်ကြောင့် သက်ဆိုင်ရာ အဖွဲ့ အစည်းကို မေတ္တာရပ်ခံရတဲ့အတွက် ချက်ချင်း မကူညီနိုင်တာမျိုးတွေ ရှိလာတယ်လို့ အဖွဲ့ဝင်တွေက ပြောပါ တယ်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြားက လက်နက်ကိုင် ပဋိပက္ခ၊ စစ်ရေး အခြေအနေတွေ တင်းမာနေတဲ့ အနေအထားမျိုးမှာ ခက်ခက်ခဲခဲ သွားလာ လုပ်ကိုင် နေရတယ် လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ လှုပ်ရှားနေတဲ့ CDM ဆရာမ တစ်ဦးက “တစ်ခါတစ်လေ ကြောက်ပေမယ့်လည်း စစ်ဆေးရေး ဂိတ်ကို အနူးအညွှတ် တောင်းပန်ပြီး သွားရတယ်။ ကိုယ်ရည်ရွယ်ရာ အလှူပြီးမြောက်ချင်တော့လည်း အရဲ့စွန့်ရ တာပေါ့” လို့ ပြောပါတယ်။

လက်ရှိ စစ်ရှောင်နေသော ပြည်သူများထဲရှိ ဘဝတူ အိမ်ထောင်ရှင် အမျိုးသမီးများအား “ငတ်မှာမကြောက်ပါနဲ့ အဓိက က စိတ်ဓာတ်မကျဖို့ပဲ။ တစ်ဦးချင်းစီမှာရှိတဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုပြီး ဖေးမနေထိုင်သွားရင် လက်ရှိ အအခက်အခဲတွေ နည်းနည်းချင်းစီ လျော့သွားမှာပါ” လို့ အဖွဲ့ထဲ ပင်စင်ယူခါနီး CDM အမျိုးသမီး တစ်ဦးက အားပေးစကား ပြောပါတယ်။

ကက်သလစ် ဘာသာဝင်တွေနဲ့သာ စတင်ဖွဲ့စည်းထားပေမယ့်လည်း လူမျိုးဘာသာ ခွဲခြားခြင်း မရှိတဲ့အတွက် ဘာသာဝင်တွေ မဟုတ်တဲ့ ဗုဒ္ဓ၊ မွတ်စလင်၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရှိ ညီအစ်ကိုမောင်နှမတွေကလည်း ပါဝင်အားဖြည့် လှူဒါန်းကြတယ်လို့ ပြောပါတယ်။

လက်ရှိ အခြေအနေမှာ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်လို့ မရပေမယ့် တတ်အားသ၍ ဆက်လက် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ ပါဝင်လှူဒါန်းဆောင်ရွက်လိုတဲ့ မည်သူ့ကိုမဆိုလည်း အမြဲတမ်း ကြိုဆိုနေကြောင်း အဖွဲ့ ဝင်တွေက ပြောပါတယ်။

အငယ်ဆုံးသောသူတွေကို အစဥ်မပြတ် ကူညီထောက်ပံ့နိုင်ဖို့အတွက် မိမိတို့ အဖွဲ့အစည်းအနေနဲ့ အမြဲကြိုးစား နေသလို အဖွဲ့နဲ့လည်း လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲ့ဝင်အသစ်တွေကိုလည်း အမြဲ မျော်လင့် ကြိုဆိုနေ ပါတယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

ကဏ္ဍအသီးသီးက လူကြီးလူငယ်တွေ ပါဝင်လာပြီး ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ပြန်တည် ဆောက် နိုင်တဲ့အထိ မျော်လင့်ထားကြောင်း အဖွဲ့ဝင်တွေက ပြောပါတယ်။

“အခုလိုခက်ခဲတဲ့ကာလမှာ ကျွန်မတို့အဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်ထားမှာ မဟုတ်ပါဘူး။ ချမှတ်ထားတဲ့ ရည်ရွယ် ချက်အတိုင်း ဆက်ပြီး ကြိုးစား လုပ်ဆောင်သွားမှာပါ။ အခုဆို လူမှုကွန်ယက်စာမျက်နှာ (Facebook page) လေး တစ်ခုဖွင့်ထားပါတယ်။ အဲ့ဒီကနေဆက်သွယ် လှုဒါန်းမှုတွေ ပူးပေါင်း ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက အားမာန်အပြည့်နဲ့ တက်ကြွစွာ ပြောပါတယ်။

“ဇရာပြိုပေမယ့်လည်း စေတနာမအိုတဲ့ စိတ်နဲ့ပဲ ဆက်လုပ်ဆောင်သွားမှာပါ”

 

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...