ထီးချိုင့်တိုက်ပွဲတွင် အရေးနိမ့်သော စစ်ကောင်စီက မြေပြင်၊ ဝေဟင် ထိုးစစ်သုံး

ထီးချိုင့်တိုက်ပွဲတွင် အရေးနိမ့်သော စစ်ကောင်စီက မြေပြင်၊ ဝေဟင် ထိုးစစ်သုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲတွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကောင်စီ တပ်မှာ မြေပြင်နှင့် ဝေဟင် နှစ်နေရာမှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် အရပ်သား အချို့ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် မြောက်ပြင်ဒေသတွင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် စစ်တပ် ဘက်က တန်ပြန်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံရပ်မိရပ်ဖ တစ်ဦးက “ကျနော်တို့ မြောက်ပြင်မှာ ပွဲအကြီးအကျယ် ဖြစ်တယ်။ ၁၉ ရက်နေ့က သရက်ချောင်းနဲ့ ညောင်လင်းချောင်ထဲမှာ ခွဲပြီးအိပ်တာ အဲ့ဒီစစ်သားတွေက အဲ့ဒီ အိပ်တဲ့ နေရာကနေ ၂၀ ရက်နေ့မှာ မန်ကင်းတောင်တန်းပေါ်ကို တက်လာတယ်။ တက်လာတဲ့အချိန် အေတူး (AA) ရယ်၊ သုံးလုံးရယ် (KIA) ရယ် မြို့နယ်ပကဖတွေရယ် အားလုံးပေါင်းပြီးမှ အသင့်အနေအထားပေါ့ သူတို့ ဘက်ကလည်း ရဲရဲဝံ့ဝံ့တက်လာတာကို ဒီဘက်ကလည်း ရဲရဲဝံ့ဝံ့ကို ရင်ဆိုင်ပေးလိုက်တာ” ဟု ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် တစ်နေကုန်နီးပါး စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များဘက်တွင် ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့သည်ဟု ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပွဲက ၈ နာရီ မိနစ် ၂၀ကနေ စလိုက်တာ၊ ဘယ်အချိန်မှပြီးလဲဆိုတော့ ညနေမိုးချုပ်မှ ပြီးသွားတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ နားတော့မနားဘူး။ အပစ်နည်းနည်းလေး ကျဲသွားတယ်။ ပကဖရဲဘော်ဘက်က တစ် ယောက်၊ နောက်ပြီးတော့ သုံးလုံး (KIA) က တစ်ယောက် မစိုးရိမ်ရ ဒဏ်ရာတွေ ရကြတယ်။”

ထို့နောက် “နောက်တစ်ခု လေယာဉ်နဲ့ နှစ်စင်းတွဲ နှစ်စင်းတွဲ သုံးခါလာကြဲတယ်။ သုံးခါလာပစ်တာ လေယာဉ်နဲ့၊ အဲ့ဒါက ဘယ်က လေယာဉ်လဲဆိုတော့ မြစ်ကြီးနားက လေယာဉ်။ သုံးခါလာကြဲတယ်။ လာကြဲပြီးတော့ အေ တူး (AA) က ယမ်းစတွေတော့ နှစ်ယောက်မှန်သွားတယ်။ အဲ့ဒါလည်း မစိုးရိမ်ရ” ဟု အဆိုပါ ပူးပေါင်း တပ်နှင့် နီးစပ် သူက ဆက်ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထီးချိုင့်မြို့နယ်ထဲက တိုက်ပွဲတွင် KIA နှင့် PDF အဖွဲ့ဘက်က တစ်ဦးစီ နှင့် AA ဘက်က နှစ်ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ သို့သော်အရပ်သား ပြည်သူထိခိုက်မှု မရှိခဲ့ပေ။

ထို့အပြင် “အဲ့ဒီနေ့ နေ့လည် ၁၂ နာရီကျတော့ သူတို့ဆီက လက်နက်တွေ ကာကွယ်ရေးတပ်တွေဘက်က ရလိုက် တယ်။ လက်နက်ငယ်က နှစ်လက်၊ နောက်ပြီး ပစ္စည်းတွေ၊ နောက်ပြီး စိန်ပြောင်းတို့၊ RPG တို့ ကျည်ဆန်ရော အကုန်ပေါ့ဗျာ လက်နက်တွေ ခဲယမ်းမီးကျောက်တွေ တော်တော်ရလိုက်တယ်။ တော်လှန်ရေးတပ် ဒီကာကွယ် ရေးတပ်တွေဘက်ကလေ” ဟု ပူးပေါင်းတပ်နှင့် နီးစပ်သူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည့်အပြင် ထိခိုက်သေဆုံးမှုလည်း များကြောင်း၊ သို့သော် ယနေ့အချိန်ထိ နှစ်ဖက်ကြားတင်းမာနေဆဲဖြစ်၍ လူဦးရေမည်မျှဆိုသည်ကို အတည်မပြုနိုင်သေးဘူးဟု ဆိုကြ သည်။

ပူးပေါင်းတပ်နှင့် နီးစပ် သူက “သူတို့ဘက်က ထိတာလည်း တော်တော်ထိသွားတယ်။ သေတာလည်းများတယ်။ အခုထိတော့ သူတို့ မြုံနေတုန်း (ပုန်းနေတုန်းပေါ့)ဗျာ။ သူတို့က အဲ့ဒီက ဇီးကုန်းတို့၊ ကျောက်မှော်ရဲ့အနောက်၊ နောက်ပြီး နတ်အင်း အဲ့ဒါတွေက ပတ်ချာလည်တောတွေ၊ အဲ့တောထဲမှာ သူတို့က မြုံနေတယ်။ ဘယ်သူမှလည်း ကူဖို့ ဝင်လို့မရဘူး။ အဲ့ဒီ သုံးပွင့်ဆိုင်ရဲ့ တောကြီးထဲမှာ ရှိနေကြတာ” ဟု ဆက်ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာခဲ့ သည့် စစ်ကောင်စီတပ်က ကျောက်မှော်ကျေးရွာမှ ဒေသခံ လေးဦးအပါအဝင် အနီးအနားဝန်းကျင် ကျေးရွာများ က အရပ်သား ၅၀ ခန့်ကို ဖမ်းဆီးသွားသည်ဟု တော်လှန်ရေး ပူးပေါင်းတပ်များဘက်က ပြောသည်။

သို့သော် မည်သူမည်ဝါဖြစ်သည်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်နှင့် နီးစပ် သူက ဆိုသည်။

ထီးချိုင့်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လေကြောင်း ပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာနေမှုများ ကြောင့် ကျောက်မှော်၊ ဇီးကုန်း၊ ကွင်းကြီးနှင့် အနီးအနားရှိ အခြားကျေးရွာများက ဒေသခံများကမူ စစ်ဘေး လွှတ်နိုင်မည့် နေရာများတွင် ပြောင်းရွှေ့ စစ်ရှောင်နေကြရသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...