ရခိုင်တွင် ရေကြီးရေလျှံမှုအခြေအနေ ပြည်နယ်စစ်ကောင်စီနှင့် အင်တာဗျူး

ရခိုင်တွင် ရေကြီးရေလျှံမှုအခြေအနေ ပြည်နယ်စစ်ကောင်စီနှင့် အင်တာဗျူး

ဩဂုတ်လ အစပိုင်းကပြီး  ရခိုင်ပြည်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ချောင်းလက်တက်ငယ်များတွင် ရေမြင့်တက်လာမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ရေကြီးမှုကြောင့် လူသေဆုံးမှုထိရှိခဲ့ပြီး ဒေသခံ ခုနစ်ထောင်ခန့်မှာလည်း ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကာ လယ်ဧကပေါင်း ၅ သိန်း နီးပါးလည်း ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရသည်။

ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီက ဘာတွေလုပ်ဆောင်နေလဲ၊ ရေဘေးသင့်ပြည်သူတွေကို ဘာတွေကူညီနေပြီလဲ စသည့် အကြောင်းအရာများကို ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း ကို DMG  က ဩဂုတ်လ ၁၀ ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားသည်။

DMG - အခုရက်ပိုင်း ရခိုင်မှာ ရေကြီးရေလျှံမှုအခြေအနေတွေ ဘယ်လိုရှိခဲ့လဲ။

UHT - ရေကြီးတာက ဩဂုတ်လ ၈ ရက်နေ့မှာပါ။ လေးမြို့မြစ်ရေတက်တယ်။ ကျောက်တော်နဲ့ပတ်သက်ပြီး ကုလားတန်မြစ်ရေတက်တယ်။ မြစ်ရေအခြေအနေတွေကို သက်ဆိုင်ရာမြို့နယ် မိုး/ဇလတွေကို ကျနော်တို့ မေး ကြည့်တော့ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ရဲ့ စိုးရိမ်ရေအမှတ်ကတော့ အဲဒီနေ့မှာ ၈၁၀ စင်တီမီတာရှိတယ်။ အဲဒီလိုသိရတဲ့အချိန်မှာ စိုးရိမ်ရေအမှတ်ကိုတော့ မရောက်သေးဘူး။

ဒါပေမဲ့ မင်းပြားမြို့နယ်မှာတော့ လေးမြို့မြစ်ရေဝင်နေတယ်။ မြစ်ရေဝင်တာကလည်း ကျနော်တို့ရခိုင်မှာဆိုရင် မိုးများတဲ့နှစ်တွေမှာ ဖြစ်တတ်တဲ့သဘာဝဖြစ်ပါတယ်။ ကျနော်တို့စိုးရိမ်တာက သတ်မှတ်တဲ့မြစ်ရေ စိုးရိမ်ရေ အမှတ်ကို ကျော်လွန်ပြီး လယ်တွေရေနစ်မှာတို့၊ လူအသွားအလာတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက် အခဲဖြစ်မှာတို့ကို စိုးရိမ်တယ်။ အဲဒီနေ့မတိုင်ခင်ကတည်းက ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ သဘာဝဘေးနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေ ထုတ်ထားပြီးသားဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အခါ ပုံမှန်ဖြစ်တာကတော့ တစ်ရက်၊ နှစ်ရက်ဆိုရင် ပြန်ကျသွားတာပေါ့။ တကယ်လို့ ထူးခြားပြီး သတ်မှတ်တဲ့ရေထက် ပိုတက်တာ၊ နောက်ပြီးတော့ လူတွေကို ရွှေ့ပြောင်းပေးဖို့ အချိန်ကျလာရင် တော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး စီစဉ်တာ။ နောက်ပြီး မီးသတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မြို့မှာ ကြိုတင်အသိပေးတာတွေ လုပ်တယ်။ လူတွေကို ဘေးကင်းရာရွှေ့ပြောင်းဖို့ ဆော်ဩတာတွေ၊ ရေတက်တဲ့အခါ သိထားရမယ့်အချက်တွေ လုပ်ပါတယ်။ မြစ်ရေက သတ်မှတ်အတိုင်းအတာထက် တက်လာပြီး လူတွေအတွက် စိုးရိမ်ရတယ်ဆိုရင် ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်။ ရွှေ့ပြောင်းပြီးတဲ့အခါ စားနပ်ရိက္ခာ တွေကိုပါ လူကယ်ပြန်နဲ့ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဖြည့်ဆည်းပေးဖို့ စီစဉ်ထားပါတယ်။

မနေ့ကအခြေအနေထိ ပြန်ကြည့်ရရင်တော့ ဒီရေကြီးရေလျှံမှုကတော့ ရခိုင်ဒေသမှာ အညာရေပေါက်တယ်လို့ ခေါ်ကြတာပေါ့။ အရင် ကျနော်တို့ကြုံခဲ့ဖူးတဲ့အထိ မရောက်ခဲ့ပါဘူး။ မင်းပြားနဲ့ မြောက်ဦးကြားက ကားလမ်း တွေကို ရေ ၁ ပေလောက်ကျော်ခဲ့တယ်။ မြစ်ရေကျတာနဲ့အတူ ရေပြန်ကျသွားတယ်လို့ သိရပါတယ်။ ဒါကတော့ ရေကြီးလေ့ကြီးထရှိတတ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက တချို့ကျေးရွာ တွေရဲ့ အနေအထားဖြစ်ပါတယ်။

DMG - လက်ရှိ ရေဘေးသင့်ပြည်သူတွေကို ကူညီရေးနဲ့ပတ်သက်လို့ လုပ်ဆောင်နေတဲ့ အခြေအနေကို သိပါရ စေ။

UHT - ၈ ရက်နေ့မှာတော့ မြောက်ဦးမှာ စိုးရိမ်ရေအမှတ် ၈၁၀ စင်တီမီတာအထက် ၈၈၀ အထိ ညပိုင်းမှာရောက် ခဲ့ပါတယ်။ ၉ ရက်နေ့မှာတော့ မြောက်ဦးမှာ မိုးရေချိန်လက်မလည်း ကျသွားတယ်။ မြစ်ရေလည်း ပြန်ကျတာ တွေ့ရပါတယ်။ ကျောက်တော်မှာကတော့ ကစ္ဆပနဒီမြစ်ရဲ့ စိုးရိမ်ရေအမှတ်က ၅၅၀ စင်တီမီတာအထိ ရှိခဲ့တယ်။ ဒါပေမဲ့ ၅၅၀ စင်တီမီတာအထိ မရောက်ခဲ့ပါဘူး။ မရောက်ခဲ့ပေမယ့် ကျောက်တော်မှာ မြေနိမ့်ပိုင်းက ရွာနှစ်ရွာ ကလူတွေကိုတော့ သက်ဆိုင်ရာ ရေလွတ်တဲ့ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခဲ့တယ်။ ရွှေ့ပြောင်းထားတဲ့ လူဦးရေက သုံးရာနီးပါးလောက်ရှိပါတယ်။ အဲဒီဟာကိုတော့ လူကယ်ပြန်ကို မေးကြည့်တဲ့အခါ ဒီလူတွေအတွက် စားရေးရိက္ခာ ၇ ရက်စာ ထုတ်ပေးသွားမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အသေအပျောက်နဲ့ ပတ်သက်ပြီး ၈ ရက်နေ့တုန်းက မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာက သားမိနှစ်ယောက်၊ မြစ်ရေတက်တဲ့အခါ ရွာချင်းဆက်နီးတဲ့ရွာကို ခြေကျင်သွားကြတော့ လမ်းကိုရေဖုံးလွှမ်းနေတဲ့အခါ ရေမြောင်း ကိုကျပြီး ရေနစ်သေဆုံးတာ နှစ်ယောက်ရှိတယ်။ ဒါကလည်း လူကယ်ပြန်ကို ရေနစ်သေဆုံးတယ်ဆိုပြီး မင်းပြား မြို့နယ်က တင်ပြလာတဲ့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုဖြစ်တဲ့အတွက် ထောက်ပံ့ကြေးဆောင် ရွက်နေတယ်။

DMG - ရေဘေးဒဏ်ခံရတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်လို့ ဘာတွေ စီစဉ်ထားလဲ။

UHT - တိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာက ဆောင်ရွက်ထားနေတဲ့ အစီအစဉ်အတိုင်းပဲရှိမယ်။ ဒါပေမဲ့ ရပ်ရွာကလူပဲဖြစ်ဖြစ်၊ တိုက်ပွဲရှောင်စခန်းကပဲ ဖြစ်ဖြစ် ရွှေ့ပေးရတဲ့ လူတွေအတွက်တော့ လူကယ်ပြန်က ဆန်ရိက္ခာထောက်ပံ့ပေးမယ်။

DMG - လတ်တလောမှရော ကူညီထောက်ပံ့မှုတွေက ဘာတွေရှိလဲ။

UHT - ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီး ကူညီဖို့ အစိုးရအဖွဲ့ကတော့ ဩဂုတ်လ ၈ ရက်နေ့မှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ ပြည်နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အစည်းအဝေးလုပ်တာတွေ ရှိပါ တယ်။ နောက်ပြီးတော့ ရေကြီးနေတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို Video Conferencing နဲ့ အစည်းအဝေး လုပ် တယ်။ အဲဒီအစည်းအဝေးမှာ တင်ပြချက်အရသိရတာက ဥပမာ - မီးသတ်ဆိုလို့ရှိရင်လည်း သူတို့က အဓိက ကယ်ဆယ်ရေးလုပ်တဲ့ အပိုင်းလေးတွေကို တင်ပြတယ်။ ရေပြန်ကျသွားရင် ဘာလုပ်မလဲ၊ လယ်နဲ့ပတ်သက်ပြီး စိုက်ပျိုးမြေတွေ တကယ်ပျက်စီးလို့ရှိခဲ့ရင် စိုက်ပျိုးရေးက စာရင်းတင်ဖို့ကိစ္စတွေကို ပြောကြတယ်။

နောက်ပြီး ကျန်းမာရေးပိုင်းမှာလည်း တကယ်လို့ ရေတက်ပြီးတော့ လူတွေရဲ့အိုးတွေ၊အိမ်တွေ အများကြီးပျက် တယ် ဆိုလို့ရှိရင် ကျန်းမာရေးကိစ္စတွေမှာလည်း ပြဿနာရှိလာနိုင်တဲ့အတွက် ဆောင်ရွက်ထားချက်တွေကို ဆွေးနွေးကြပါတယ်။ ကျန်းမာရေးကတော့ အထူးသဖြင့် ရေတက်ပြီး ပြန်ကျသွားရင် ဖြစ်တတ်တဲ့ ဝမ်းပျက်၊ ဝမ်းလျှောတွေ၊ ပြီးတော့ သောက်သုံးရေ အခက်အခဲတွေရှိမယ်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်တိုင်းမှာ ဓာတ်ဆားတွေ အလုံအလောက်ဖြည့်ထားတယ်။ ရေသန့်ဆေးပြားတွေ အလုံအလောက် ဖြန့်ဝေထားတယ်။

DMG - ရေဘေးသင့်မြို့နယ်တွေက ပြည်သူတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ဘာပြောချင်ပါလဲ။

UHT - ပြည်သူတွေအနေနဲ့ကတော့ TV တွေမှာလည်း မိုးဦးလေဦးရာသီတွေမှာ ဖော်ပြတာတွေရှိတယ်၊ မြစ်ရေ ကြီးရင်ဘာလုပ်မယ်၊ စာရွက်စာတမ်းတွေ၊ စားရေးရိက္ခာတွေ ဘယ်လိုလုပ်မယ်၊ ဒါလေးတွေကိုတော့ မပြတ် သတိထားနေဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုဆိုတာက အစိုးရတာမဟုတ်ဘူး။ နောက်တစ်ခု ပြောချင်တာကတော့ သက်ဆိုင်ရာက “ဒီရွာတွေ၊ ဒီအိမ်တွေ မြစ်ချောင်းနဲ့နီးတဲ့အတွက် ရွှေ့ပါ” ဆိုရင်တော့ လိုက်ပြီးတော့ရွှေ့ပေးဖို့လိုပါတယ်။ အရေးမကြီးဆိုပြီး မငြင်းသင့်ဘူးပေါ့။

“မိုခါ”ဖြစ်သွားတဲ့အခါကျတော့ ထင်တာထက် လေက ထူးထူးခြားခြား ပိုပြီးပြင်းထန်တဲ့အခါ လူ့အသက်တွေ ဆုံးရှုံးရတယ်။ ဒီလိုမျိုးတွေဖြစ်တဲ့အတွက် ရေကြီးတာကိုလည်း ပုံမှန်သတိထားဖို့လိုသလို သက်ဆိုင်ရာ အဖွဲ့ အစည်း မိုး/ဇလက ထုတ်ပြန်တဲ့ မိုးရေချိန်ကြောင့် ရေကဒီထက်ကြီးနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကို လိုက် နာပါ။ နေရာရွှေ့ဖို့အတွက် အစိုးရ၊ အုပ်ချုပ်ရေးပိုင်း၊ မီးသတ်၊ ကြက်ခြေနီတို့က လှုံ့ဆော်အသိပေးတဲ့အခါ လိုက် ပါ ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ရဲ့အသက်အိုးအိမ်ကို ကာကွယ်နိုင်ရာရောက်ပါတယ်။ ဒါကြောင့် သတိနဲ့နေပါ၊ သိပ်ပြီး မပေါ့ဆပါနဲ့၊ မလိုအပ်ဘဲလည်း စိုးရိမ်မှု မဖြစ်ကြဖို့ ပြောလိုပါတယ်။

DMG - အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Most read this week

May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 15, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယနေ့ (မေလ...
May 15, 2024
မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုများအကြား...