တောတောင်ထဲ ပုန်းခိုနေရသည့် ဖရူဆိုစစ်ရှောင် ၁၃၀၀ ကျော်အတွက် မိုးကာနှင့် ခြင်ထောင်များလိုအပ်နေ

တောတောင်ထဲ ပုန်းခိုနေရသည့် ဖရူဆိုစစ်ရှောင် ၁၃၀၀ ကျော်အတွက် မိုးကာနှင့် ခြင်ထောင်များလိုအပ်နေ

ကယား (ကရင်နီ) ပြည်၊ ဖရူဆိုမြို့နယ်ထဲ စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တော တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် ၁၃၀၀ ကျော်အတွက် မိုးကာနှင့် ခြင်ထောင် များ အရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် News Light In Karenni အဖွဲ့က ပြောသည်။

New Light in Karenni အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “အခုချိန်မှာက ဖရူဆို နောက်ဖက်ခြမ်းက နေတစ်ရက်မှ မတွေ့ရဘူးပေါ့နော်။ သူ့ဟာက မိုးတွေက အဆက် မပြတ် ရွာနေတဲ့ဟာမျိုးတွေဖြစ်တော့ သူတို့မိုးကာတွေ ခြင်ထောင်တွေလိုအပ်တယ်လို့ပြောကြတယ်ပေါ့နော်” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများက ဒေသခံများဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၎င်းတို့နေထိုင်သည့် ကျေးရွာများထဲ စစ်ကောင်စီက လေ ယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘေးလွတ်နိုင်မည့် တောတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေကြရခြင်း ဖြစ်သည်။

ဩဂုတ်လ ဒုတိယပတ်အထိ နေရပ်ကို မပြန်ရဲသေးသောကြောင့် တောတောင်များထဲ ဆက်လက်နေထိုင်ကြဆဲ ဖြစ်သည့် အတွက် မိုးတွင်းကာလတွင် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေခြင်း ဖြစ်သည်။

စစ်ရှောင်တစ်ဦးက “တောတောင်ထဲမှာ နေထိုင်ရတော့ မိုးကာမလုံလောက်ဘူး။ မိုးရာသီအတွင်းလည်း မိုးကြီး တော့ အအေးမိကြရာကနေ ဖျားနာကြမယ် တုပ်ကွေးဖြစ်ကြမယ်၊ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်တာပေါ့။  အဓိကခြင်ထောင်၊ ခြင်ထောင်မရှိဘဲ အိပ်နေရတော့ ဘယ်လိုဖြစ်ဖြစ် ခြင်ကိုင်ဖြုတ်ကိုက်မှာပဲ တကယ်ကြုံဖူးသူ တွေဆို သိပါတယ်။ အဲ့ဒီခံစားချက်”ဟု ပြောသည်။

ထို့အပြင် အဆိုပါ စစ်ဘေးရှောင် ပြည်သူများ အတွင်းမှာ ရိက္ခာမလုံလောက်မှုများ ရှိနေသောကြောင့်  သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များသည် အာဟာရချို့တဲ့မှု ဆိုင်ရာရောဂါများလည်း ခံစားရလာနိုင်သည်ဟု ဆိုသည်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...