သျှမ်းပြည်တွင်း အိမ်ခြေမဲ့သူ တစ်လကို ၃ ဦးနှုန်း သေဆုံး

သျှမ်းပြည်တွင်း အိမ်ခြေမဲ့သူ တစ်လကို ၃ ဦးနှုန်း သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူ များ ပြားလာရာမှ တစ်လကို အနည်းဆုံး ၃ ဦးနှုန်း သေဆုံးနေပြီး အိမ်ခြေမဲ့ နေထိုင်သူကို ပြန်လည်နေရာ ချထား ရေး ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့ နှင့် ဇူလိုင် ၁၆ ရက်နေ့တွင် လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာရှိ ဘောလုံးကွင်း နှင့် လားရှိုးမြို့ ရေကန်တောင် အမှတ် (၄) နှင့် (၅) ကြား၌ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိခဲ့သည်။

အလားတူ ဇူလိုင် ၁၈ ရက်နေ့တွင် သိန္နီမြို့ အမှတ် ၃ ရပ်ကွက် ပိန်းအွယ်ကုန်းရှိ လူမနေသည့် နေအိမ်တစ်လုံးထဲ ၌ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို ထပ်တွေ့ရှိခဲ့ကြောင်း သွားရောက် ကူညီခဲ့သည့် အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း သိန္နီမြို့နယ်တွင် ပိုင်ရှင်မဲ့ အလောင်း ၁၀ ဦးခန့် တွေ့ရှိရပြီး သေဆုံးသူ အများစုသည် မူးယစ်ဆေးဝါးကြောင့် သေဆုံးရခြင်း ဖြစ်ကြသည်။

လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက “သိန္နီမှာတော့ အိမ်ခြေရာမဲ့ များတယ်။ ပြီးခဲ့တဲ့ အရင်လတွေက လည်း သေတယ်။ ဒီနှစ်ထဲမှာဆိုရင် ၈ ယောက်၊ ၉ ယောက်လောက် ရှိနေပြီ။ အဲ့လို အိမ်ခြေမဲ့ နေထိုင်သူတွေ  ကလည်း တစ်မြို့နယ်လုံးမှာ ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ ကားလမ်းဘေးမှာရှိတဲ့ လူမနေအိမ်တို့၊ လူလွတ် တဲ့ နေအိမ်တို့မှာ နေကြတာများတယ်“ ဟု ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးကြောင့် အိမ်ခြေမဲ့အဖြစ် နေထိုင်သူ များပြားလာပြီး မကြာခဏ သေဆုံးခြင်း နှင့် ပတ် သက်၍ မည်သည့် အဖွဲ့အစည်းကမှ တာဝန်ယူပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း မရှိဘူးဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ အိမ်ခြေမဲ့ နေထိုင်သူများကို ပြန်လည်နေရာချထားရေး ပြုလုပ်စေလို ကြောင်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ၊ အိမ်ခြေမဲ့ နေထိုင်တဲ့ သူတွေကို ထိန်းပြီး ပြန်လည်နေရာချထားရေး၊ ပြုပြင်ရေး စခန်းတို့ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဟိုမှာတစ်လောင်းတွေ့တယ်၊ ဒီမှာတစ်လောင်းတွေ့တယ် မဖြစ် တော့ဘူး။ ပြီးတော့ ပြည်သူတွေအနေနဲ့လည်း သွားလာတဲ့အခါကြရင် ပိုပြီးစိတ်ချရတော့ရမယ်။ သူတို့ကတော့ ဘာမှမလုပ်ပါဘူး။ မူးယစ်ဆေးဝါးသုံးတဲ့သူတွေဆိုတော့ ကြောက်တယ်လေ“ ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း လားရှိုးမြို့နယ်အတွင်း ယာဉ်တိုက်မှုများ၊ ဓားခုတ်မှုများ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ ကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...