ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့  နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေကြသည်။

ယမန်နေ့ (ဇူလိုင်လ ၁၆) ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာနား အရောက် စစ်ကြောင်း ချီတက်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် KIA စစ်ကြောင်း နှင့် ထိတွေ့မိပြီး တိုက်ပွဲ ဖြစ်ပွားကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဒေသအတွင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက “စစ်ကောင်စီက နမ့်ဖတ်ကာဘက်ကနေ တက်လာတာပါ။ ခိုမုန်းရွာနားက အရောက်မှာ KIA နဲ့တွေ့ပြီး တိုက်ပွဲတွေ ဖြစ်သွားတယ်၊ ပစ်ခတ်မှုက တစ်နာရီလောက်တော့ ကြာ တယ်၊  ရွာနဲ့လည်း သိပ်မဝေးတော့ အသံတွေ ကြားရတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအပြီး မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာအနီးမှာလည်း စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ် နှင့် KIA တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဒီ တိုက်ပွဲတော့ လက်နက်ကြီး ၊ လက်နက်ငယ် အသံတွေကို ကြားရတယ်၊ နာရီဝက်လောက်တော့ ပစ်ကြတာ၊ အဲ့နောက်ပိုင်းတော့ အသံတွေ ငြိမ်သွားပြီ၊ ဒီနေ့လည်း အသံတွေ မထွက်လာသေးဘူး” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဖုန်းဆက်သွယ်မေးမြန်းရာ ထိတွေ့တိုက်ပွဲမှ ကျဆုံးသူများလည်း ရှိနေကြောင်း သျှမ်းသံ တော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်၊ မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်တယ်ဆိုတာ ကျနော့်ဆီကို အကြောင်းကြားလာတာ ရှိတယ်။ ပြီး တော့ တိုက်ပွဲအတွင်းက စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်ဆိုတာလည်း သိရတယ်။ ဒါပေမဲ့ အတိ အကျတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ဇူလိုင်လ အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲသည် သျှမ်းမြောက်အတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာသည်ကို တွေ့ရသည်။

ထို့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ရှိရာ လိုင်ဇာဒေသအနီးမှာလည်း အာဏာသိမ်း စစ်ကောင်စီ နှင့် KIA  တို့က နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်းလည်း ဒေသခံမျးက ပြောသည်။

Most read this week

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...