မင်းတပ်-ကံကြီး- ဆောနဲ့ မင်းတပ်-ကျောက်ထု လမ်းများ သွားလာခွင့် ပိတ်လိုက်ကြောင်း မင်းတပ်- CDF ထုတ်ပြန်

မင်းတပ်-ကံကြီး- ဆောနဲ့ မင်းတပ်-ကျောက်ထု လမ်းများ သွားလာခွင့် ပိတ်လိုက်ကြောင်း မင်းတပ်- CDF ထုတ်ပြန်

မကွေးတိုင်း၊ ယောနယ်ဘက်က စစ်ကောင်စီစစ်ကြောင်းသည် ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို စစ်ကြောင်းထိုး လာနိုင်သောကြောင့် မင်းတပ်-ကံကြီး- ဆော လမ်းမကြီးကို ယနေ့ ဇူလိုင်၁၃ ရက်မှ စတင်၍ ဖြတ်သန်းသွား လာခွင့် ပိတ်လိုက်ကြောင်း ချင်းကာကွယ်ရေးတပ် - မင်းတပ်က ထုတ်ပြန်သည်။

“စစ်ကြောင်းတစ်ကြောင်းက ယောနယ်ဘက်ကနေ ချင်းပြည်နယ်ဘက်ကို သွားလာမှု ရှိနိုင်တယ်ပေါ့။ အဲဒါ ကျနော်တို့နဲ့ အချိန်မရွေးထိတွေ့မှု ဖြစ်နိုင်တယ်။ ပြည်သူတွေ သွားလာတဲ့အချိန် တိုက်ပွဲဖြစ်ရင် မလိုလာအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်မှာ စိုးလို့ ပိတ်လိုက်တဲ့သဘောပါ” လို့ ချင်းကာကွယ်ရေးတပ်- မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

လတ်တလောစစ်ရေးအခြေအနေအရ မင်းတပ်-ကံကြီး-ဆော လမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထား၍ ယနေ့မှ စတင်ကာ ပြည်သူများ ၎င်းလမ်းကို အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြုနိုင်မည်ဆိုပါက အသိပေး သွားမည်ဟု သိရသည်။

ဇူလိုင်လ ၉ ရက်မှ စတင်၍လည်း စစ်ကောင်စီတပ် ကျောက်ထုတပ်မှ ချင်းဘက် စစ်ကြောင်းထိုးလာပါက အချိန် မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ကျောက်ထု - မင်းတပ် လမ်မကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားသည်ဟု မင်းတပ်- CDF က ထုတ်ပြန်ထားသည်။

“မင်းတပ်က သွားလို့ ရတဲ့ လမ်းက နှစ်လမ်းရှိတာပေါ့။ အဲဒီလမ်းတွေကလည်း လောလောဆယ် အားလုံးက ယောဘက်က ယောနယ်ဒေသခံကာကွယ်ရေးတပ်တွေကလည်း ပိတ်ထားတယ်။ လောလောဆယ် အကုန်လုံးကို ပိတ်ဆို့မှု လုပ်ပြီးမှ ဒီစစ်ကြောင်း သော်လည်းကောင်း၊ ဒီအတောအတွင်း ထိတွေ့မှုတွေ ရှိနိုင်တယ်ပေါ့နော်” လို့ ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် - ကံကြီး - ဆောလမ်းပိုင်းသည် မင်းတပ်မှ ဆင်းလာပါက မကွေးတိုင်းအစပ် ကံကြီးရွာကို ဖြတ်သန်းပြီး ဆောမြို့အရောက်၊ ဘယ်ဘက်ကို ဆက်လက်ထွက်ခွာပါက ချောက်-ကန်စွန်းမဘက်ကို ရောက်ရှိသည်။

မင်းတပ် - ကျောက်ထု လမ်းပိုင်းသည် မင်းတပ်မှ ဆင်းလာပါက မကွေးတိုင်းအစပ် ကံကြီးရွာမှ တည့်တည့် သွား ပါက ကျောက်ထုကို ရောက်ပြီး ယင်းမှတစ်ဆင့် ပေါက်-ပခုက္ကူဘက်သို့ ရောက်သောလမ်းဖြစ်သည်။

ယောနယ်အတွင်း စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင်၊ အမှတ် (၁၃) တပ်ရင်းကလည်း ဆော - ကျောက်ထု လမ်း ပိုင်းကို ပြည်သူများ ခရီးသွားလာခွင့် မရှိတော့ဘဲ ပိတ်လိုက်သည်ဟု ယနေ့ ဇူလိုင် ၁၃ ရက်က ထပ်မံ ထုတ်ပြန် သည်။

ကျောက်ထုတပ်ထဲက စစ်ကောင်စီအင်အား ၈၀ ခန့်သည် လက်နက်ကြီးများ ပစ်ခတ်လျက် ယောမြို့ကျေးရွာ တောင်ဘက်ကို ထွက်ခွာသွားပြီး ၎င်းစစ်ကြောင်းတွင် ပျူစောထီး အမျိုးသမီး ၈ ဦးခန့်လည်း ပါဝင်သည်ဟု ယောအလင်းတန်း က ထုတ်ပြန်သည်။

August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...