မီဇိုရမ်ပြည်နယ် မြို့ပေါ်က နေရာအချို့တွင် မြန်မာစစ်ဘေးရှောင်များ၏ အချက်အလက်များ ကောက်ယူနေ

မီဇိုရမ်ပြည်နယ် မြို့ပေါ်က နေရာအချို့တွင် မြန်မာစစ်ဘေးရှောင်များ၏ အချက်အလက်များ ကောက်ယူနေ

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့ပေါ်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက် (Bio Data) များကို သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်နှင့် အရပ်ဖက်အဖွဲ့များက ပူးပေါင်းကာ ကောက်ယူနေသည် ဟု စစ်ရှောင်များက ပြောသည်။

Siaha မြို့ပေါ်တွင် လွန်ခဲ့သည့် အပတ်ကစတင်၍ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သော Mara Thyutlia Py (MTP) က မြန်မာစစ်ဘေးရှောင် ပြည်သူများအားလုံး Bio Data ကောက်ယူရန် ရပ်ကွက်အတွင်း လိုက်လံ ကြေညာခဲ့ပြီးနောက် စတင်ကောက်ယူနေခြင်း ဖြစ်သည်ဟု Siaha မြို့တွင်နေထိုင်သူ စစ်ရှောင်တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ကစပြီး MTP ကနေ အသံချဲ့စက်နဲ့ ရပ်ကွက်တွေကို လိုက်လံဆော်သြတယ်။ မြန်မာစစ်ဘေး ရှောင်တွေ Bio Data ပေးအပ်ဖို့ပေါ့နော်။ ရပ်ကွက်တစ်ခုတော့ ပြီးသွားပြီလို့ သိရတယ်။ ကျန်တဲ့ရပ်ကွက်တွေမှာ ဆက်ပြီး ကောက်ယူနေတယ်။ သူတို့ပြောတဲ့ ပုံစံအရကတော့ ကိုယ်ရေးအချက်အလက်တွေ လာမပေးရင်တော့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးဆို တဲ့ပုံစံမျိုးလည်းပြောတယ်” ဟု Siaha မြို့က စစ်ရှောင်တစ်ဦးကပြောသည်။

Siaha မြို့တွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူများ အနေဖြင့် MTP ရုံးသို့ သွားရောက်ကာ ၎င်းတို့၏ ကိုယ်ရေး အချက်အလက် (နာမည်၊ မိဘ၊ နေရပ်လိပ်စာ၊) လက်ဗွေ၊ မျက်ကြည်လွှာ၊ ဓာတ်ပုံ စသည့် အချက်အလက်များကို ပေးရသည်ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ၏ ကိုယ်ရေး အချက်အလက်များအား ကောက်ယူနေသည့်အပေါ် စစ်ဘေး ရှောင်များအကြား စိုးရိမ်မှုလည်း မြင့်တက်လာနေသည်။

“အခုဟာက နာမည်တို့၊ နေရပ်လိပ်စာတို့ပဲ ယူတာမဟုတ်ဘူး၊ လက်ဗွေတွေယူတယ်၊ မျက်ကြည်လွှာတွေလည်း scan ဖတ်တယ်ဆိုတော့ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲပေါ့နော်၊ အတော်များများကစိုးရိမ်နေကြတယ်၊ သူတို့ လုပ်ခိုင်းတဲ့အတိုင်း မလုပ်ရင်လည်း တစ်ခုခုဖြစ်မှာလည်း စိုးရိမ်ရပြန်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြော သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး Siaha မြို့က Mara Thyutlia Py (MTP) ဥက္ကဋ္ဌ Pakhaw Choza ကို မေးမြန်းကြည့်ရာ တွင် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ကောက်ယူခိုင်းသည့်အတွက် ၎င်းတို့အနေဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခြင်းသာဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ကိုမူ မသိရှိကြောင်း ပြောဆိုသည်။

“အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ biometric mapping (ဇီဝဗဒေဆိုင်မြေပုံ) လုပ်မယ်လို့ပြောတယ်၊ ကျနော် တို့ အနေနဲ့ လုပ်ဆောင်တာမဟုတ်ဘူး။ ဗဟိုအစိုးရဖက်ကနေ လာတာဖြစ်တယ်။ အဓိကတော့ ကျနော်တို့ဆီမှာ ဒုက္ခသည်တွေ ဘယ်လောက်ရှိသလဲဆိုတာ သူတို့သိချင်ပုံရတယ်။ ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဘာမှ စိုးရိမ်စရာတော့ မရှိလောက်ပါဘူး” ဟု သူကပြောသည်။

မြန်မာ စစ်ဘေးရှောင်များ၏ ကိုယ်ရေး အချက်အလက်များ ကောက်ယူခြင်း အစီအစဉ်ကို မီဇိုရမ်ပြည်နယ် တစ်ခုလုံးတွင် ဆောင်ရွက်ကြမည်ဟု သိရသော်လည်း အခြားသော မြို့များတွင်မူ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမျိုး မရှိသေးဘူးဟု ဆိုကြသည်။

စစ်ကောင်စီနှင့် အနီးကပ် ဆက်ဆံရေးရှိနေသော အိန္ဒိယအစိုးရ အနေဖြင့် ယခုကဲ့သို့ ၎င်းတို့၏ နိုင်ငံအတွင်း ခိုလှုံ နေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ကိုယ်ရေး အချက်အလက်များ ကောက်ယူမှုအပေါ် လုံခြုံရေး အရ စိုးရိမ်မှုများလည်း ရှိနေကြသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...