အီးဒ်နေ့အတွက် ဘာသာရေးဓလေ့အရ စွန့်လွှတ် လှူဒါန်းဖို့ ပြင်ဆင်ရာ တရားမဝင်ငွေပေးနေရမှုများရှိ

အီးဒ်နေ့အတွက် ဘာသာရေးဓလေ့အရ စွန့်လွှတ် လှူဒါန်းဖို့ ပြင်ဆင်ရာ တရားမဝင်ငွေပေးနေရမှုများရှိ

ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက စွန့်လွတ်ခြင်းအတွက် လှူဒါန်းဖို့ ကုရ်ဘာနီ သားကောင်တွေဝယ်ယူရာမှာ မြို့ကြီးအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ တွေကို တရားမဝင် ငွေပေးဆောင်နေကြရပါတယ်။

စစ်ဆေးရေးဂိတ်တွေကို အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက်သုံးရတဲ့ သားကောင်သယ်ယူရာ လမ်းခရီး တွေမှာ တရားမဝင်ငွေပေးရတဲ့အပြင် အထွေထွေ စရိတ်တွေပေးရတာနဲ့ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့နေ အစ္စလာမ်ဘာသာဝင် တစ်ယောက်က ပြောပါတယ်။

“ရန်ကုန်မှာတော့ ကုရ်ဘာနီ ပြုလုပ်ဖို့အတွက် ဇုံ ၄ ဇုံသတ်မှတ်ထားပြီး အဲဒီဇုံတွေမှာ ပြုလုပ်မယ့်သူတွေ အတွက် စည်ပင်က နွားတစ်ကောင်ကို ၁ သိန်းသတ်မှတ်ထားပြီး နွားသယ်ယူရာမှာလည်း လမ်းက စစ်ဆေးရေး ဂိတ်တွေကို တစ်ကောင်ကို ၂ သိန်းခွဲအထိ ငွေပေးရတယ်။ ဒီနှစ်မှာ မနှစ်ကထက် ဈေးပိုပေးရတယ် ” လို့ ရန်ကုန် မြို့က အစ္စလာမ်ဘာသာဝင် တစ်ယောက်က ပြောပါတယ်။

သန်လျင်ဘက်မှာလည်း နွားတစ်ကောင်ကို ကျပ်သုံးသိန်းခွဲပေးရတဲ့အပြင် ကုရ်ဘာနီလုပ်မယ့် နေရာအတွက် လည်း ငွေပေးရတယ်လို့ ဆိုပါတယ်။

သန်လျင်မြို့နေ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်က “သန်လျင်ဘက်မှာတော့ နွားသယ်ယူရာမှာ လည်း ငွေပေးရသလို ကုရ်ဘာနီ ပြုလုပ်မယ့် နေရာအတွက်လည်း အထွေထွေ စရိတ်တွေနဲ့ သန့်ရှင်းရေးအထိ ကို နွားတကောင်ကို ၃ သိန်းခွဲထိ ပေးရတာ၊ သယ်ယူတဲ့နေရာမှာ လည်း လိုင်စင်စီမဟုတ်တဲ့အတွက် လမ်းဂိတ် တွေကို ငွေပေးရတယ်၊ တချို့ကားနဲ့ သယ်ရင် ငွေပေးရလို့ ခြေလျင် မောင်းပြီး လာတော့လည်း ပေးရတာပဲ” လို့ ပြောပါတယ်။

ပြည်မြို့မှာလည်း အရင်နှစ်ကထက် အခွန်အခပေးရသည်မှာ ပိုစျေးတက်သွားတယ်လို့ မြို့နေ အစ္စလာမ်ဘာသာ ဝင်တွေက ပြောပါတယ်။

“ပြည်မြို့မှာတော့ ထွေအုပ်ကို ဖေါင်တင်ခ က မနှစ်က ၃၀၀၀၀ ကျပ်ကို အခုနှစ်တော့ တက်သွားတယ် ၄၀၀၀၀ ဖြစ်သွားတယ်။ ကုရ်ဘာနီလုပ်မယ့် ဗလီတွေမှာတော့၊ သန့်ရှင်းရေးခနဲ့ အထွေထွေ စရိတ်တွေပေးရတယ်။ ၅၀၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်အထိပေးနေရတယ်၊ သားရေလည်း ပေးရတယ်။ ပြည်မြို့အဝင်အထွက် တွေမှာတော့ ရဲတွေကို တကောင် ၂၀၀၀၀ ကျပ်၊ စစ်ကောင်စီ တပ်သားတွေကို ၂၀၀၀၀ ကျပ်ပေးရတယ်” လို့ ပြည်မြို့က အစ္စလာမ်ဘာသာဝင် တစ်ယောက်က ပြောပါတယ်။

နွားပွဲဈေးက ဝယ်လာတဲ့ လက်မှတ်ပါရင်လည်း စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေက ငွေတောင်းပါက ပေးနေရတယ်လို့ ဆိုပါတယ်။

တောင်းသမျှ အခွန်အခငွေကို ပေးခဲ့ပေမယ့် ပြည်မြို့ရှိ ကိုသောင်းဈေးနားတွင် နွားမောင်း လာတာကို အတင်း လိုက်ဖမ်းလို့ ကျပ် ရှစ်သောင်း ထပ်ပေးလိုက်ရသူလည်း ရှိနေတယ်လို့ ပြည်မြို့နေ အစ္စလာမ် ဘာသာဝင် က ဆက်ပြောပါတယ်။

မန္တလေးမြို့မှာတော့ အရင်နှစ်က နှုန်းတွေအတိုင်းပဲ အပြောင်းအလဲမရှိပေမဲ့ နွားသွားဝယ်ရင် အရင်က ရဲဂိတ် အတွက်ပဲ ပေးရတာကနေ အခုဆို စစ်တပ်ဂိတ်တွေ အတွက်ပါ ပေးနေရတယ်လို့ မန္တလေးမြို့ခံ အစ္စလာမ် ဘာ သာဝင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နယ်မြေ မအေးချမ်းတာ၊ လမ်းခရီးမအေးချမ်းတာကြောင့် တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံ တို့ကို နွားတင်ပို့မှု ရပ်ဆိုင်းလိုက်တာကြောင့် ပြည်တွင်းနွားဈေး ကျဆင်းသွားပြီး၊ ကုရ်ဘာနီ ပြုလုပ်သူ ပိုများ လာတယ်လို့ ဖားအံ့မြို့နေ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒ်နေ့ကို မနက်စောစောပိုင်းမှာ ဘုရားဝတ်ပြုကြပြီး၊ အသား‌ဝေတာ၊ မုန့်အချို ကျွေးတာစတဲ့ ဘာသာရေး ဓလေ့တွေကို ပြုလုပ်ကြပါတယ်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...
June 13, 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် မှာနေထိုင်သူ ရိုဟင်ဂျာ အမျိုးသား ဦးသန်းမြင့် (ခ)...