အဌမအကြိမ်မြောက် မွန်အမျိုးသားညီလာခံကျင်းပပြီးစီး

အဌမအကြိမ်မြောက် မွန်အမျိုးသားညီလာခံကျင်းပပြီးစီး
by -
မွန်အေဂျင်စီ

မွန်အမျိုးသားရေးရာအဖွဲ့ချုပ် Mon Affair Union-MAU ကြီးမှူး၍ အဌမအကြိမ်မြောက် မွန်အမျိုးသား ညီလာခံကို ယနေ့ညနေ(၆) နာရီခန့်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

mon-meeting
ပြီးခဲ့သည့် ဇန်နဝါရီ(၁၈) ရက်နေ့နံနက်ပိုင်း၌ ထိုင်းမြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် စတင်ကျင်းပခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်းတစ်ရာကျော် တက်ရောက်ခဲ့ကြသည်။

“လက်ရှိမြန်မာပြည်ရဲ့နိုင်ငံရေးအကွေ့အပြောင်းတွေက အားလုံးအတွက်အရေးကြီးသလို ကျနော်တို့မွန် တိုင်းရင်းသားတွေအတွက်လည်း အရေးကြီးတဲ့အချိန်ကာလတစ်ခုကိုရောက်နေတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့မွန်အမျိုးသားညီလာခံမှာ လေးနက်တဲ့ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက်တွေချခဲ့ကြတယ်” ဟု MAU ဒါရိုက်တာ နိုင်ဥဿာက ပြောသည်။

သို့ရာတွင် ညီလာခံ၏ဆုံးဖြတ်ချက်များအား ရှင်းပြပြောဆိုခွင့်မရှိသော်လည်း မကြာမီတွင်ကြေညာချက် တစ်ရပ် ထုတ်ပြန်မည်ဟု သိရသည်။

အထူးသဖြင့် မကြာမီရက်ပိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့ အသစ်တဖန်ပြန်လည်ဆွေးနွေး မည့် အပစ်အခတ်ရပ်စဲကိစ္စရပ်အပေါ် အထူးအာရုံစိုက်၍ ဆွေးနွေးခဲ့ကြကြောင်း ညီလာခံတက်ရောက် သူတစ်ဦးက ပြောသည်။

“တစ်ပြည်လုံးလွှမ်းခြုံတဲ့နိုင်ငံရေးအရတွေ့ဆုံမှုတွေ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးပမ်းကြရမယ်” ဟု သူကပြောသည်။

The Overseas Mon Coordination Committee (OMCC) အတွင်းရေးမှူး မင်းချမ်းမွန်က “မွန်နိုင်ငံ ရေးခေါင်းဆောင်တွေ၊ မွန်လူငယ်တွေနဲ့တွေ့ဆုံခွင့်ရတဲ့အတွက် ကျနော့်သိပ်ကိုဝမ်းသာမိတယ်” ဟု ပြောသည်။

MAU အဖွဲ့ဝင်ဖြစ်သော OMCC အဖွဲ့သည် တတိယနိုင်ငံအသီးသီးတို့ရောက်ရှိနေကြသည့် မွန်တိုင်းရင်း သားများဖြင့်စုဖွဲ့ထားပြီး အင်အားအကြီးမားဆုံး မွန်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

MAU လက်အောက်ခံအဖွဲ့အစည်းများမှာ ပြည်တွင်းရှိ မွန် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊တတ်သိ ပညာရှင် အဖွဲ့အစည်းကိုယ်စားပြုသူများ၊ ထိုင်းမွန်အဖွဲ့အစည်းများ၊ ထိုင်းမြန်မာနယ်စပ်ရှိ မွန် Ngo အသင်းအဖွဲ့များနှင့် MUL အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီနှင့် OMCC တို့ပါဝင်သည်။

မွန်ရေးရာအဖွဲ့ချုပ် MAU ကို ၂၀၀၂ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး အလားတူညီလာခံကို ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့သည်။

Most read this week