အာရုံမတက်မှီ နံနက်ခင်းလေးရဲ့ မြင်ကွင်း တခုမှာပါ။ သစ်၊ ၀ါးနဲ့ ဖက်တို့ဖြင့် ဖွဲ့စည်းတည် ဆောက်ထားတဲ့ တဲအိမ်ငယ်လေးတလုံးရဲ့ နံဘေးမှာ မီးခိုးလိုင်းလုံးလေးတွေကောင်းကင် ထက်ကို တလူလူကြွတက်လို့နေပါတယ်။
အာရုံမတက်မှီ နံနက်ခင်းလေးရဲ့ မြင်ကွင်းတခုမှာပါ။ သစ်၊ ၀ါးနဲ့ ဖက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားတဲ့ တဲအိမ်ငယ်လေးတလုံးရဲ့ နံဘေးမှာ မီးခိုးလိုင်းလုံးလေးတွေ ကောင်းကင်ထက်ကို တလူလူကြွတက်လို့နေပါတယ်။ တဲအိမ်ငယ်လေးဟာ မည်သူ့မည်ဝါရဲ့ နေအိမ်တော့မဟုတ်ပါ။ ကန္တာရဝတီတိုင်း(မ်)ရဲ့ ရုံးလေးဘဲဖြစ်ပါတယ်။
အဲဒီမနက်မှာ ထူးထူးခြားခြား အသက်၂၀ အရွယ်ဝန်းကျင်လောက်ရှိတဲ့ အမျိုးသားတယောက်မှာ ပေါက်ပြားကိုင်ပြီး ရုံးဘေးနားက မြက်ပင်ကိုင်းပင်တွေကို ရှင်းလင်းနေပြီးကျန်အမျိုးသမီးတယောက်မှာ တော့ တံမြက်စည်းတချောင်းကိုင်ထားပြီး ရုံး ပတ်ပတ်လည်မှာရှိသမျှ အမှိုက်သရိုက်တွေကို ရှင်းလင်းလို့နေပါတယ်။
သတင်းဌာနတခုရဲ့ ရုံးဖြစ်ပေမယ့်လို့ ရုံးသူရုံးသားတွေကတော့ ရုံးဘေးပတ်ဝန်းကျင်မှာရှိတဲ့အမှိုက် သရိုက်တွေကို ရှင်းချိန်မရှိလောက်အောင် နေ့စဉ်သတင်းလိုက်တဲ့ အလုပ်တွေနဲ့ အချိန်ဖြုန်းရပါတယ်။ အားလပ်ရက်တွေမှာတောင် သတင်းအလုပ်တွေလုပ်နေရလို့ ရုံးသန့်ရှင်းရေးလုပ်ချိန်တောင်မရှိနိုင် ပါဘူး။ တခါတလေ ရုံးကိုကြည့်လိုက်ရင် ရုံးလို့တောင် မထင်လောက်အောင် သေသပ်မှုနဲ့သပ်ရပ်မှု တို့က အလွန့်အလွန်ကို ညံ့ဖျင်းလှပါတယ်။
ဒါပေမယ့် အဲဒီရှုပ်ထွေးမှုတွေကို အသက်၂၀ ၀န်းကျင်လောက်ရှိတဲ့ လူရွယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကနေပြီး စိတ်ပါလက်ပါ လာရောက်ရှင်းလင်းပြီးတဲ့နောက်မှာတော့ရုံးလေး ခမျာ အသက်ရှုချောင်သွားရသလိုဘဲ သဘာဝပတ်ဝန်းကျင်အလှနဲ့ လိုက်ဖက်သွားပါတော့တယ်။
လူရွယ်နှစ်ယောက်ဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီကျမ်းစာကျောင်းက ကျောင်းသူကျောင်း သားတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့ Labor Day - အလုပ်သမားနေ့အဖြစ် ကျမ်းစာကျောင်းရဲ့ အလှူရှင်၊ အမြဲတမ်းကူညီပံ့ပိုးပေးသူရဲ့ အိမ်တွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ တနေ့တာ အိမ်မှုကိစ္စတွေကို သွားရောက်ကူညီပေးတာ ဖြစ်ပါတယ်။ Labor Day ကို ရက်၊ လ သတ် မှတ်ထားခြင်းမရှိပဲ အဓိက ရည်ရွယ်ချက်က ကျောင်းသူကျောင်းသားများ အားလပ်တဲ့ရက်တွေမှာ အိမ်ရှင်တွေနဲ့ ခင်မင်ရင်းနှီးအောင် မိသဟာယဖွဲ့တာ၊ ကျောင်းရန်ပုံငွေအဖြစ် တနှစ်တခါ လုပ်အား ပေးတာတွေ လုပ်လေ့ရှိတယ်လို့ ကျမ်းစာကျောင်းက ဥက္ကဌ ထူးလာဖောက ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်)ရုံးဘေးမှာ ပေါက်ပြားကိုင်ပြီး မြက်ရှင်းနေတဲ့ ကျမ်းစာကျောင်းသား ဧပြီနေထူးက “တခါမှတော့ ဒီလူတွေနဲ့ သွားပြီးတော့ မဆုံဖူးဘူး။ သွားပြီးတော့ မသိဖူးဘူးပေါ့။ အဲဒါ ကျနော်တို့ လာတဲ့ခါမှာ ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံတယ်။ ကြိုဆိုတယ်။ အလုပ်ပေးတဲ့အခါမှာ ကျနော်တို့လည်း အရမ်းဝမ်းသာတာပေါ့။ လုပ်စရာရှိတဲ့အခါမှာ ကျနော်တို့လည်း တာဝန်ရှိတဲ့အတိုင်း ကျနော်တို့လုပ်တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်တော့ လုပ်ပေးပါတယ်။ စေတနာရှိရှိနဲ့ ကျနော်တို့လည်း လုပ်ချင်တာပေါ့။ ကျနော်တို့လုပ်ရတာလည်း စိတ်အားထက်သန်ပါတယ်”
ဧပြီနေထူးလိုဘဲ လေဘာဒေးနေ့မှာ ကျမ်းစာကျောင်းက ကျောင်းသားကျောင်းသူအားလုံးဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီလူမှုအသိုင်းအဝိုင်းတို့ရဲ့ နေအိမ်နဲ့ ရုံးတွေဆီမှာသွားပြီးတနေ့တာအလုပ် များဖြစ်တဲ့ တံမြက်စည်းလှည်းပေးခြင်း၊ မြက်နှုတ်ခြင်း၊ မြက်ရှင်းခြင်း၊ စာအုပ်စာတမ်းများစီပေးခြင်း စတဲ့ အလုပ်တွေကို သွားရောက်ကူညီပေးကြပါတယ်။
ဒီလိုမိတ်သဟာယဖွဲ့ခြင်းအားဖြင့် အိမ်ရှင်များနဲ့ ခင်မင်ရင်းနှီးမှုရရှိပြီး ရှေ့ဆက်အလုပ်လုပ်ဆောင်ရာမှာ ပိုမိုလွယ်ကူစေနိုင်ပြီး ရှေ့ဆက်မှာ ဒီလိုအလုပ်အကိုင်တွေနဲ့ ကြံုလာနိုင်တဲ့အတွက်ကြောင့်လုပ်ဆောင်ရ ခြင်းဖြစ်ပါတယ်။
ဒီအလုပ်တွေလုပ်နေရပေမယ့် ကျမတို့ဟာ မောပန်းခြင်း မရှိပါဘူးလို့ ဧပြီနေထူးနဲ့အတူသန့်ရှင်းလေး လုပ်နေတဲ့ ရုသက ပြောပါတယ်။
“ကျမတို့ ဒီလိုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က ဒီမှာရှိတဲ့ အိမ်သူအိမ်သားတွေနဲ့ သွားပြီးမိတ်သဟာယဖွဲ့ ချင်တဲ့သဘောပဲ။ ပျော်ပါတယ် ဒီလို သွားပြီးမိတ်သဟာယဖွဲ့ပြီး လုပ်တဲ့အချိန်မှာ ပျော်တယ်”
သူတို့တွေဟာ မိတ်သဟာယ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ အိမ်ရှင်က ပေးတဲ့ အလုပ်တာဝန်တွေကို ပြီးဆုံး သွားတဲ့အထိ လုပ်ကိုင်ပေးကြပါတယ်။ ကျမ်းစာကျောင်းကို လာရောက် ပညာသင်ယူဆီးပူး နေကြတဲ့ ကျောင်းသူကျောင်းသားများဟာ တောကနေလာတဲ့လူများရှိသလို၊ မြို့ပေါ်ကနေလာရောက်တဲ့သူများ လည်း ရှိပါတယ်။ ဒါပေမယ့် အမှုတော်ဆောင်ဖြစ်လာတဲ့အချိန်မှာဆိုရင် တခြားလူတွေနဲ့မိတ်သဟာ ယဖွဲ့တဲ့ အလုပ်ကို လုပ်ကြရပါတယ်။
ကျမ်းစာကျောင်းက ကျောင်းသူကျောင်းသားတွေဟာ မိမိရဲ့ အလှူရှင်တွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ တနှစ်မှာတခါ အိမ်မှုကိစ္စအဝဝတွေကို သွားရောက်ကူညီပေးတာပါလို့ ကျမ်းစာကျောင်းကပြောရေးဆို ခွင့်ရှိသူ ဆရာဧပရယ်က ပြောပါတယ်။
“ကျနော်တို့ကို အမြဲတမ်းပံ့ပိုးကူညီနေတဲ့ လူတွေဆီမှာ ကျနော်တို့ သွားပြီးတော့ မေတ္တာပြတယ်။ မိတ်သဟာယဖွဲ့တယ်။ ကျနော်တို့ကျောင်းရဲ့ လှုပ်ရှားမှုကိုလည်း သူတို့လည်း ပိုပြီးတော့သိလာတယ် ပေါ့နော်။ ပြီးတော့ သူတို့လည်း မေတ္တာပြတယ်။ အဲဒါနဲ့ ကျနော်တို့က သူတို့ဆီမှာ သွားပြီးတော့ အလုပ်လုပ်ပါတယ်။ မသွားခင်တော့ ကျနော်တို့ ကြိုပြီးတော့ ဖိတ်စာပေးတာပေါ့နော်။ အသိပေးရ တာပေါ့။ စာရေးပြီးတော့ အကြောင်းကြားတယ်”
မိတ်သဟာယဖွဲ့တဲ့ အိမ်တွေကို တနေ့တာ အိမ်အလုပ်ကို ၀ုိင်းလုပ်ကူပြီးတဲ့အချိန်မှာ အိမ်ရှင်တွေ စေတနာ ရှိတဲ့အတိုင်း အလှူငွေတွေ ထည့်ပေးတတ်ကြပါတယ်။ အလုပ်လုပ်ပြီး လက်ခံရရှိလာတဲ့ အလှူငွေတွေကို မိမိတို့ရဲ့ ကျမ်းစာကျောင်းအတွက် ရန်ပုံငွေအဖြစ် ထားပါတယ်လို့ ဆရာဧပရယ်က ပြောပါတယ်။
“သူတို့ကိုလည်း ဒီကျောင်းရဲ့ လှုပ်ရှားမှုတခု၊ ကျောင်းရဲ့ အကြောင်းအရာကိုလည်း သူတို့ကိုလည်း ပြောပြတယ်။ ပြီးတော့ တခါတလေ ကျနော်တို့ သွားလုပ်တဲ့အခါမှာ သူများတွေအလှူငွေပေးလာတယ် လေ။ အဲလိုပေးတဲ့အခါမှာ ကျနော်တို့ ကျောင်းရဲ့ ရံပုံငွေ ဆိုပြီးတော့ ကျနော်တို့ ပြန်ပြီးထားပါတယ်။ ဒါကတော့ အဓိကကတော့ အလှူငွေမဟုတ်ပါဘူး။ အလှူရှင်တွေနဲ့ မိတ်သဟာယဖွဲ့မယ်။ မိသားစုကဲ့သို့ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံတယ်”
ကျမ်းစာကျောင်းမှာ ကျောင်းသူ၊သားပေါင်း ၃၉ ယောက်ရှိပြီး အလုပ်သမားနေ့မှာ ဓမ္မမိတ်ဆွေတွေ အိမ်က အလုပ်တွေကို တနေ့တာ သွားရောက်လုပ်ကိုင်ပေးတာဟာ ဒီနှစ်ပါဆိုရင် ရ နှစ်လောက် ရှိပါပြီ။ နောင်နှစ်များစွာမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆရာဧပရယ်က ပြောသွားပါတယ်။



