(ဆောင်းပါး) အပြာရောင် တောင်တန်းကြီးများက မြင့်မားပြီး ရှည်လျားစွာ သွယ်တန်းလျက်ရှိနေသည်။ တောင်းတန်ကြီး တကြော၏ အကြားတွင် အနံ ပေ ၂၀ ခန့် ကျယ်သော ချောင်းတချောင်းက အကွေ့ အကောက်များနှင့် သာယာစွာ ရေများစီးဆင်းနေ သည်။
အပြာရောင် တောင်တန်းကြီးများက မြင့်မားပြီး ရှည်လျားစွာ သွယ်တန်းလျက်ရှိနေသည်။ တောင်းတန်ကြီး တကြော၏ အကြားတွင် အနံ ပေ ၂၀ ခန့် ကျယ်သော ချောင်းတချောင်းက အကွေ့အကောက်များနှင့် သာယာစွာ ရေများ စီးဆင်းနေသည်။ ချောင်းနာဘေး တလျှောက်တွင် ကျေးလက်ဒေသက တောရွာ လေးလိုလို သစ်၊ ၀ါး၊ ဖက်များဖြင့် ဆောက်လုပ်ထားသော တဲအိမ် အလုံး ၅၀၀ ကျော်တည်ရှိပြီး လူ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။
ယင်းနေရာသည် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ခွန်ရုံးမြို့၏ အနောက်ဘက် ၆ ကီလိုမီတာခန့်တွင် တည်ရှိနေသည့် မဲ့စူရင်း (ခေါ်) ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း ဖြစ်သည်။ ၎င်းဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ မြန်မာတိုင်းရင်းသား ဒုက္ခသည်စခန်းများ အထဲမှ အသေငယ်ဆုံး တခု ဖြစ်ပြီးဒုက္ခသည်ဦးရေ အနည်းဆုံး ရှိသည်။

မဲ့စူရင်းသည် လွန်ခဲ့သော ၁၉၉၅ ခုနှစ်က စ၍ ဒုက္ခသည်စခန်းအဖြစ် ထိုင်းအစိုးရနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်ချ်စီအာရ်) တို့က အသိအမှတ်ပြုခဲ့သည်။ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့အကြား တိုက်ပွဲများနှင့် စစ်ရေး ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင် ရသော ကရင်နီပြည်တွင်းမှ တိုင်းရင်းသား ပြည်သူများ ခိုလှုံရန်အတွက် ဒုက္ခသည်စခန်း ဖြစ်ပေါ်လာခဲ့ ရခြင်း ဖြစ်သည်ဟု မဲ့စူရင်း ဒုက္ခသည် စခန်းအုပ်ချုပ်ရေး၏ လက်ရှိ ဥက္ကဌဖြစ်သူ ရှယ်လီသန့်ကပြောပါ သည်။
“ဘာကြောင့် ဖြစ်လာရသလဲဆိုတော့ ကျမတို့ စစ်ပြေးတယ်ကော အဲဒီအချိန်တုန်းက။ စစ်ကြောင့် ကျမတို့ ထွက်ပြေးရတယ်ဆိုတော့ စစ်ကြောင့်ပဲ ဒုက္ခသည်စခန်းပဲ ဖြစ်လာရတယ်ပေ့ါ” ဟု ၎င်းက ပြောသည်။
စခန်းအတွင်းတွင် ခိုလှုံနေထိုင်ကြသော စစ်ပြေး ဒုက္ခသည်များသည် အများအားဖြင့် ကရင်နီပြည် ဖာ ဆောင်းနှင့် မဲ့စဲမြို့နယ်များထဲမှ ထွက်ပြေးရောက်ရှိလာကြပြီး ပကူး မျိုးနွယ်စု အများစု ဖြစ်ကာ ကယား၊ ရှမ်းနှင့် ကချင် မျိုးနွယ်စုတို့ကလည်း နေထိုင်ကြသည်။
ဖာဆောင်းမြို့နယ်ရှိ အမှတ် ၂ ခရိုင် ဘူးခိုကျေးရွာမှ ထွက်ပြေးလာပြီး စခန်းအတွင်း၌ ၆ နှစ်ကြာနေထိုင် လာခဲ့သော အသက် ၂၉ နှစ် အရွယ်ရှိ မိခင်ဖြစ်သူ ဒီးရှာဖောက သူ့ရွာ၌ နေထိုင်ခဲ့သည့် အချိန်တွင် မြန်မာအစိုးရ စစ်တပ်များ၏ ထိုးစစ်ဆင်မှုများကြောင့် အထမ်းသမား ပေါ်တာအဖြစ်ခေါ်ဆောင်သွားခံ ရခြင်း၊ တောတွင်း၌ ထွက်ပြေးပုန်းအောင်းရခြင်းတို့ကို မကြာခဏ ကြံုတွေ့ခဲ့ရသည်ဟု ပြောသည်။
“ရွာမှာ နေတုန်းက ဗမာစစ်တပ်တွေက ကျမတို့ ရွာထဲကို ခဏခဏ ၀င်လာတော့ ပြေးရတယ်။ တောထဲမှာ သွားပုန်းနေရတယ်။ အဲဒါ ဒီဒုက္ခသည်စခန်းထဲကို ထွက်ပြေးလာနေတာ” ဟု ၎င်းက ပြောသည်။
စခန်းအုပ်ချုပ်ရေး၏ ဒုက္ခသည် စာရင်း ပြုစုချက်အရ လက်ရှိ မဲ့စူရင်းတွင် ဒုက္ခသည်ဦးရေ ၃၆၈၁ ဦး နေထိုင်လျက်ရှိသည်။ ထိုအထဲတွင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံရပြီး ယူအဲန် လက်မှတ် ရှိသူ ၁၉၄၇ ဦး ရှိပြီး အသိမှတ်ပြု မခံရသေးသူ လူသစ်များမှာ ၁၇၃၄ ဦး ရှိသည်။
စခန်းအတွင်းတွင် ဒုက္ခသည်များအတွက် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာများနှင့် အခြား ကဏ္ဍများ ကို အစိုးရ မဟုတ်သော အဖွဲ့အစည်း (အဲန်ဂျီအို) များက ထောက်ပံ့ကူညီပေးနေကြသည်။

ဒုက္ခသည်များသည် စခန်းအတွင်း၌ နှစ်ပေါင်း ကြာမြင့်စွာ နေထိုင်လာသည်နှင့်အမျှ တတိယနိုင်ငံ (ခေါ်) ပြန်လည် အခြေချရေး အစီအစဉ်သို့ ထောင်နှင့် ချီပြီး ထွက်သွားခွင့် ရရှိကြပြီ ဖြစ်သည်။ စခန်းအတွင်း တွင်လည်း ထောင်နှင့်ချီသော ဒုက္ခသည်များ ကျန်ရှိနေဆဲ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နှင့် အမှတ် ၂ ဟူ၍ နှစ်ခု ရှိပြီး လူဦးရေ ၁၇၈၀၀ ကျော် နေထိုင်လျက်ရှိသည်။ ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ကရင်နီဒုက္ခသည်စခန်း ၂ ခု အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁၄၀၀၀၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီစောက်ရှောက်ရေး အသင်း (တီဘီဘီစီ)၏ စာရင်း ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လက အသစ် တက်လာသော မြန်မာအစိုးရ၏ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများသည် မြန်မာအစိုးရ တပ်များကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အခြေခံ စခန်းများ ဖြစ်ကြောင်း၊ တနည်းအားဖြင့် သူပုန် စခန်းများ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
သို့သော် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားများသည် ပြည်တော်ကို ပြန်လာလိုလျှင် ပြန်လာနိုင်ကြကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ် သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
“အကြောင်း အမျိုးမျိုးကြောင့်၊ နောက် ပြည်ပကို ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား တွေကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာ မရှိဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစားပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။
ဆက်လက်ပြီး “ ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုလို့ရှိရင် လည်း ကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောဆိုသွားသည်။
ပြည်တော် ပြန်ရေးကို သမ္မတ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တော်ကို ပြန်လာကြသော ပြည်ပရောက်အနုပညာ သမားနှင့် မြန်မာနိုင်ငံသား အချို့လည်း ရှိကြပြီ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စူရင်း ဒုက္ခသည်စခန်းအုပ်ချုပ်ရေး၏ ဥက္ကဌ ရှယ်လီသန့်ကတော့ ပြည်တော် ပြန်ရေးကို မြန်မာအစိုးရက ဖိတ်ခေါ်သည့်တိုင်အောင် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေမတည်ငြိမ်မှု ကြောင့် ပြန်ရန် မဖြစ်နိုင်သေးကြောင်း ပြောပါသည်။
“အခုလက်ရှိ နိုင်ငံရေး အခြေအနေကို ကျမတို့ ကြည့်လိုက်မယ်ဆိုလည်း တည်ငြိမ်မှု မရှိသေးဘူး။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ ကျမတို့ စစ်ဖြစ်လာခဲ့တယ်။ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုတယ်။ ယုံကြည့်မှု မရှိဘဲနဲ့ ပြန်လို့ ရှိရင်တော့ အရင်တုန်းက ပုံစံလိုမျိုးပဲပေါ့နော့် တခါ ထွက်ပြေးရမယ်၊ တခါ ထပ်ပြောင်းရမယ် ဆိုတာလည်း ဖြစ်မှာ စိုးလို့ပါ။ အဲဒါကြောင့်မို့လို့ ကျမ အနေနဲ့ တယောက်တည်းအနေ နဲကြတော့ ပြန်ဖို့တော့ မဖြစ်သေးဘူး” ဟု ၎င်းက ပြောသည်။
မဲ့စူရင်းတွင် နေထိုင်သော ကရင်နီဒုက္ခသည် ဒီးရှာဖောကလည်း လတ်တလောတွင် ပြည်တွင်းကို ပြန်ရန် ဆန္ဒ မရှိဘဲ တတိယနိုင်ငံသို့ သွားရောက်အခြေချချင်နေသည်။
“တတိယနိုင်ငံသို့ ရှေ့ဆက် သွားနိုင်ရင် သွားမယ်။ ကိုယ့်ဌာနေ ကိုယ့်ရပ်ရွာကို ပြန်မယ်ဆိုရင်လည်း ပြန်လို့ မရဘူး၊ မပြန်တတ်ဘူး။ ဟိုးမှာ ပြန်ရောက်ရင် ထပ်ပြေးရအုံးမှာပဲ” ဟု ၎င်းက ပြောသည်။
ရှယ်လီသန့်၏ ပြောပြချက်အရ မဲ့စူရင်း ဒုက္ခသည် စခန်းမှ ကရင်နီဒုက္ခသည်များသည် အချို့က တတိယ နိုင်ငံသို့ သွားရောက်အခြေချရန် အခွင့်အရေးကို မျှော်ကိုးနေကြသည်။ အချို့က ထိုင်း-မြန်မာနယ်စပ်တွင် ရှေ့ဆက်ပြီး အခြေချသွားရန် စီစဉ်နေကြသည်။ အချို့က မြန်မာနိုင်ငံ အေးချမ်းသည့် တနေ့တွင် ကိုယ့်တိုင်း ပြည်၊ ကိုယ့်ဌာနေကိုပြန်လည်နေထိုင်သွားရန် စောင့်မျှော်နေကြသည်။

စခန်းအတွင်းတွင် ကျောင်းတက်နေကြသော ကျောင်းသားလူငယ်များနှင့် ကလေးငယ်များသည် ညနေပိုင်း ကျောင်းဆင်းသည့် အချိန်တွင် စခန်း၏ အလယ်၌ စီးဆင်းနေသော ချောင်းနာဘေးတွင် ဘောလုံး ကစား၍လည်းကောင်း၊ ချောင်းထဲတွင် ရေဆော့ကစား၍လည်းကောင်း ပျော်မြူးနေကြသည်။
ကျောင်းသားလူငယ်များ၊ ကလေးငယ်များနှင့် ကရင်နီ စစ်ပြေး ဒုက္ခသည်များသည် စခန်းအတွင်း၌ ကျဉ်းကြပ်စွာ နေထိုင်ရသော်လည်း မျှော်လင့်ခြင်း ကိုယ်စီ ထားပြီး အသက်ရှင်နေကြသည်မှာ အမှန်ပေ။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိသေးသရွေ့၊ ပြည်တွင်းစစ် မရပ်သေးသရွေ့၊အုပ်ချုပ် ရေး နည်းစနစ် မပြောင်းလဲသေးသရွေ့တော့ သူတို့သည် တောင်တန်းကြီးများ အကြား၌ တသွင်သွင် စီးဆင်းနေသော ချောင်းနံဘေး တလျှောက်ရှိ တဲအိမ်များတွင် မည်မျှကြာ ဆက်လက်နေထိုင်သွားအုံး မည်နည်း ဆိုသည်ကို မည်သူမှ အတတ် ဖြေ၍ မရသေးပါ။



