“တက်တက်၊ ကားပေါ်တက်ကြ။ ကပွဲအတွက် အဝတ်အစားတွေနဲ့ ဗုံတွေ၊ မောင်းတွေအစုံပါ တယ်နော်” လို့ စကားသံဝဲဝဲနဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ လူကြီးတစ်ယောက်က လူငယ်တွေကို အော်ပြောနေတယ်။
အင်္ဂလိပ် လက်ကျန်ခေတ် ခေါင်မိုးဖွင့် ကုန်ကားကြီး တစ်စီးထဲကို ကုန်ပစ္စည်းတွေ ပြည့်နှက်နေအောင် တင်ပြီး အဲဒီကုန်ပစ္စည်းတွေ အပေါ်မှာ လူကြီး၊ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးတွေအပြင် ကလေးတွေပါမကျန် ကိုယ်စီ နေရာယူလိုက်ကြတယ်။
ကားပေါ်မှာ လူအယောက် ၃၀ လောက် ကြပ်သိပ်နေအောင် ပူးကပ်ထိုင်နေကြတဲ့အပြင် မတ်တပ်ရပ် တွယ်စီးနေတဲ့ သူတွေလည်း တွေ့ရတယ်။
ဒီကားက လွိုင်ကော်မြို့ကနေ ကယားပြည်နယ် တစ်ခုလုံး လူမျိုးစု အားလုံးအတွက် အထိဋ်အထိပ် ဖြစ်တဲ့ ကေ့ထျိုးဘိုး ရိုးရာပွဲတော်လို့ ခေါ်ကြတဲ့ တံခွန်တိုင် ပွဲတော် ကျင်းပမယ့် ရှားတောမြို့ကို သွားမယ့် လိုင်းကား တစ်စီးပါ။
ကေ့ထျိုးဘိုး ပွဲတော် ကျင်းပတဲ့ ရက်တွေကတော့ တစ်နှစ်နဲ့ တစ်နှစ် ရက်သီးသန့် သတ်မှတ်ထားတာ မရှိပါဘူး။ မတ်လနဲ့ ဧပြီလအတွင်းမှာ “ကြက်ရိုးထိုး” ဗေဒင် မေးပြီး အဆင်ပြေတဲ့ ရက်ကို ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက သတ်မှတ်ကြတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပဖို့အတွက် ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ကြပါတယ်။
နယ်ပေါင်းစုံက ပွဲတော်ကို လာတဲ့ သူတွေ စတည်းချ တည်းခိုနေထိုင်ရေးအတွက် ပွဲတော် ကျင်းပတဲ့ မြို့နယ်မှာ ရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး စားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ စားနိုင်ဖို့ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားပါတယ်။
နေ့ခင်းဘက်မှာ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ စုပေါင်းကစားကြပြီး ညဘက်မှာတော့ အကပြိုင်ပွဲတွေ၊ ရိုးရာအဝတ်အစားနဲ့ အလှပြိုင်ပွဲတွေနဲ့ ပြဇာတ်တွေ ကပြဖျော်ဖြေကြပါတယ်။
ပွဲစျေး ဆိုင်တန်းတွေ ရှိပြီး ရိုးရာ အစားအစာ အရောင်းဆိုင်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ခေါင်ရည်ဆိုင်တွေ ရှိတယ်လို့လည်း ပွဲတော် တက်နေကျ လူငယ်တွေက ပြောပါတယ်။
ဒီနှစ် ကျင်းပတဲ့ ရှားတောမြို့ ဆိုတာကတော့ ကယားပြည်နယ်မှာ မြို့ ၈ မြို့ရှိတဲ့အနက် ပဥ္စမမြောက် လူဦးရေ အများဆုံး မြို့လို့ ဆိုနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ခက်ခဲတယ်လို့ အကြောင်းသိ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်တစ်ခုလုံး ကိုယ်စားပြု ပွဲတော်ကြီး ဖြစ်တာကြောင့် အစည်ကားဆုံး ပွဲတော်ကြီး တစ်ခု ဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံခွန်တိုင်ပွဲတော်ကို အရင်နှစ်တွေကလောက် အခြားမြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ မသွားနိုင်ကြဘဲ ဖြစ်နေပါတယ်။
“အဲဒီဘက်မှာက လိုင်းကားတွေ မရှိတော့ သွားဖို့ အရမ်းခက်တယ်။ ကျေးရွာ တိုင်းလိုလို သွားနိုင်မယ် မထင်ဘူး။ ကျမတို့ အခု ကျေးရွာ အုပ်စုတွင်းမှာတော့ ၈ ရွာပဲ သွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုတ်ဆံတွေ စုပြီး ကားတစ်စီး ငှားပြီး သွားကြတယ်” လို့ ဒီးမော့ဆိုမြို့ ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ရှားတောမြို့ရဲ့ ကျေးရွာငယ်လေးတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လက်နက်ကိုင်အဖွဲ့ -KNPP တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။
ရှားတော့ရဲ့ အရှေ့ဘက်အခြမ်းဟာ ထိုင်း-မြန်မာနယ်စပ် ဖြစ်ပြီး နယ်စပ်တလျှောက်မှာလည်း KNPP တပ်ဖွဲ့တွေ စခန်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအေးချမ်းသေးတဲ့ နယ်မြေ ဖြစ်နေသေးတာကြောင့် ခရီးသွားလာတဲ့ သူတွေ နည်းပါးပြီး ကယားပြည်နယ်ရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့် ခရီးသည်တင် လိုင်းကားက တစ်စီး၊ နှစ်စီးလောက်သာ ရှိပါတယ်။
ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှားတောမှာ ပွဲတော် ကျင်းပဖို့ ရွေးချယ် ရတာကတော့ ဒီနှစ် ရှားတောမြို့မှာ တံခွန်တိုင်ပွဲ ကျင်းပဖို့ အလှည့်ကျတဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဒီနှစ် တံခွန်တိုင်ပွဲတော်ဟာ ၅၃ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ရှားတော့မြို့မှာတော့ ပထမဆုံး အကြိမ် ကျင်းပတာ ဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေတဲ့ ကယားလူမျိုး ဦးဗျားရယ်က ပြောပါတယ်။ သူက ဒီပွဲတော်ဟာ ကယားတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ ပွဲတော် ဖြစ်ကြောင်းလည်းပြောပြပါ တယ်။
်
“တံခွန်တိုင်ပွဲ ကျင်းပရတာကတော့ ကယားတိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံး စည်းရုံးမှုနှင့် ချစ်ခင်ရင်းနှီးမှု ရရှိရန်အတွက ်ရည်ရွယ်တာပါ။”
ကယားပြည်နယ်မှာ ကယား၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနူးမနော၊ ယင်းတလဲ၊ ယင်းဘော၊ ဇယိမ်း စတဲ့ လူမျိုး ၉ မျိုး ရှိပြီး အများဆုံး ကိုးကွယ်တဲ့ ဘာသာတွေကတော့ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ ကက်သလစ်၊ နတ်နဲ့ ဗြမာရ်စို တို့ဖြစ်ပါတယ်။
ဘာသာမတူ လူမျိုးစု ကွဲကြပေမယ့် တံခွန်တိုင် ပွဲတော်အတွက် ရိုးရာတိုင် ရရှိဖို့ သစ်ပင်တစ်ပင် ရရှိအောင် ရှာဖွေရာမှာတော့ ကယားတိုင်းရင်းသားတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အပင်ပန်းခံပြီး တောထဲမှာ သွားရှာကြရပါတယ်။
များသောအားဖြင့် ကျွန်းပင်နဲ့ သပြေပင်ကို ရွေးချယ်ကြပြီး အဖြောင့်ဆုံးနှင့် အရှည်ဆုံး သစ်ပင်ကို ရရှိဖို့အတွက် အထူးရွေးချယ်ရှာကြရပါတယ်။
လိုချင်တဲ့ တိုင်တစ်တိုင် ရဖို့အတွက် သစ်ပင်ရှာဖွေရေး အဖွဲ့က ပွဲတော်မတိုင်မီ တောထဲမှာ ၁ လလောက် ကြိုပြီး သွားရှာထားကြရပါတယ်။
လိုချင်တဲ့ သစ်ပင် မရဘူးဆိုရင်တော့ တောအတွင်း ၅ မိုင်ကနေ ၁၀ မိုင်အထိ ဝေးတဲ့ နေရာတွေအထိ သွားရောက် ရှာဖွေရတဲ့အထိ ဖြစ်နိုင်ပါတယ်။
သင့်တော်တဲ့တိုင် တွေ့ရှိတဲ့ အချိန်မှာ ရိုးရာဓလေ့ ဖြစ်တဲ့ ကြက်ရိုးထိုး ဗေဒင်မေးပြီး ကောင်းတဲ့ အတိတ်နိမိတ် တွေ့မှ စတင်ခုတ်ကြရပါတယ်။ မကောင်းတဲ့ အတိတ်နိမိတ်တွေ့မယ်ဆိုရင်တော့ နောက်ထပ် သင့်တော်တဲ့ သစ်ပင်တစ်ပင်ကို သွားရောက် ရှာဖွေကြရပါတယ်။
သစ်ပင်ကို ခုတ်ပြီးပြီဆိုရင်လည်း ဘယ်လောက်ပဲ ဝေးဝေး ကေ့ထျိုးဘိုး ပွဲတော် ကျင်းပမယ့် နေရာကို လူအင်အားနဲ့ သယ်ကြရပါတယ်။ လုံးပတ်က လက်တစ်ဖတ်စာ ကျော်ပြီး အရှည်က ပေ ၃၀ ကျော်လောက် ရှိတဲ့ သစ်ပင်ကြီးကို ငြမ်းတွေ ဆင်ပြီး လူ ၃၀ လောက် ၀ိုင်းမသယ်ကြရပါတယ်။ သယ်လို့ အဆင်မပြေတဲ့ နေရာတွေဆိုရင်တော့ ကြိုးနဲ့ ဆွဲကြရပါတယ်။
တံခွန်တိုင် ထူတဲ့ နေ့ကို ပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး တိုင်ထူပြီးတဲ့ အချိန်ဟာ အပျော်ရွှင်ရဆုံး အချိန်ပဲလို့ ပွဲတော်ကို လာရောက်တဲ့ ကယားအမျိုးသမီးငယ်လေးက ပြောပါတယ်။
“တိုင်တောင်လိုက်လို့ အောင်မြင်သွားတဲ့ အချိန်မှာ ရင်တွေ အရမ်းခုန်ရပြီး တီးလုံးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားလိုက်ရတော့ ဘယ်လိုမှန်း မသိအောင် ခံစားလိုက်ရတယ်။ ပြီးတော့ အရမ်းလည်း ပျော်ပါတယ်” လို့ ဗမာစကားကို အသံဝဲဝဲလေးနဲ့ ပြောသွားပါတယ်။
ဒီ ကေ့ထျိုးဘိုးလို့ ခေါ်တဲ့ တံခွန်တိုင်ကြီးကို ပွဲတော်ရက်မှာပဲ ထောင်ထားရတာ မဟုတ်ပါဘူး။ ကယားလူမျိုးတွေရဲ့ ဓလေ့ရိုးရာအတိုင်း မပျက်မစီးသရွေ့ ထောင်ထားရမယ်လို့ ဆိုပါတယ်။ ကေ့ထျိုးဘိုး တိုင်ကြီး ဖြောင့်မတ်နေသလို လူတွေရဲ့ အတွင်းစိတ်နေသဘောထားလည်း ဖြောင့်မတ်မှန်ကန်စေဖို့ သတိပေးတဲ့ အနေနဲ့ ထာဝရ ထောင်ထားတာ ဖြစ်တယ်လို့ ကယားတိုင်းရင်းသားတွေက ဆိုကြပါတယ်။



