ကချင်ရွာဥက္ကဋ္ဌအိမ်ထဲ KDA ဟောင်းက ဗုံးပစ်သွင်း၊ ၇ ဦးခန့် ဒဏ်ရာရ

ကချင်ရွာဥက္ကဋ္ဌအိမ်ထဲ KDA ဟောင်းက ဗုံးပစ်သွင်း၊ ၇ ဦးခန့် ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

ယခင် ကချင်ကာကွယ်ရေးတပ်မတော် KDA တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကချင် နောင်ရှဲန်ရွာ ဥက္ကဋ္ဌ နေအိမ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းမှု ယမန်နေ့ည ၁၀ နာရီကျော်က ဖြစ်ပွား....

ယခင် ကချင်ကာကွယ်ရေးတပ်မတော် KDA တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကချင် နောင်ရှဲန်ရွာ ဥက္ကဋ္ဌ နေအိမ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းမှု ယမန်နေ့ည ၁၀ နာရီကျော်က ဖြစ်ပွားခဲ့သည်။

ရွာဥက္ကဋ္ဌ၏ ဇနီးအပါအ၀င် လူ ရ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူစယ် လုံခြုံရေး အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာဥက္က္ကဋ္ဌအိမ်ထဲကို KDA အဖွဲ့ဝင်ဟောင်း တစ်ဦးက လက်ပစ်ဗုံးနဲ့ ပစ်တာ ဥက္ကဋ္ဌရဲ့ ဇနီးက ပေါင်နဲ့ တင်ပါးမှာ ကျန်လူ ၆ ယောက် လည်း အနည်းငယ်စီ ဒဏ်ရာရကြတယ်” လို့ လုံခြုံရေးနှင့် နီးစပ်သူက ပြောသည်။  

အခင်း မဖြစ်မီ ညပိုင်းက နောင်ရှဲန်ရွာအတွင်း သေနတ် ပစ်ဖေါက်နေသဖြင့် ၎င်းအား ရွာဥက္ကဋ္ဌက ခေါ်ယူဆုံးမခဲ့ရာ မကျေနပ်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် လဆန်းပိုင်းက ငွေကြေး ကိစ္စနှင့် ပတ်သက်၍ အဆိုပါ နောင်ရှဲန်ရွာ အလယ်တန်းပြ ဆရာမ တစ်ဦးအား ၎င်းတပ်ဖွဲ့ဝင် ဟောင်းက ပြန်ပေးဆွဲခဲ့သေးကြောင်း၊ ထိုအမှုဖြင့် အရေးယူခံထားရစဉ် ၎င်း၏ ဇနီးသည် ပျောက်ဆုံးသွားကြောင်း၊ ဇနီးသည် ပျောက်ဆုံးသည့် အပေါ် ပေါက်ကွဲကာ သေနတ်ပစ်ဖေါက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောင်ရှဲန်ရွာတွင် ကချင်အပိုင်းနှင့် သျှမ်းအပိုင်း ဟူ၍ ၂ ရွာ ရှိပြီး  ကချင်ရွာတွင်း ယခု အခင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။