ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို

ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို
by -
မောင်မြတ်နိုင်

ကဘောက်တိ၊ ကဘောက်ချာ ဘာမှန်းမသိတဲ့ ကဗျာလိုလို၊ လင်္ကာလိုလို ဟိုမကျဒီမကျ ပေါက်ကရ စာသားတွေကို ကျနော်တို့ ငယ်ငယ်က ရွတ်ခဲ့ကြဖူးပါတယ်။ အနက်အဓိပ္ပါယ် မယ်မယ်ရရ မရှိဘူး၊ တွေ့ကရာ ကာရန်ကောက်ချိတ်ထားတဲ့....

“ဂျာအေး (ကြာအေး)ကို သူ့အမေရိုက်ပါလို့၊
မှောင်မိုက်မှာငို။
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ၊ တွဲလွဲ။
တွဲလွဲရယ် နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။
မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး၊ ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ ……”

ကဘောက်တိ၊ ကဘောက်ချာ ဘာမှန်းမသိတဲ့ ကဗျာလိုလို၊ လင်္ကာလိုလို ဟိုမကျဒီမကျ ပေါက်ကရ စာသားတွေကို ကျနော်တို့ ငယ်ငယ်က ရွတ်ခဲ့ကြဖူးပါတယ်။ အနက်အဓိပ္ပါယ် မယ်မယ်ရရ မရှိဘူး၊ တွေ့ကရာ ကာရန်ကောက်ချိတ်ထားတဲ့ ဒီစာသားတွေဟာ ဘယ်ကစလို့ ဘယ်မှာ ဆုံးမှန်းမသိအောင် ပတ်ချာလည်၊ လုံးလည်လိုက်နေပါတယ်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်ပါမယ်ဆိုတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဟာလည်း ဂျာအေးကို သူ့အမေရိုက်နေတာမို့ မှောင်မိုက်မှာငိုရမယ့်ကိန်း ဆိုက်နေပါတယ်။

အကြောင်းမဲ့ အာဃာတထားပြီး ဒီစကားကို ကျနော်ဆိုတာ မဟုတ်ပါ၊ အကျိုးအကြောင်းပြပါမယ်။ ကြည့်ကြရအောင်ပါ။ ၂ဝဝ၈ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၄၄၁ မှာ ဒီလိုဆိုပါတယ်။

“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြု ပြဋ္ဌာန်း လိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည်သည်”

အကျဉ်းချုပ်ပြီးပြောရရင် ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အခြေခံဥပဒေ အာဏာတည်မယ်လို့ ဆိုတာဖြစ်ပါတယ်။ ကဲ ဒီတော့ ပြည်ထောင်စု လွှတ်တော်က ဘယ်အချိန်မှာ ခေါ်မှာပါလဲ။ အခြေခံဥပဒေထဲမှာ ရှာကြည့်လိုက်တော့ ပုဒ်မ ၇၈ မှ အခုလို ရေးထား ပါတယ်။

“ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက် အတွင်းကျင်းပရမည်”

လိုရင်းကိုဆိုရရင်တော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးမှ ပြည်ထောင်စုလွှတ်တော် ခေါ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်၊ ကောင်းပါပြီ။ ဒါဆိုရင် ပြည်သူ့ လွှတ်တော်ကိုရော ဘယ်အချိန်မှာ ခေါ်မှာပါလဲ၊ အခြေခံဥပဒေမှာ ပြန်ရှာကြည့်ကြပါဦးစို့။ ဟော တွေ့ပါပြီ၊ ပုဒ်မ ၁၂၄ (က)

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေးကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပရမည်”

အခြေခံဥပဒေ အာဏာတည်ပြီးမှ ပြည်သူ့လွှတ်တော်ကို နအဖက ခေါ်ပေးရမယ် ဆိုပါလား။  ဒီသုံးခုမှာတင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဆိုသလို ပတ်ချာလည်နေပါပြီ။ သေသေချာချာ ပြန်ဆက်စပ်ကြည့်ကြပါဦးစို့။

အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁ ပြည်ထောင်စု လွှတ်တော်ဟာ ပြည်သူ့လွှတ်တော် ခေါ်ပြီး ၁၅ ရက်ကြာမှ ခေါ်မယ်၊ ၇၈ ပြည်သူ့လွှတ်တော်ဟာ အခြေခံဥပဒေ အာဏာတည်ပြီးမှ ခေါ်လို့ရမယ်။ ၁၂၄ (က)

နောက်တခါ အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁ ပြည်ထောင်စု လွှတ်တော်ဟာ -

ကျနော်တို့ ငယ်ငယ်က ရွတ်ဆိုခဲ့ကြတဲ့ ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းနဲ့ ထပ်တူထပ်မျှ တူညီမနေပါလား။ ဒီနေရာမှာ အားလုံး သတိရအောင် နောက်တချက်ကို ပြန်လည် ထောက်ပြ ချင်ပါတယ်။ ဒီအခြေခံဥပဒေကို ရေးဆွဲတဲ့သူဟာ ဥပဒေထဲမှာ အာဏာ လွှဲအပ်ရေး စာပိုဒ်မပါလို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာ မလွှဲအပ်တာပါလို့ဆိုပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် တိုင်းပြည်ကို ပြန်ပေးဆွဲခဲ့တဲ့ နဝတ၊ နအဖ အာဏာသိမ်း စစ်အစိုးရဖြစ်ပါတယ်။

ဒီတော့ ဒီဥပဒေသုံးချက် ရှေ့နောက်မညီတာဟာ မတော်တဆမှားတာလား။ ဒါမှမဟုတ် အကြံအစည်တခုခုနဲ့ တမင် အကွက်ချ ရေးဆွဲထားတာလား စဉ်းစားစရာ ဖြစ်လာပါပြီ။ မတော်တဆ မှားတယ်ဆိုရင် တော့ ၁၄ နှစ်အချိန်ယူရေးဆွဲပြီး ဒီလောက်နမော်နမဲ့ နိုင်တာဟာ လက်လွတ်စပယ်၊ ပစ်စလက်ခတ် လုပ်လွန်းတယ်လို့ ဝေဖန်ရင် လွန်မယ်မထင်ပါဘူး။

အကြံအစည်တခုခုနဲ့ တမင် အကွက်ချရေးဆွဲတာဆိုရင်ရော၊ ဒါဆိုရင် ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအတွက် အလားအလာ မကောင်းလှဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် အမတ်လောင်းလျာကြီးများ အနေနဲ့ရော သည်စာပိုဒ်တွေကို သေသေချာချာ ဖတ်ကြရဲ့လားဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီဥပဒေသုံးချက် အရှုပ်တော်ပုံဟာ ရွေးကောက်ပွဲဝင်ကြမယ့်သူအားလုံးက တာဝန်ရှိသူတွေကို မေးသင့် မေးထိုက်တဲ့ အရာလို့ထင်ပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းကို မမေးခဲ့ကြရင်ဖြင့် နောင်တချိန် သမိုင်းမှာ နောင်လာနောက်သား တွေရဲ့ လက်ညှိုးထိုး ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်ကောင်းဖြစ်လာ နိုင်တယ်လို့ မေတ္တာနဲ့ သတိပေးပါရစေ။

ရှေ့နောက်မညီတဲ့ ဒီအခြေခံဥပဒေကြီးကိုကိုင်ပြီး တတိုင်းတပြည်လုံးကို အုပ်ချုပ်တော့မှာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြည်သူအများ ကရော ဘာများဆောင်ရွက်ကြသင့်ပါသလဲ။ ဒီအဖြေကိုတော့ ရွေးကောက်ပွဲဝင်သူ၊ မဝင်သူ ခေါင်းဆောင်အားလုံးက ကိုယ်စီကိုယ်ငှ အကြံပေးကြလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။