စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ

စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
by -
မင်းသက်
နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုများ ပြန့်နှံ့နေသည်ကို တိုက်ဖျက်ရန်အတွက် စက်ဖြင့် စစ်ဆေးနိုင်သော ပတ်စ်ပို့များ အစားထိုးမှုကို စစ်အစိုးရက ယမန်နေ့တွင်...

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုများ ပြန့်နှံ့နေသည်ကို တိုက်ဖျက်ရန်အတွက် စက်ဖြင့် စစ်ဆေးနိုင်သော ပတ်စ်ပို့များ အစားထိုးမှုကို စစ်အစိုးရက ယမန်နေ့တွင် စတင်လိုက်သည်။

ကွန်ပြူတာဖြင့်သာ စစ်ဆေးကြည့်ရှုနိုင်သည့် ဘားကုတ်များ ဖျောက်ထားသော ပတ်စ်ပို့များ ထုတ်ဝေခြင်း ဖြစ်ကြောင်း ရန်ကုန် ပတ်စ်ပို့ရုံး ဝန်ထမ်းတဦးက ပြောဆိုသည်။

ယခု စနစ်သစ် ပတ်စ််ပို့စာအုပ် ပြုလုပ်ခမှာ ၁၉ဝဝဝ ကျပ်နှင့် အွန်လိုင်း ဝန်ဆောင်ခ ၁ဝဝဝ ကျပ် ပေးဆောင်ရကြောင်း လက်မှတ် လျှောက်ထားသူများက ပြောဆိုကြသည်။

myanmar-passport

စနစ်ဟောင်း ပတ်စ်ပို့ လျှောက်ထားစဉ်က ဖောင်ပုံစံဝယ်ယူရာ၌ ၁၄ဝဝ ကျပ်၊ ဓာတ်ပုံရိုက်ရာ၌ ၃၅ဝဝ ကျပ်၊ ပတ်စ်ပို့စာအုပ်အတွက် ၈ဝဝဝ ကျပ်နှင့် အွန်လိုင်း ဝန်ဆောင်ခ ၅ဝဝ ကျပ် အပါအဝင် ဖောင်တင်သော နေရာရှိ တာဝန်ကျ ရဲဝန်ထမ်းအတွက် ကျပ် ၅ဝဝ ပေးဆောင်ရသေးသည်။  ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပတ်စ်ပို့ရုံး အရာရှိများအတွက် လာဘ်ထိုးရသည်များရှိနေပြီး၊ ထိုသို့ မပြုလုပ်ပါက ပတ်စ်ပို့ ရရှိဖွယ်မရှိကြောင်း သိရသည်။

အလုပ်အကိုင် ရှာဖွေရန်နှင့် ရေကြည်ရာမြက်နုရာအဖြစ် နိုင်ငံရပ်ခြားသို့ ခရီးသွားလာသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်စ်ပို့ လျှောက်ထားသည့်အခါ ယခင်က တလ သို့မဟုတ် ထိုကာလထက် ပိုမို၍ စောင့်ဆိုင်းကြရသော်လည်း ယခုအခါ မည်မျှကြာမြင့်မည်ကို မသိရှိကြသေးပါ။

မိမိနိုင်ငံသားများအား လက်ရေးစနစ်သုံးမှ နိုင်ငံတကာ ဘားကုတ် စနစ်သုံး Smart Card ပတ်စ်ပို့များဖြင့် အစားထိုး လဲလှယ်ပေးရန် နိုင်ငံတကာ မြို့ပြလေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း (International Civil Aviation Organization) က မြန်မာစစ်အစိုးရကို တောင်းဆိုထားကြောင်း ရန်ကုန်တိုင်း ပြည်ထဲရေး၏ သတင်းရပ်ကွက်အဆိုအရ သိရသည်။

''နိုင်ငံကူးလက်မှတ်တွေကို အီးစနစ်နှင့် အသစ်ပြုလုပ်ပေးတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အရင်က စနစ်မှာကျတော့ စာအုပ်ရဖို့အတွက် တလကြာတယ်။ အခုလို ဒီစနစ်ကို ပြောင်းလိုက်တော့ကော စာအုပ်ရမယ့် အချိန်က ဘယ်လောက် ကာလတိုသွားမလဲ။ ဒါက အရေးကြီးပါတယ်'' ဟု ပြည်ပခရီးသွား ကုမ္ပဏီတခုမှ လုပ်ငန်းအတွေ့အကြံု ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သတင်းရဲတပ်ဖွဲ့က ထုတ်ပေးလျှက်ရှိပြီး အစိုးရအရာရှိများအတွက် အစိမ်းရောင်နှင့် ကျန်သူများအတွက်ကို အနီရောင်အဖြစ် ခွဲခြားထုတ်ပေးလျှက်ရှိသည်။