သျှမ်းပြည်တပ်မတော်ခေါင်းဆောင်နှင့် သမ္မတကြီးတို့ ယနေ့မနက်တွေ့ဆုံ

သျှမ်းပြည်တပ်မတော်ခေါင်းဆောင်နှင့် သမ္မတကြီးတို့ ယနေ့မနက်တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဉက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့သည် ယနေ့ မနက် ၁၀ နာရီ သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

RCSS leaderRCSS/SSA ဥက္ကဌ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိစဉ် (ဓါတ်ပုံ- Shan State Army)

ဇွန်လ ၁၀ ရက် ယနေ့မနက် ၁၀ နာရီ သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံ  ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လူထုနှင့်တွေ့ဆုံပွဲမှ ရရှိသော ဆွေးနွေးချက် ၁၇ ချက်ကို  အဓိကထားဆွေးနွေးသွား ခဲ့ ကြောင်း၊ တန်းတူညီမျှစွာဖြင့်  ပြည်ထောင်စုအတွင်း အတူတကွ နေထိုင်သွားဖို့၊ တတိုင်းပြည်လုံးအပစ်ရပ်ကြေငြာ ပေးဖို့၊ မူးယစ်ဆေးဝါးလက်တွဲတိုက်ဖျက်ဖို့ အစရှိအချက်များ လည်းဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်တပ်မ တော်နှင့်လိုက်ပါသည့်  အတိုင်ပင်ခံ စဝ်ပင်ခမ်း က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သမ္မတနှင့်တွေ့ဆုံရန် သျှမ်းပြည်တပ်မတော်မှ ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သော အင်အား ၂၀ ခန့် ယမန်နေ့က တာချီလိတ်မြို့မှ နေပြည်တော်သို့ထွက်ခွါခဲ့ကြသည်။  နေပြည်တော်သို့ ရောက်ရှိပြီးနောက်  RCSS/SSA အဖွဲ့ အား ဦးအောင်မင်းက ညနေစာ တည်ခင်းဧည့်ခံခဲ့သည်ဟုဆိုပါသည်။

သမ္မတနှင့်တွေ့ဆုံပြီးနောက်ပိုင်း  နိုင်ငံခြားသံတမန်များ၊ လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိပါသည်။