ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) ဖြင့် မြန်မာ့ အနာဂါတ်ကို မျှော်ကြည့်ခြင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) ဖြင့် မြန်မာ့ အနာဂါတ်ကို မျှော်ကြည့်ခြင်း
by -
ရွှေဟင်္သာ

လက်ရှိ မြန်မာ့ နိုင်ငံရေးရဲ့ အနေအထားဟာ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိစေဖို့ အကောင်းဆုံး နည်းလမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) အပေါ်မှာသာ  မူတည် နေလိမ့်မယ် ဆိုတာ ထင်ရှား နေပါတယ်။

အပိုင်း(၁)

လက်ရှိ မြန်မာ့ နိုင်ငံရေးရဲ့ အနေအထားဟာ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိစေဖို့ အကောင်းဆုံး နည်းလမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) အပေါ်မှာသာ  မူတည် နေလိမ့်မယ် ဆိုတာ ထင်ရှား နေပါတယ်။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် အတွက် မြန်မာ့ နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် မှုတွေနဲ့ ပတ်သက် ပြီးတော့ အရှေ့ တောင် အာရှ စာနယ်ဇင်း မိတ်ဖက်များ မဟာမိတ် အဖွဲ့ (South East Asia Press Alliance) က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ခု ထဲမှာတော့ နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ တွေထဲ မှာတော့ နိုင်ငံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု တွေနဲ့မီဒီယာ ကဏ္ဍ ပြုပြင် ပြောင်းလဲမှု တွေဟာ မြန်မာနိုင်ငံ အပြောင်း အလဲရဲ့ ထိပ်ဆုံးမှာ ရှိနေ ခဲ့တယ်လို့ ဆိုထား ပါတယ်။

တစ်ကယ် ပါပဲ၂၀၁၂ ခုနှစ် အတွင်းမှာ ဦးသိန်းစိန်ရဲ့ အရပ်သား အစိုးရသစ် လက်အောက်မှာ နိုင်ငံဟာ ပြောင်းလဲမှုခြေ လှမ်းများကို စတင် နိုင်ခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပါတယ်၊ နိုင်ငံ ရေး အကျဉ်းသား ရာနဲ့ချီပြီး အမြောက် အမြား လွတ်မြောက် လာခဲ့ပါတယ်၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ မှု အချို့တွေကို ဖြေလျော့ လာတဲ့ အနေအထားတွေ ဖြစ်လာတဲ့ အပြင်နိုင်ငံတကာက သမ္မတ ကနေ စပြီး အဆင့်မြင့် ကိုယ် စားလှယ်တွေ အဆုံး မြန်မာ့ မြေပေါ်ကို တံခါးမရှိ ဓါးမရှိ ဥဒဟို သွားလာ ကူးလူး လာခဲ့ကြတဲ့ အခြေအနေထိ ဖြစ်လာ ခဲ့ပါတယ်။

နိုင်ငံရေး အပြောင်းအလဲနဲ့ အားလျော်စွာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ် အခတ် ရပ်စဲရေး ရရှိပြီး နောက်မှာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အားကောင်း လာတယ်လို့ သတင်း မီဒီယာ အပါအဝင် နိုင်ငံရေး အသိုင်းအဝန်းနဲ့ သံတမန် အသိုင်းအဝန်း တွေက ရှုမြင် လာကြပါတယ်။ ဒါဟာ ရှေ့ဆက် ပီပြင် လာဖို့ ရှိတဲ့ ဒီမိုကရေစီ အပြောင်းအလဲရဲ့ နိမိတ်ဘဲလို့ ကြိုတင် ဟောကိန်း ထုတ်တာတွေ အထိ ရှိလာခဲ့ပါ တယ်။

ဒါတွေဟာ တင်းကြပ်တဲ့ စစ်အာဏာရှင် စိုးမိုး စဉ်ကာလ ကနေ လွှတ်တော် ပုံရိပ်ကို ပြောင်းလဲတဲ့ နေရာမှာ ထင်သာမြင်သာ ဖြစ်လာတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအပြောင်း အလဲကို ပီပြင်စွာ ကြိုးကိုင် နိုင်ရေး အတွက် အစိုးရ အနေနဲ့ အချိန်ယူ ရမှာ ဖြစ်ပါတယ်။

အစိုးရ ရယူလိုသည့် အချိန်ကို မည်သို့ မည်ပုံ ဆွဲသွားသလဲ ဆိုတဲ့ အချက်ကိုလည်း တချို့နိုင်ငံရေး သမားတွေက ဂရုတစိုက် သတိရှိစွာ ထားကြပါတယ်။ အချိန်ဆွဲပုံကို ခင်းကျင်း နေတဲ့ တချိန်ထဲမှာ ပြည်သူ ထောက်ခံမှုတွေ ပြန်ရအောင် ပေါ်လစီ မျိုးစုံ အကောင်အထည် ဖေါ်နေတယ် ဆိုတာလည်း ထင်ရှား လှပါတယ်။

(၁) ရခိုင်ပြည်နယ်က ဘင်္ဂလီကိစ္စ၊ (၂) လက်ပန်တောင်းတောင် ဆန္ဒပြမှု၊ (၃) KIA အပါအဝင်တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု၊ (၄) ပြည်တော်ပြန်တွေ နေရာချမှု၊ (၅)ဘာသာရေး ဆူပူမှု၊ (၆) တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးရေး ပြည်တွင်းစစ် ပြသာနာ ကိုင်တွယ်မှု၊ (၇) နိုင်ငံတကာ အခင်းအကျဉ်း၊ (၈) အာဆီယံ လှုပ်ရှားမှု၊ (၉) လူထု အယုံအကြည်ရှိတဲ့ လွှတ်တော် အရေးပါလာဖို့ လှုပ်ရှားမှုတွေ (၁၀) NGO ကိစ္စ၊ (၁၁) တပ်မတော် အင်အားမြှင့်တင်မှုနဲ့ အမေရိကန် ဆက်ဆံမှု၊ (၁၂) ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဖြိုခွဲရေး ကိစ္စ၊ (၁၃) ပြည်တွင်း ဆန္ဒပြမှုများ၊ (၁၄) သယံဇာတ ရောင်းဝယ်မှု၊ ကိစ္စတွေမှာ ပြည်တွင်း အခြေအနေ ရှုပ်ထွေးနေအောင် ဖန်တီး ထားပုံ ရတယ်လို့ မြင်ကြပါတယ်။

အဲဒီလို ရှုပ်ထွေး နေအောင် ဖန်တီး ထားပြီးတော့မှ၊ ကြံ့ဖွံ့ ညီလာခံ ကျင်းပ သွားတာ မျိုးကို လူတွေ မသိလိုက်ဘဲ ပြီးတဲ့အခါ ထုတ်ပြန် လိုက်မှ လူတွေ သိကြရတယ်။  အာရုံ လွှဲနည်းက ကျွမ်းကျင် ကြပါတယ်။ အဲဒီလိုဘဲ အာဆီယံ ဥက္ကဌ အတွက် ပြင်ဆင် နေတာကိုလည်း လူထုက သိပ်ပြီး ဂရုမစိုက် နိုင်ခဲ့ဘူး။

အဲဒီလို ပါဘဲ တိုင်းရင်းသား အဖွဲ့တွေနဲ့ ရရှိထားတဲ့ အပစ် အခတ် ရပ်စဲရေးတွေ ဟာလည်း တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျက်ပြား လာနေပြီး ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာ ရတဲ့ အထိ အရှိန်ကောင်း လာခဲ့ပါတယ်။ အင်အား ကြီးတဲ့ အဖွဲ့ တွေကို ထိမ်းချုပ် နိုင်ဖို့ အစိုးရ တပ်က နေရာယူ လာခဲ့တယ်။ တိုက်ပွဲတွေ ကလည်း တစ်ဖွဲ့ ကနေ နှစ်ဖွဲ့ ဖြစ်လာတယ်၊ ကူးစက်မှု အတိုင်း အတာကြီးမား လာခဲ့တယ်။ ဒီလုပ်ရပ် တွေဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်သလားလို့ နိုင်ငံတကာ ကပါ စဉ်းစားစရာ ဖြစ်လာ ခဲ့ပါတယ်။

အစိုးရ ကလည်း ယဉ်ကျေး လှပါတယ်။ တိုက်ခိုက်လိုက် ဆွေးနွေးလိုက်နဲ့ နို်င်ငံရေး ကစား လာလိုက်တာ အချိန်ဆွဲပြီး ကစားနေတာနဲ့ တူနေမလား စဉ်းစား စရာ ဖြစ်ပါတယ်။ တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။

ဒီလို ဖြစ်စဉ်တွေ ဖြစ်လာ ခဲ့တဲ့ အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) ဟာ ဘာလဲလို့ မေးခွန်း ထုတ်စရာတွေ ဖြစ်လာ ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အတွက် ဝိုင်းဝန်း ကူညီ ပံ့ပိုး ခဲ့တဲ့ အလှူရှင် တွေ ဖြစ်တဲ့ အနောက်နိုင်ငံ တွေက ဒီလုပ်ငန်းစဉ် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာ ခဲ့ပါတယ်။

အဲဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေနဲ့ ပတ်သက်လို့ နော်ဝေး အစိုးရက ကျောက်ထောက် နောက်ခံပေးထားခဲ့တဲ့ (မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကူအညီ ပေးနေတဲ့) Myanmar Peace Support Initiative (MPSI) ရဲ့ အကြံပေး အရာရှိ တစ်ဦးဖြစ်သူ မစ္စတာ အက်ရှလေ ဆောက်စ်ကို မေးမြန်း ရာမှာတော့ -

“သမ္မတ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့ဟာ ငြိမ်းချမ်းရေးကို လိုလို လားလား ရှိကြတယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ကို အလွန် မျှော်လင့် ထားကြတယ်” ဆိုတဲ့ အကြောင်းသူက ပြောပါတယ်။

သူဒီလို ဘာကြောင့် ပြောနိုင်တာလဲ၊ ဘယ်အချက် တွေအပေါ် အခြေခံပြီး အခုလို သုံးသပ် ပြောကြားတာ လဲဆိုတာကျွှန်တော့ အတွက် အင်မတန်မှ စိတ်ဝင် စားစရာ ကောင်းတဲ့ အမေး တစ်ခု ဖြစ်လာ ခဲ့တယ်။ ဆက်လက်ပြီးတော့ ဒီအမေး ကိုလည်း သူက -

“ဒီလို ပြောနိုင် တာက ကျွှန်တော်ရဲ့ ဦးအောင်မင်းနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေး ခဲ့တဲ့ အပေါ် အခြေခံရမယ်လို့ ပြောလို့ ရပါတယ်၊ သမ္မတ အနေ နဲ့ရော ဦးအောင်မင်း အနေ နဲ့ရော ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်မှာ နိုင်ငံရေး ခံယူချက် ရှိရှိနဲ့ ခိုင်ခိုင်မာမာ လုပ်ဆောင် နေပါတယ်၊တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အပေါ် အဖြေရှာ နိုင်ဖို့ အတွက်ဟာ လက်ရှိ အစိုးရအတွက် အဓိက ရည်ရွယ်ချက် တစ်ခုလို့ ပြောနိုင် ပါတယ်” လို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။

ဒီလိုစကားမျိုးနဲ့ ပြည်တွင်းစစ် အနှစ် (၆၅) နှစ်မျှ ရှိလာခဲ့ပြီး ဆိုတာလည်း မစ္စတာ အက်ရှလေဆောက်စ် သတိရပါစေ။ ပြီးတော့ မျက်နှာဗြောင်နဲ့ လိမ်တတ်တဲ့ စစ်အာဏာရှင် အုပ်စုက ဆင်းသက်လာတယ် ဆိုတာလည်း မသိလေရော့သ လား၊ ဒါမှမဟုတ် အပေါင်း လက္ခဏာ အမြင်နဲ့ ပြောနေ တာလား၊ သံတမန် စကားလား ဆိုတာ သူဘဲသိမှာပါ။

တကယ်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ ဆိုတဲ့ အပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိကြဖို့ဆိုတာ အရေးကြီး လှပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ် ကို ပြန်ကြည့် ကြပါ။ လွတ်လပ်ရေး ရခဲ့တဲ့ ဇန်နဝါရီလနဲ့ အပြိုင် နှစ်မခြားဘဲ ဂျူလိုင်၊ သြဂုတ် လတွေက စလို့ ပြည်တွင်း နိုင်ငံရေးဟာ တော်လှန် ပုန်ကန်မှုနဲ့ ဘဲ စတင် လာခဲ့တယ်။

ဒီအထဲမှာ တိုင်းရင်းသား တွေရဲ့ နိုင်ငံသား အခွင့်အရေးလို့ ပြောနိုင်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အတွက် လက်နက်ကိုင် တော်လှန်ပုန်ကန်  မှုတွေ စတင် လာခဲ့တာ ကနေ့ အထိ အဲဒီ မီးတွေကို မငြိှမ်းသတ်နိုင်သေးပါဘူး။ တဖက်သတ် အမြင်နဲ့တွေးကြည့်မယ် ဆိုရင် သူ့ကြောင့် ကိုယ့်ကြောင့်လို့ လက်ညှိး ထိုးနေမှာဘဲ။ မှန်ရဲ့လားလို့ ဒီအဖြေ မေးစရာ ဖြစ်လာ ပါတယ်။

ကနေ့ ဆိုရင် ပိုပြီး စဉ်းစားစရာ ဖြစ်နေပါတယ်။ ပြည်တွင်း စစ်ကြောင့် တိုင်းပြည် ချွတ်ခြုံ ကျပါတယ်။ လူထု မကြေနပ် ကြဘူး။ ဒီတော့ (၁၉၆၂) ကျောင်းသား သပိတ်၊ (၁၉၇၄) ခုနှစ် ဦးသန့်သပိတ်၊ ၁၉၈၈ အထွေအထွေ သပိတ်၊၂၀၀၇ခုနှစ် ရွှေဝါရောင် သပိတ်၊ ဒီနောက်ပိုင်း သပိတ်တွေ ကတော့ လူတွေ မှတ်မိ ကြမှာပါ။ ဒီတော့ တိုင်းပြည် ချွတ်ခြုံ ကျအောင် ဆင်းရဲအောင် လုပ်တဲ့သူ၊ ပြည်တွင်း စစ်ကို ဖန်တီး ခဲ့တဲ့သူ၊ သပိတ်တွေကို သတ်ဖြတ်မှု ပုံစံနဲ့ သပိတ် လှန်ခဲ့သူ ဘယ်သူဖြစ်မလဲ။ ဒီလူတွေ အာဏာ ဘယ်စွန့် ရဲမလဲဗျာ။ ဒီတော့ နည်းမျိုးစုံနဲ့ အာဏာ ရှိနေအောင် ဖြစ်ပေါ် နေတဲ့ အခြေအနေနဲ့ အညီ ပြောင်းလဲ ပေးနေ တာပေါ့။ အာဏာ စွန့်မယ် မထင်နဲ့ တွေးစရာပါ။

ဒီဖြစ် ခဲ့တဲ့ အကြောင်းရဲ့ အကျိုးဆက် ရလာဒ် ကတော့၊ ပြည်တွင်းစစ် ရှည်ကြာ ဦးမယ်၊ သူတို့ရဲ့ (၂၀၀၈) ဥပဒေ အတိုင်း လူထုကို စစ်ကျွန် နည်းနဲ့ ထိမ်းချုပ်လို့ ရအောင် ကြံဆောင် နေမယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ အသံကောင်း ဟစ်နေပါ လိမ့်မယ်။ ဒါပေမဲ့ အနှစ်သာ ရကတော့ ပြောင်းလဲ လာပါ့မလား။

ဖြစ်နေတဲ့ ပြည်တွင်း စစ်ကိုဘဲ ကြည့်ကြပါ။ ကမ္ဘာမှာ အရှည် ကြာဆုံး ပြည်တွင်းစစ် တစ်ခုလို့ ခေါ်ဆို နိုင်တဲ့ (၆၅) နှစ်ကြာ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့်  အာဏာရှင် အစိုးရ အဆက်ဆက် ပေါ်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြား နေတာပေါ့။ ဒါလည်းဘဲ လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရသေးပါဘူး။ ဒီလောက် ကြာရှည် လာခဲ့တဲ့ ဒီယုံကြည် မှုတွေကို တကယ်ပြန်လည် တည်ဆောက် မလား။ ဒီအတိုင်း ထားပြီး လက်ညှိး ထိုးပြီး လိမ်လည် အမြတ်ထုတ် နေမလား ဆိုတာ လက်ရှိ ဦးသိန်းစိန် အစိုးရ အတွက် စိန်ခေါ်မှု တခုပါပဲ။

အပိုင်း(၂)

ဖြစ်ရှိနေတဲ့ လက်တွေ့သင်ခန်းစာတွေကို ထုတ်နှုတ် ကြည့်မယ် ဆိုရင် (ဥပမာ) အစိုးရအပေါ် KIA ကဘယ်လောက် ယုံကြည် ကြသလဲ။ အဲဒီလို ပါဘဲ အစိုးရက ပြုပြင် ပြောင်းလဲ နေပါတယ် ဆိုတဲ့ အချက်ကရော ဘယ်လောက် လေးနက် သလဲ ဆိုတာကို KIA နဲ့ အစိုးရတို့ရဲ့ ဆွေးနွေးပွဲ အခြေ အနေက ပြဆို နေပါတယ်။

KIA က ကြားလူ ရှိမှ မြစ်ကြီးနားမှာ အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတဲ့ သဘောထားဟာ ဦးသိန်းစိန် အစိုးရ တွေကို ဘယ်လောက် ယုံကြည်မှု ရှိခဲ့သလဲ ဆိုတာ ရှင်းနေတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည် မှုတွေ မဲ့ခဲ့လို့ (သို့) နည်းပါး ခဲ့လို့ ပြည်တွင်း စစ်ဟာ ရှည်ကြာ ခဲ့ရတယ်လို့ ကောက်ချက် ချမယ် ဆိုရင်လည်း မလွဲ ပါဘူး။

(MPSI) က အက်ရှလေဆောက် ကတော့ “သူတို့ (အစိုးရ) အနေနဲ့ ဒီငြိမ်းချမ်းရေး ကိစ္စကို စတင် ခဲ့တယ် ဆိုပေမယ့် ဒီတိုင်းရင်းသား တွေရဲ့ ပဋိပက္ခ ကိုဖြေရှင်း နိုင်ဖို့ အဓိက လိုအပ်ချက် အပိုင်း တွေမှာ သေသေချာချာ သဘောပေါက် နားလည်တာ မရှိ သေးဘူးလို့ ကျွှန်တော် မြင်ပါတယ်၊ ဒီအပေါ်ကို သမ္မတနဲ့ ဦးအောင်မင်းတို့ နားလည် ခဲ့မယ် ဆိုရင် အဓိကလိုအပ်ချက်တွေ ရှာဖွေ နိုင်ခဲ့မယ် ဆိုရင်ပေါ့ နှစ်ဖက် ပြေလည် နိုင်ဖို့ လက်ခံ နိုင်ဖွယ်အကြောင်းအရာတွေ ဖော်ထုတ် နိုင်ကြမယ် ဆိုရင် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် သွားမယ့် အနေအထား ရှိပါတယ်” လို့ ဆိုပါတယ်။

သို့ပေ မယ့်လည်း ဒီအနေ အထား ရောက်ရှိ ဖို့က လွယ်ကူတဲ့ လုပ်ရပ်တစ်ခု မဟုတ်ဘူး ဆိုတာကိုလည်း သူနားလည်တဲ့ အကြောင်း ၄င််းက ပြောပါတယ်။

 ငြိမ်းချမ်းရေး ရဖို့အတွက် အစိုးရရဲ့ အတွင်းရေး အားပြိုင်မှု အားနည်းချက် ကြောင့်လည်း ဖြစ်တယ်လို့ တချို့က ယူဆ ကြပါတယ်။   ထိုသူ တွေကတော့ အစိုးရ ရဲ့ အတွင်း စည်းထဲမှာ သဘောထား တင်းမာတဲ့သူ (စစ်ဘက် အရာရှိ) တွေနဲ့ ပျော့ပြောင်းတဲ့ သူတွေရဲ့ အာဏာ လွန်ဆွဲမှု တွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ နှောင့်နှေး နေရတယ်လို့ မြင်ကြ ပါတယ်။

သမ္မတနဲ့ ဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ဆိုတာ ကလည်း ဒီသဘောထား တင်းမာ သူတွေကို ဒီလုပ်ငန်း စဉ်တွေ ထဲကို ပါဝင် နိုင်အောင် ဆွဲခေါ် နိုင်ဖို့အတွက် သမ္မတနဲ့ဦးအောင်မင်းတို့ အစိုးရ အဖွဲ့အစည်း အတွင်း ညှိနှိုင်းရမယ့် အခြေ အနေတွေ ဖြစ်နေပါတယ်။ ဒီလို သဘောထား တင်းမာ သူတွေ ကြောင့်လည်း သမ္မတနဲ့ ဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် တွေရဲ့ အချို့ အစိတ်အပိုင်း တွေမှာ ထင်သလောက် လွတ်လွတ် လပ်လပ် လုပ်ဆောင် နိုင်ခြင်း မရှိဘူးလို့ သုံးသပ်မှု များလည်း ရှိလာ ခဲ့ပါတယ်။

ဒီအမြင် မျိုးဟာ အစိုးရရဲ့ ၀ါဒဖြန့် ယန္တယား ကနေဖြစ်လာတဲ့ “ဆိုင်ကိုတက်” စိတ်ဓါတ် စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ တချို့က ဆိုကြပါတယ်။ နအဖ ခေတ်တုန်း ကလည်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကွဲ သတင်းတွေဟာ မကြားချင် အဆုံးဟု ဆိုပါသည်။ သို့သော် တကယ့် လက်တွေ့မှာ မဖြစ်ပါဘူး။ အထူး စစ်ဆင်ရေး တပ်ဖွဲ့ဟာ မောင်အေး လက်ထဲမှာ ရှိတယ်။ ပြီးတော့ လက်တွေ့သမား လုပ်ဆောင် ပေးနေ ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလည်း ဒီဆိုင်ကို တက်ပါဘဲ။ အစိုးရနဲ့ စစ်တပ် ကွဲသယောင် ပြနေ တာပါ။ KIA စစ်ဆင်ရေး တုန်းက ဆိုရင် သမ္မတပါ စစ်တပ် ဖက်ကနေ ရပ်ပြီး ကမ္ဘာကို ၀ိုင်းလိမ် ပေးရ တယ်လေ။ မှတ်မိ ကြရဲ့လား။ ဒီအချက်တွေကို မေ့ထားလို့ မဖြစ် ပါဘူး။ ဒီတော့ အစိုးရရဲ့ အနေ အထားက ပေါ်လစီ တခု အောက်မှာ လမ်းစဉ် နှစ်မျိုး ကျင့်သုံး နေတာရော မဖြစ်နိုင် ဘူးလား။

ဒါကြောင့် မစ္စတာ အက်ရှလေဆောက်က ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တကယ် အောင်မြင် ခဲ့တယ် ဆိုရင်တော့ ရရှိမယ့် အကျိုးအမြတ် တစ်ခုက ဖက်ဒရယ် ဖြစ်နိုင် တယ်လို့ သုံးသပ် ထားပါတယ်။ ဒါကလည်း တိုင်းရင်းသား တွေရဲ့ မျှော်မှန်း ချက်ပါ။ အစိုးရ ကသာ ဒီအချက်ကို ပြည်တွင်း စစ်တွေ ဖန်တီးပြီး တိုက်လာ ခဲ့တာလေ။ ဆိုတော့မစ္စတာ အက်ရှလေဆောက် မျှော်မှန်း ထားသလို သမ္မတနဲ့ ဦးအောင်မင်း တို့က အမှန်တကယ် အကောင်အထည် ဖေါ်ရဲ့လား စဉ်းစား စရာနော်။

တိုင်းရင်းသား ပဋိပက္ခ တွေကို အကောင်းဆုံး ဖြေရှင်း ပေးနိုင်မယ့် နိုင်ငံရေး အခြင်းအရာ ကတော့ “ဖက်ဒရယ်” စနစ် ဆိုတာ ကိုတော့ တိုင်းရင်းသား ခေါင်းဆောင် တွေမက၊ နိုင်ငံရေး သမားတွေ ကလည်း ယုံယုံ ကြည်ကြည် လက်ခံ ထားကြပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို အောင်မြင်အောင် အကောင် အထည် ဖော်ဖို့ ဆိုတဲ့ နေရာ မှာလည်း နိုင်ငံတကာရဲ့ အကူ အညီတွေဟာ အရေးကြီး အခန်း ကဏ္ဍ တစ်ခု အနေနဲ့ ပါဝင် ပတ်သက် နေပါတယ်။ ဒီဖြစ်စဉ် တွေကို အကူအညီ ပေးနေနဲ့ အနောက် နိုင်ငံတွေ အနေနဲ့လည်း မိမိတို့ အကူအညီ ပေးခဲ့တဲ့ လုပ်ငန်း အောင်မြင် ဖြစ်ထွန်းမှာကို မြင်ချင် ကြသလို တဖက်မှာလည်း မိမိတို့ရဲ့ အကူအညီ တွေကြောင့် ဆိုးကျိုးဖြစ်စေနိုင်တဲ့ တန်ပြန် သက်ရောက်မှုတွေ ဖြစ်လာ မှာကို စိုးရိမ် နေကြတယ်လို့ အလှူရှင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ တိုင်းရင်းသား ဒေသ တွင်းမှာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တွေရရှိ လာပြီးတဲ့ နောက်မှာ နယ်မြေ အေးချမ်းမှုတွေ အထိုက် အလျှောက် ရှိလာတယ်၊ အဲဒါကို အခွင့်ကောင်း ယူပြီး လုပ်ငန်းရှင်တွေရဲ့ မြေယာ သိမ်းဆည်း မှုတွေ ဖြစ်လာတယ်၊ ဒေသခံ တွေရဲ့ သဘောထားတွေနဲ့ ကိုက်ညီမှု မရှိတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင် လာကြတယ်၊ ဒါတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုး တွေလို့ ပြောပြော တန်ပြန် သက်ရောက်မှု တွေလို့ပဲ ပြောပြော ဒီလုပ်ငန်း စဉ်ကြောင့် သက်ရောက်မှုတွေ ဖြစ်ပါတယ်” လို့ အမည် မဖော်လိုတဲ့ အကူအညီ ပေးရေး အဖွဲ့နှင့် နီးစပ်သူကဆိုပါသည်။

အထက် ဖော်ပြပါ လုပ်ရပ် တွေနဲ့ ပတ်သက်လို့ အကူအညီ ပေးရေး အဖွဲ့တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့ အနေအထား ရှိနေပြီး ၄င်းတို့ အကူအညီ တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အပေါင်းလက္ခဏာ ဆောင်ဖို့ထက် အနှုတ် လက္ခဏာ ဆောင်သွားမှာ ပူပန် နေကြ ပါတယ်။

သို့ပေ မယ့်လည်း ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့က မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ် ခဲ့တဲ့ငြိမ်းချမ်းရေး အ ထောက် အကူပြု အဖွဲ့များ အစည်းအဝေး ကျင်းပ ခဲ့အပြီး မှာတော့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာရဲ့ အကျိုးဆောင် တစ်ဦး ဖြစ်တဲ့ ကိုညိုအုန်းမြင့် ထုတ်ဖော် ပြောကြား ချက်ကတော့ -

“ဒီလောက် များတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရဲ့ ကြားထဲမှာ လုပ်ရတဲ့ အခါ ကျတော့ ဒီနိုင်ငံ တကာ တွေကလည်း သူတို့ အနေနဲ့ အကူအညီ ပေးမယ် ဆိုရင်လည်း ခုနပြောတဲ့ ဘယ်နေရာ တွေမှာ သတ်သတ် မှတ်မှတ် လုပ်ပေးဖို့ အရေးကြီးတယ် ဆိုတာကို ၀န်ကြီး (ဦးအောင်မင်း)က နေပြီးတော့ ဒါကို တင်ပြ သွားတယ်။ သူ့အနေနဲ့ ကတော့ ဒါတွေကို လုပ်ပေးနိုင်မှ ရှင်းရှင်း ပြောရရင် ကျနော်တို့ ကူညီ ပါ့မယ်ဆိုပြီးတော့ မကူညီတဲ့ အခက်အခဲတွေ ကျနော်တို့ ဘက်ကနေ တွေ့နေ ရတယ်” ဟု ဗွီအိုအေ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

လက်ရှိ အနေအထား မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ရှိနေပြီ ဖြစ်လို့ ဒါဟာ ကောင်းတဲ့ လက္ခဏာ တစ်ခု အဖြစ် သုံးသပ် နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အကြိမ်ကြိမ် ရှိခဲ့ဘူး ပါတယ်။ ရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းဟာလည်း ပျက်စီး သွားတာ ချည်းပါဘဲ။ ဘာကြောင့်လဲ?

၁၉၆၃ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက် တုန်းက ပြုလုပ်ခဲ့တဲ့ ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေး တုန်းက တစ်ကြိမ် ၊ ၁၉၉၄ ခုနှစ်မှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်၌ တစ်ကြိမ်နဲ့ အခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ တစ်ကြိမ် သုံးကြိမ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ တွေနဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းက ဆွေးနွေး မှုတွေဟာ အစိုးရရဲ့ လိမ်လည်မှု နဲ့ဘဲ အဆုံးသတ် ခဲ့ပါတယ်။ အခု လည်းဘဲ ပေးခဲ့တဲ့ ဂတိတွေ အပေါ် အစိုးရ ဖက်ကဘဲ ဖေါက်ဖျက် နေခဲ့ ပါတယ်။ ဒါကို တိုင်းရင်းသား တွေကလည်း သိပါတယ်။ တိုင်းရင်းသား တွေကလည်း နိုင်ငံ တကာ ကလိုဘဲ တကယ့် ငြိမ်းချမ်း ရေးကို လိုချင် နေကြလို့ သိသိချည်းနဲ့ လက်ခံ ဆွေးနွေး နေတာ ဖြစ်ပါ တယ်လို့ တိုင်းရင်းသား ခေါင်းတွေက ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ ဆိုတဲ့ အပေါ် မစ္စတာ အက်ရှလေ အကြံပြု တာက တော့ ပထမ အဆင့် အနေ နဲ့ နှစ်ဖက် စလုံး လက်ခံနိုင်တဲ့ ဆွေးနွေးပွဲမူဘောင် (Frame Work) ချမှတ်မှု ကနေ စဖို့ပါ၊ ဒီလုပ်ငန်းစဉ်ကနေစပြီး တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေစတင် တည်ဆောက် နိုင်မယ်၊ နောက်တစ်ဆင့်မှာတော့ အကြောင်းအရာ တွေ အ ကြောင်း ဆွေးနွေးဖို့၊ ဒီနေရာမှာသူ့ အကြံပေးချင်တာက ဆုံးဖြတ်ချက် တစ်ခု ချနိုင်ဖို့ မြန်မြန် ဆန် ဆန် ဆွေး နွေးပြီးတက်သုတ်ရိုက် ချတာမျိုးဟာ ယုံကြည်မှု တွေကိုလည်း ပျက်ပြား စေနိုင်သလို၊ ကြာရှည်လည်း ခံမှာ မဟုတ် ပါဘူး၊ ဒီနေရာမှာ အချိန် အများကြီး လိုပါတယ်၊ အကြောင်းအရာ တွေလည်း အများကြီး ဖြစ်နိုင်တယ်၊ အဲဒါတွေ ကို သဘောတူ လက်ခံ နိုင်ပါမှ  ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အောင်မြင်မှာပါ။

ဆောက်ဖြစ်မှပဲ ကျောင်းတကာ လို့ဘဲ ပြောပြောပေါ့၊ တစ်ကယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ပြီး မြန်မာ နိုင်ငံ အေးချမ်း ခဲ့မယ် ဆိုရင် အနာဂါတ်မှာ မြင်ရတဲ့ မြန်မာ နိုင်ငံရဲ့ ပုံရိပ်ဟာ ဘယ်လို ဖြစ်မလဲ ဆိုတဲ့ အပိုင်းနဲ့လည်း မစ္စတာ အက်ရှလေကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ သူကတော့-

“ ကျွှန်တော် မြင်တာ ကတော့ တိုင်းရင်းသား ပြသနာ တွေကို တစ်ကယ်တမ်းဖြေရှင်းလို့ ပြေလည် သွားခဲ့မယ် ဆိုရင် မြန်မာဟာ လှပတဲ့ နိုင်ငံ တစ်ခု ဖြစ်လာ မှာပါ၊ မြန်မာ နိုင်ငံဟာ သဘာဝ သယံဇာတ ကြွှယ်ဝ မှုကို ပိုင်ဆိုင် ထားနိုင် သေးတဲ့ နိုင်ငံ တစ်ခုအဖြစ် ကမ္ဘာမှာ တည်ရှိ နေဆဲပါ၊ ဒီသဘာဝ သယံ ဇာတ တွေကို မျှတစွာ ခွဲဝေ ပိုင်ဆိုင် ကြ မယ်၊ အစိုးရ ကလည်း တိုင်းရင်းသား အခွင့် အရေးတွေကို လေးစား အသိအမှတ် ပြုပြီး ၊ ကိုယ်ပိုင် ပြဌာန်းခွင့် အပေါ် အာမခံချက် ပေးမယ် ဆိုရင်တော့ အာရှ ဒေသမှာ မြန်မာနိုင်ငံရဲ့ အခန်း ကဏ္ဍဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍ နေရာ ကနေ ပါဝင် နိုင်မယ်လို့ သုံးသပ် ပါတယ်” ဟု မစ္စတာ အက်ရှလေဆောက်က ပြောပါတယ်။

မတူ ကွဲပြားတဲ့ တိုင်းရင်းသား တွေရဲ့ ရောင်စုံ အလှကို အသက်ဝင်အောင်ပုံဖော် နိုင်ဖို့ အစိုးရရဲ့ အခန်းကဏ္ဍ က လည်း အရေးကြီး ပါတယ်။ ဒီအလှအပ တွေမှာ မြန်မာကို တစ်ခြား နိုင်ငံ တွေထက် ထူးခြားစေတဲ့ အားသာချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။

မစ္စတာ အက်ရှလေဟာ မြန်မာနိုင်ငံ အရေးကို အနှစ် (၂၀) ကျော်ကြာအောင် လေ့လာထားသဖြင့်  သူ့ရဲ့ လက်တွေ့ ဘဝ သင်ခန်း စာအတွေ့ အကြံုတွေကို အခြေခံပြီး ပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။ အာရှ ဒေသရဲ့ နိုင်ငံ တော်တော် များများ မှာတော့ ခေတ်မှီဖွံ့ဖြိုးမှု ပြယုဂ် တွေ ရဲ့ နောက်ကို မြန်မြန် ဆန် ဆန် လိုက်လာ ကြလို့ နိုင်ငံရဲ့ ထူးခြား အားသာတဲ့ ပုံရိပ်တွေ ပျက်သုဉ်း လာနေကြ တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့  မြန်မာ နိုင်ငံ ကတော့ အဲဒီ ထူးခြား အားသာ မှုတွေ ကျန်ရှိ နေဆဲဘဲလို့ ဆိုပါတယ်။

ကျွှန်တော်ဟာ အက်စလေနဲ့ ဆွေးနွေး နေတဲ့ စကားဝိုင်း လေးကို အဆုံးသတ် ချိန်မှာတော့ ကျွှန်တော့်တို့ နိုင်ငံရဲ့  အနာဂါတ် ပုံရိပ်ကို မှန်းမျှော် ကြည့်မိ ပါတော့တယ်။ မငြိမ်းချမ်း သေးတဲ့ မြန်မာ ပြည်ရဲ့ လက်ရှိ အခြေအနေ တွေရဲ့ အစကို ကောက်ရင််း အနာဂါတ် မြန်မာ့ ပုံရိပ် ကို အိမ်မက် ဆန်ဆန် ပုံဖော် မိရင်းဖြင့် ဒွိဟပွားပြီး ကျန်ရစ် နေခဲ့ ပါတော့တယ်။

Most read this week