ကချင်ပြည်နယ် အမှိုက်ကောက်လှုပ်ရှားမှု အခက်ခဲမရှိအောင်မြင်

ကချင်ပြည်နယ် အမှိုက်ကောက်လှုပ်ရှားမှု အခက်ခဲမရှိအောင်မြင်
သုတလင်း — ကချင်ပြည်နယ်အနှံ့အပြား၌ လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်၍ အမှိုက်ကောက်ခဲ့ကြရာတွင် အခက်အခဲမရှိဘဲ ပြည်သူနှင့် စည်ပင်သာယာရေးကော်မတီမှ ပူးပေါင်းပါဝင် ပေးခဲ့ကြကြောင်း၄င်းလွှတ်တော်ကိုယ်စားလှယ် များထံမှသိရသည်။

မံစီမြို့နယ်တွင်မူ လူဦးရေနည်းပါးသည့်အတွက် အမှိုက်ကောက်ရာတွင်အခက်အခဲမရှိဘဲ မြောင်းများအတွင်း ပိတ်ဆို့နေသည့် အမှိုက်များကို စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများနှင့် ပူးပေါင်းကာ ကောက်ယူခဲ့ကြကြောင်း အဆိုပါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက ပြောပြသည်။

ဗန်းမော်မြို့နယ်အတွင်းတွင် NLD ပါတီဝင်များအပါအဝင် မြို့နယ်စည်ပင်နှင့် ပြည်သူလူထု ပူးပေါင်းကာ လူအင်အား ၁၀၀ ကျော်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်ကာ အမှိုက်ကောက်ယူ ခဲ့ကြသည်ဟု လည်းသိရသည်။

အဆိုပါနေ့တွင် သိမ်တော်ကြီးဘုရားပွဲကျင်းပနေချိန်လည်းဖြစ်၍ ယင်းဘုရားတဝိုက်နှင့် မိုးမောက်နယ် အစပ် တရုတ်ပြည်သို့ သွားရာလမ်းတစ်လျှောက်ထိ ကောက်ယူခဲ့ကြသည်ဟုလည်း ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောသည်။

"တစ်ချို့လူတွေက ကျွန်တော်တို့ အမှိုက်ကောက်နေတုန်း အမှိုက်တွေပစ်ချသွားတာရှိတယ်။ အဲဒီမှာ အမှိုက်ကို စည်းကမ်းတကျ ပစ်ပေးဖို့ပြောတော့ သူတို့အမှိုက်တွေ သူတို့ကောက်ပြီး သေသေချာချာ လေးပြန်ပစ်ပေးသွားကြတယ်"ဟု ၄င်းကဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးဝင်းဇော်က ၄င်း၏ မဲဆန္ဒနယ်အတွင်း အမှိုက်ကောက်ခြင်းလုပ်ငန်းစဉ်ကို ပါတီဝင်များဖြင့် ဒီဇင်ဘာလ ၁၄ရက်မှသာ လုပ်ဆောင်နိုင်ခဲ့သည် ဟုလည်းသိရသည်။

အမှိုက်ကောက်ရာတွင် အထူးသဖြင့် အင်းတော်ကြီး အင်းပတ်ပတ်လည်တစ်ဝိုက်ကို အထူးဂရုစိုက် ကောက်ယူခဲ့သည်ဟုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်က ပြောသည်။

"ကျွန်တော်တို့ဆီမှာက စည်ပင်မရှိဘူးဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူတွေကိုအသေအချာ လေးအသိပေးပြီးမှ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး အမှိုက်ကို ကောက်နေရုံမဟုတ်ဘဲ ပလပ်စတစ် အသုံးပြုတာပိုပြီးလျှော့လာအောင် ပညာပေး လုပ်ငန်းတွေလည်း ဆက်လက် လုပ်ဆောင်ပါ မယ်။ နောက်ဆို ကျွတ်ကျွတ်အိတ်ကို မလိုရင် မယူနဲ့ဆိုတဲ့ အနေအထားတစ်ခု ထိရောက်အောင်ပါ " ဟု ၄င်းကဆိုသည်။

မိုးကောင်းမြို့နယ်၏ အမှိုက်ကောက်ခြင်းလုပ်ငန်းစဉ်တွင်မူ NLD ပါတီဝင်များသာမက ပြည်သူနှင့် မိုးကောင်းဒေသခံလူငယ်အဖွဲ့ အစည်းများ၊ ရှေ့ဆောင်ဘဏ်မှ ဝန်ထမ်းများစုပေါင်းပါဝင်ပေး ခဲ့ကြသည်ဟု ယင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်မြသွေးစံက ပြောသည်။

ထို့အပြင် ရပ်ကွက်တစ်ခုအတွင်း အမှိုက်လှောင်ကန် ၂ခုခန့်ဆီ ဆောက်လုပ်ကာ စည်ပင်သာယာရေး ကော်မတီမှ အမှိုက်ကို စနစ်တကျ ကောက်ယူပေးရန် တင်ပြဆွေးနွေးဖြစ်ခဲ့ပြီး လတစ်လ၏ နောက်ဆုံးပတ် စနေနေ့တိုင်းတွင်လည်း တစ်မြို့နယ်လုံး ယခုကဲ့သို့ စုပေါင်းကာ အမှိုက်ကောက် ယူခြင်းကို အမြဲမပြတ်လုပ်ဆောင်နိုင်ရန် ဒေသခံများနှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံက ပြောကြားသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...