ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်ကြောင့် မဲနိုင်ခဲ့သလိုပဲ တကယ်ပြောင်းလဲပေးရန် မျှော်မှန်း

ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်ကြောင့် မဲနိုင်ခဲ့သလိုပဲ တကယ်ပြောင်းလဲပေးရန် မျှော်မှန်း
စံမောင်သန်း — အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြောင်းလဲဖို့ အချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သဖြင့် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်ကထက် အပြောင်းအလဲ ပိုရှိလာမည်ဟု မျှော်မှန်းနေကြကြောင်းပါတီများမှ သတင်းရရှိသည်။

 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအလဲကို လိုချင်တဲ့ပြည်သူတွေကလည်း မဲပုံအောပေးခဲ့ကြတယ်လေ။ ပြည်သူလူထုဆန္ဒ အတိုင်း တကယ်အပြောင်း အလဲဖြစ်လာဖို့ လုပ်ဆောင်ပေးရမယ့် တာဝန်ဟာ အသစ်တက်လာမည့် အစိုးရမှာ အပြည့်အဝတာဝန်ရှိပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် ပြည်သူတွေရဲ့ တာဝန်ကတော့ ကျေခဲ့ကြပြီလေ။ အပြောင်းအလဲက ပြီးသွားပြီ၊ အပြောင်းအလဲကို ဖြစ်မြောက်အောင် လုပ်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက မဲပေးလိုက်တဲ့ NLD အပေါ်မှာ တာဝန်ကျ လာပါပြီ”ဟု ရခိုင့်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်သုံးသပ်နေသူ စစ်တွေ မြို့မိမြို့ဖ  ကျောင်းဆရာ ဦးသန်းထွန်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

 ပြည်သူအားလုံးက ယခင်ကာလထက် အပြောင်းအလဲရရှိရေးကို လိုလားနေ၍ နောင်တက် လာမည့်အစိုးရက ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖေါ်ပေးနိုင်လိမ့်မယ်ဟုမျှော်လင့်ကြောင်း ၎င်းကပြောသည်။

 ပြည်သူများအနေဖြင့် အပြောင်းအလဲလိုချင်၍ ပြည်သူက မဲပုံအောပေးခဲ့သည့်အတွက် မဲနိုင်သွားသည့် အပေါ်တွင် သဘောကျသော်လည်း တိုင်းရင်းသား နယ်မြေများတွင်လည်း NLD ကနိုင်သွားခြင်းသည် တိုင်းရင်းသား အခွင့်အရေးအတွက် အနည်းငယ် စိုးရိမ်စရာရှိသည်ဟု ဆရာဦးသန်းထွန်းက သုံးသပ်ပြောကြားသည်။

 အာဏာလွှဲပြောင်းမှု ချောချောချူချူဖြစ်မှု၊ မဖြစ်မှုသည် အာဏာလွှဲပြောင်းမှုကို လက်ခံရယူမည့် သူများ၏ လိမ္မာပါးနပ်မှုအပေါ်၌ မူတည်နေသည်ဟုလည်း သူကဆက်လက် ပြောကြားသည်။

 ဦးသိန်းစိန် အစိုးရလက်ထက်တွင် အပြောင်းအလဲအနေဖြင့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီး ကျေနပ်လောက်သည့် ပြောင်း လဲမှု မရှိခဲ့သော်လည်း NLD က ဖွဲ့စည်းလာမည့် အစိုးရသစ် လက်ထက်တွင် အပြောင်းအလဲ တစ်စုံတစ်ရာကိုမျှော်လင့်သည်ဟု ရခိုင်အမျိုးသားပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ ပြည်နယ်လွှတ်တော် မြေပုံမဲဆန္ဒနယ် အမှတ် ၁ တွင်အနိုင်ရခဲ့သူ ဦးအောင်ဝင်းက သုံးသပ်ပြောကြားသည်။

 “ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ၅ နှစ်တာကာလကတော့ ဘာပဲဖြစ်ဖြစ် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလနေပြီးတော့ ဦးသိန်းစိန်လက် ထက်မှာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖြစ်သန်းခဲ့ကြတဲ့ကာလမှာ ကျွန်တော်တို့ပြည်နယ်တွေမှာ ပြောင်းလဲမှု တွေက အနည်းငယ်ရှိခဲ့ပြီး၊ အားရကျေနပ်လောက်တဲ့ ပြောင်းလဲမှုတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၆ မှာ NLD က ဦးဆောင်ပြီးတော့ အစိုးရဖွဲ့စည်းလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ပြောင်းလဲမှု တစ်စုံတစ်ရာကို မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုဟာဆိုရင် ၈၈ ကတည်းက ဖြတ်သန်းလာခဲ့တဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်သလို ဒီမိုကရေစီ အပြောင်းအလဲအတွက် သူမအနေနဲ့ လုပ်ပေးနိုင်မယ်လို့ ပြည်သူလူထုကမျှော်လင့်နေတယ်”ဟု ဦးအောင်ဝင်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

 ယခင် ၅ နှစ်ကာလနှင့် နောင်ဖြတ်သန်းရမည့် ၅ နှစ်တာကာလသည် အသွင်မတူသည့် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာမည်ဟု ယူဆပြီး၊ တိုင်းရင်းသားဒေသများ၌လည်း ယခင် ၅ နှစ်ထက် ပိုမို အာရုံစိုက်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားများ ရပိုင်ခွင့်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား လုပ်ဆောင် လာလိမ့်မည်ဟု ယူဆကြောင်း သူကဆက်လက်ပြောကြားသည်။

 ရခိုင်ပြည်နယ်နှင့် ပတ်သက်လာလျှင် ပြည်ထောင်စုအစိုးရကို အကောင်အထည်ဖေါ်မည့် NLD သည် ၁၉၈၂ ခု နိုင်ငံသားဥပဒေကို အခြေခံလုပ်ဆောင်ရမည်ဖြစ်ပြီး၊ ၁၉၈၂ ဥပဒေကို ပစ်ပယ်ပြီး လူ့အခွင့်အရေး ကို ဗန်းပြကာ ရခိုင်ပြည်နယ်မှ ဘင်္ဂလီများအပေါ် သဘောထားပြောင်းလဲသွား မည်ဆိုလျှင် ရခိုင်ပြည်သူလူထုနှင့် အစိုးရသစ်အကြား တစ်စုံတစ်ရာ ပဋ္ဋိပက္ခရှိလာနိုင်သည်ဟု ဦးအောင်ဝင်းက သုံးသပ်ပြောကြားခဲ့သည်။

Most read this week

December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...
December 1, 2015
အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်၌ ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေး၊ ၆ ရက်တွင် ဗဟိုကော်မတီ...