မဲပေးပိုင်ခွင့်မရှိသူများကို မဲပေးခွင့်ပြုခဲ့၍ သံတွဲတွင် ဒေသခံများဆန္ဒပြ

မဲပေးပိုင်ခွင့်မရှိသူများကို မဲပေးခွင့်ပြုခဲ့၍ သံတွဲတွင် ဒေသခံများဆန္ဒပြ
စံမောင်သန်း — ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မရှိသူ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား မဲပေးခွင့် ပြုခဲ့ခြင်းအပေါ်မကျေနပ်၍ ဒေသခံပြည်သူများက ကန့်ကွက် ဆန္ဒပြပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ မြို့နယ်ထွေအုပ်ရုံး၊ ခရိုင် ထွေအုပ်ရုံးများသို့ချီတက် ဆန္ဒပြခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
 
ဆန္ဒပြပွဲတွင် နိုင်ငံသားမဟုတ်သည့်သူများ မဲပေးထားမှုကို ဖယ်ထုတ်ပေးရန်၊ ဥပဒေကို ဆန့်ကျင်သူများကို အရေးယူပေးရန်၊ တရားမဝင် မဲပေးခွင့်ရအောင် လုပ်ပေးခဲ့သူများကို အရေးယူပေးရန်၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း အမြန်ဆုံးစိစစ်ပြီး နိုင်ငံသား မဖြစ်သည့်သူများကို အမြန်ဆုံး ဖေါ်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟုသိရသည်။
 
သံတွဲမြို့နယ်၌၂၀၁၃ ခုနှစ်အတွင်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရသူ ၄၀၀ ကျော်သာရှိခဲ့သော်လည်း မကြာသေးမီက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ကမန်အမည်ခံ အစ္စလာမ်ဘာဝင် ၉၀၀၀ ကျော် မဲပေးခွင့် ရရှိခဲ့သည်ဟု သိရှိရသည်။
 
“ကျွန်တော်သိရသလောက်ကတော့ ရခိုင်ပဋ္ဋိပက္ခကိစ္စမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ရှိတယ်လေ။ အဲဒီအစီရင်ခံစာအရဆိုရင် သံတွဲမြို့နယ်မှာ ကမန်က ၄၇၄ ဦးလို့ တွေ့ရတယ်။ ဒါပေမယ့်လို့ အခု မဲပေးတဲ့အခါကျတော့ မှတ်ပုံတင်မရှိတဲ့ သူတွေပါတယ်။ ပြီးတော့ HDY ဆိုတဲ့အရင်တုန်းက သံတွဲမှာကိုင်တာပေါ့နော် အဲဒီအတိုကောက်နဲ့ ဟာတွေလည်းပါတယ်။ အခုအခါမှာတော့ ၉၀၀၀ ကျော်လောက် မဲပေးခွင့်ပြုခဲ့တာကို တွေ့ရှိရတယ်”ဟု ရခိုင်အမျိုးသားပါတီမှ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက် အရွေးခံခဲ့သူ ဂွမြို့နယ် ဥက္ကဋ္ဌ ဦးတင်ညိုက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။
 
အဆိုပါ မဲပေးသူများထဲတွင် မြန်မာနိုင်ငံသားဖြစ်နေသူ အရေအတွက်နှင့် ကမန်လူမျိုးဘယ်နှစ်ဦး ပါဝင်သည်ကို မသိရသဖြင့် လဝက အနေဖြင့် စိစစ်ဖေါ်ထုတ်ပေးရန် တောင်းဆိုထားသည်ဟု၎င်းကပြောသည်။
 
အဆိုပါဆန္ဒပြပွဲတွင် နိုင်ငံသားမဟုတ်သူများ မဲပေးထားမှု ဖယ်ထုတ်ပေးရေး၊ ဥပဒေဆန့်ကျင်သူ ကိုအရေးယူရေး၊ တရားမဝင် မဲပေးခွင့်ရအောင်လုပ်ပေးသူများကို အရေးယူပေးရေး၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှုဥပဒေ အမြန်ဖေါ်ရေး၊ ပူးပေါင်းကြံစည်၍ နိုင်ငံသားရယူထားမှု ဖေါ်ထုတ်အရေးယူရေး စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်ဟုသတင်းရရှိသည်။
 
အဆိုပါဆန္ဒပြပွဲတွင် ဒေခံ ၂၀၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး၊ ဆန္ဒပြသူ လူစုသည် နေ့လယ် ၁ နာရီတွင် အံတော်တံတား၌လူစုခွဲ လိုက်ကြသည်ဟုသိရသည်။

ယခုကဲ့သို့ဆန္ဒပြတာနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးလိုကြောင်း၊ ၅ ဦးကော်မတီဖွဲ့စည်းပြီး စိစစ်ချက်အရ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထောက်အကူပြုကော်မတီတွေက ကမန်ဖြစ်ကြောင်း ထောက်ခံသည့်အတွက် မဲပေးခွင့်ရရှိခဲ့ခြင်းဖြစ်တာပါလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ခံ ဦးသူရိန်ထွဋ္ဋ်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...
December 1, 2015
အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်၌ ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေး၊ ၆ ရက်တွင် ဗဟိုကော်မတီ...