ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရန် ရခိုင်အမျိုးသားပါတီအစည်းအဝေး လုပ်မည်

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရန် ရခိုင်အမျိုးသားပါတီအစည်းအဝေး လုပ်မည်
စံမောင်သန်း — နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်နေရာအများစုတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက် မှ ရ ရက်ထိ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်သွား မည်ဟု သတင်းရရှိသည်။

အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်၌ ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေး၊ ၆ ရက်တွင် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးနှင့် ရ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များ အစည်း အဝေးကို သီးခြားစီ ပြုလုပ်သွားမည်ဟုသိရသည်။

“ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းတဲ့အခါ ဘယ်ပုံဘယ်နည်းထွက်ပေါ်လာမယ်ဆိုတာရယ်၊ ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသားရေး၊ ရခိုင်အမျိုးသားရေး၊ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတွေကိုတစ်ခြား တိုင်းရင်းသား ပါတီတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ လိုမယ်လို့ ထင်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူ ဦးအေးသာအောင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

 ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီအနေဖြင့် အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၇ နေရာတွင် ၁၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၃၄ နေရာတွင် ၂၂ နေရာ အနိုင်ရရှိခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် နေရာအများစု အနိုင်ရရှိကာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တတိယ အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

 အဆိုပါအစည်းအဝေးတွင် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်လာမည့်အနေအထား မရှိသည့်အပြင် ပါတီတွင်း ပြဿနာများ ကို ပြေလည်အောင်ဖြေရှင်းနိုင်မည်ဟု ဦးအေးသာအောင်ကပြောသည်။

“ခေါင်းဆောင်အချင်းအချင်းကြားမှာ နားလည်မှု လွဲမှားနေတာတွေကိုအမျိုးသားအကျိုးစီးပွား အပေါ်မှာ အဓိ်ကထားပြီးတော့ ဆွေးနွေးလုပ်ဆောင်ကြမယ်ဆိုရင် ညီညွတ်ဖို့က မခက်ခဲဘူး။ အခုဖြစ်နေတဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး၊ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာမယ် မထင်ဘူး။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်စရာ လည်းမရှိပါဘူး”ဟု ၎င်းကပြောသည်။

ပါတီတွင် ချမှတ်ထားသည့် မူဝါဒများကိုလက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်ပြီး ပါတီကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်သွားမည် ဟုလည်း ဦးအေးသာအောင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ထပ်မံဖြေကြားခဲ့သည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...