ဖားကန့်၌ မြန်မာနိုင်ငံသားစစ်စစ် ပိုင်ဆိုင်သော ကျောက်တွင်းကုမ္မဏီနည်းပါး

ဖားကန့်၌ မြန်မာနိုင်ငံသားစစ်စစ် ပိုင်ဆိုင်သော ကျောက်တွင်းကုမ္မဏီနည်းပါး
သုတလင်း — “ဖားကန့်ရဲ့ လက်ရှိအခြေအနေက တရားဥပဒေစိုးမိုးမှုမရှိ၊ ငြိမ်းချမ်းမှုမရှိဘူးလို့ ပဲပြောချင်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ Global Witnessရဲ့မြန်မာ့ကျောက်စိမ်း သယံဇာတ အခြေအနေ ပေါ်ရေးသားထားတဲ့အစီရင်ခံစာဟာ အားလုံးနီးပါး မှန်ကန်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဖားကန့်မှာ နိုင်ငံသားစစ်စစ်ပိုင်တဲ့ လုပ်ငန်းတွေတစ်အားနည်း တယ်။ နောက်ပိုင်ရှင် အစစ်အမှန်တွေက မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသားတွေတောင်မဟုတ်ဘဲ တစ်ဖက် နိုင်ငံက တရုတ်နိုင်ငံသားတွေပဲ Back Up ယူထားတဲ့ ကုမ္ပဏီတွေများတယ်”ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသည့်  ဦးတင့်စိုးမှ ဖားကန့်၏လက်ရှိအနေအထားများနှင့် ပတ်သတ်၍ BNI ရွေးကောက်ပွဲ သတင်းခန်းမှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

မေး။ ။ ဖားကန့်ရဲ့ လက်ရှိအခြေအနေကို ပြောပြပေးနိုင်မလား။

ဖြေ။ ။ ဖားကန့်ရဲ့ လက်ရှိအခြေအနေက တရားဥပဒေစိုးမိုးမှုမရှိ၊ ငြိမ်းချမ်းမှုမရှိဘူးလို့ ပဲပြောချင်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ Global Witnessရဲ့မြန်မာ့ကျောက်စိမ်း သယံဇာတအခြေအနေပေါ်ရေးသားထားတဲ့အစီရင်ခံစာဟာ အားလုံးနီးပါး မှန်ကန်တယ်လို့ ပြောချင်ပါတယ်။

Scan E 20150831 078ကျွန်တော်တို့ဖားကန့်မှာ နိုင်ငံသားစစ်စစ်ပိုင်တဲ့ လုပ်ငန်းတွေတစ်အားနည်းတယ်။ နောက်ပိုင်ရှင် အစစ်အမှန်တွေက မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသားတွေတောင်မဟုတ်ဘဲ တစ်ဖက် နိုင်ငံက တရုတ်နိုင်ငံသား တွေပဲ Back Up ယူထားတဲ့ ကုမ္ပဏီတွေများတယ်။ ကျွန်တော်ဖားကန့် မှာနေလာတာ (၂၇)နှစ်ရှိနေပါပြီ။ ကျွန်တော်တို့နိုင်ငံကသယံဇာတတွေကိုကျွန်တော်တို့နိုင်ငံသားတွေ ဘယ်လောက်မှ ခံစားခွင့်မရှိခဲ့တာ အားလုံးအသိပါပဲ။

မေး။ ။ လက်ရှိသယံဇာတ တူးဖော်မှုအနေအထားကရော ဒေသကို ထိခိုက်မှုတွေဘယ်လောက် ရှိနေပါပြီလဲ။

ဖြေ။ ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကတော့ မယုံနိုင်လောက်အောင်ပဲ ပျက်စီးသွားခဲ့ပါပြီ။ ကျွန်တော်တို့ဖားကန့်နယ်မြေဆိုတာ အရင်က သဘာဝတောတောင်တွေနဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ သယံဇာတ ထွက်တဲ့နေရာပါ။

ခုဆို မြေသားအားလုံးပျက်စီးသွားခဲ့ပါပြီ။ ဧရိယာအားဖြင့်ပြောမယ်ဆိုရင် ခန့်မှန်းခြေ မိုင် ၄၀၀ စတုန်ရန်းဝန်းကျင်လောက် လုံးဝပျက်စီးနေပါပြီ။ ချိုင့်တွေ၊ ကျွင်းတွေ ၊ မြေစာတွေဖြစ်နေပြီ။ ကန္တာရလို့တောင် ပြောရမယ့်အနေအထား ဖြစ်သွားခဲ့ပါပြီ။ အဲဒီအနေအထားမှာ ကုမ္ပဏီက နေ့စဉ်သုံးနေကြတဲ့ ထင်း၊ မီးသွေး၊ အဆောက်အဦးဆောက်ဖို့အတွက်သုံးနေကြတဲ့ ခုတ်နေကြတဲ့ တောတွေဟာ ဘယ်လောက်ထိအောင် ပြုန်းသွားခဲ့ပြီလဲဆို ကျွန်တော်တို့ဆို အရင်က ကျွန်တော်တို့ရွာက ထွက်တာနဲ့ သစ်ဝါးတွေ ခုတ်လို့ရတယ်။

 မျှစ်၊ဝါးတွေ ခုတ်လို့ရတယ်။ ခုဆို ရွာကနေ မိုင် ၄၀ လောက်ထိ သွားပြီးမှသာလျှင် ကျွန်တော်တို့ သစ်ကို ရနိုင်တဲ့ အနေအထားထိ ဖြစ်သွားခဲ့ပါပြီ။ ကာကွယ်ထိန်းသိမ်းရမယ့် အနေအထားတွေက အများကြီးကို ဖြစ်နေပါပြီ။

 အဓိက ဥရုချောင်းရဲ့ ကံကြမ္မာ။ ကျွန်တော်တို့ တစ်ချိန်က ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၇ ၊ ၂၈ နှစ်က ဒီဥရုချောင်းရေကိုပဲ အမှီပြုပြီး သောက်ရေ ၊ သုံးရေ သုံးခဲ့ရတယ်။ ဒီနေ့ ဥရုချောင်းရေဟာ သောက်ဖို့သုံးဖို့ မပြောနဲ့ ခြေလက်ဆေးဖို့တောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ဥရုချောင်းရေဟာလည်း ပေ ၂၀၊ ပေ၃၀ အထိ မြင့်တက်လာတဲ့အခါကျတော့ ရေကြီးမှုဒဏ်ကို ဥရုချောင်းဘေးမှာ ရှိတဲ့ ရွာတွေအားလုံး က အကြီးအကျယ်ခံနေကြရပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ ရေကြီးရေလျှံမှု တွေဖြစ် တယ်။ ရေကြီးရေလျှံ တာမှ သုံးလေးရက်ထိ ရေက တက်နေခဲ့တယ်။

ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အတူ ဥရုချောင်း ပျက်စီးမှုကလည်း အင်မတန်မှ စိုးရိမ်စရာဖြစ်လာပါပြီ။

မေး။ ။ အစိုးရသစ်မတိုင်ခင်မှာ သယံဇာတ တူးဖော်မှုတွေဟာ ယခင်ထက် ပိုမို လုပ်ဆောင် လာကြတာရှိတယ်လို့လဲ ပြည်တွင်းက မီဒီယာတွေမှာ ရေးသားဖော်ပြလာတာတွေ့ရပါတယ်။ အဲ့ဒီအပေါ်မှာ ဖားကန့်ဒေသရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအနေနဲ့ ဒီလိုတူးဖော်နေကြတာတွေဟာ အမှန်တကယ်ပဲလားဆိုတာ အတည်ပြုပေးနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီမှာ ယန္တရားကြီးတွေက ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးတဲ့ ယန္တရားကြီး တွေနဲ့ လာရောက်တူးဖော်နေပါတယ်။ ခုလက်ရှိမှာကိုက ဖားကန့်-မြစ်ကြီးနားလမ်းမှာ အဲဒီလို ယန္တရားကြီးတွေအစီးပေါင်း ၃၀၀ နီးပါး တက်သွားတာကြောင့် လမ်းမှာ ပိတ်ဆို့မှုဖြစ်နေပါတယ်။ ယန္တရားကြီးတွေဟာ အင်မတန်မှကြီးကျယ်တဲ့အတွက် လမ်းမှာယာဉ်ပိတ်ဆို့မှုတွေဖြစ်ပါတယ်။ မြစ်ကြီးနား-ဖားကန့်လမ်းမဟုတ်ဘဲစစ်ကိုင်းတိုင်းခန္တီးကနေပြီး ချင်းတွင်းမြစ်ကနေ တင်လာတဲ့ ဧရာမ ကားကြီးတွေ ရှိနေပါတယ်။ အဲဲဒါတွေကလည်း အစီး ၃၀၀ လောက် ဖားကန့်ကို ဦးတည်ပြီး လာနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ သက်တမ်းအနေနဲ့ သုံးလလောက်သာ ကျန်တော့တဲ့ အချိန်မှာ သူတို့ရနိုင်သ၍ ကျောက်စိမ်းတွေကို ရသလောက်တူးဖော်မယ်ဆိုတဲ့ အင်နဲ့ အားနဲ့ တက်လာတဲ့ ယန္တရားကြီးတွေ အများကြီးရှိနေပါတယ်။

မြေတူးစက်တွေဆိုရင်တစ်ခါကိုမှ မမြင်ဖူးတဲ့ အရွယ်အစားယန္တရားကြီးတွေရှိနေပါတယ်။ တစ်ချို့ကုမ္ပဏီတွေက လည်း မြန်မြန်ပြီးအောင် လုပ်ကွက်တစ်ခုထဲကို ကုမ္ပဏီဆိုက် နှစ်ခုသုံးခုပေါင်းပြီး အကြီးအကျယ်ထုတ်လုပ်နေတာမျိုးတွေရှိပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက်ကိုချန်ထားရမယ့် သယံဇာတတွေကို လိုက်ယူပြီး စားသုံးနေတဲ့ ပုံစံဖြစ်နေပါတယ်။ ကျောက်စိမ်းကိုတောင်မှ ဒီပုံစံအတိုင်းဆို တရုတ်ပြည်မှာပဲ သွားကြည့် ရတော့မယ့် အနေအထားဖြစ်နေပါပြီ။ ဒါတွေကို ကျွန်တော်တို့ အမြန်ဆုံးဥပဒေတွေနဲ့ ကာကွယ်တားဆီးရမှာဖြစ်ပါတယ်။ ယန္တရားတွေကိုလည်း ကန့်သတ်ရပါမယ်။ လုပ်ကွက်တစ်ကွက်ဆို ယန္တရား ဘယ်လောက်အားကိုပဲ သုံးရမယ်။ ယန္တရားတွေကို ဘယ်နှစ်စီးသုံးရမယ်ဆိုတာ မျိုးပေါ့။ နောက်ကျွန်တော်တို့ တော်တော်များများသိရတာကတော့ ဒီကိုဝင်ရောက်လာတဲ့ ယန္တရား တော်တော်များများ ဟာ နိုင်ငံတော်ကို အခွန်ဆောင်ထားတာတွေမရှိပါဘူး။

မေး။ ။ လွှတ်တော်အသစ်ပြန်လည်စတင်တဲ့အခါမှာ ဒီလိုအခြေအနေတွေကို ကာကွယ်နိုင်ဖို့ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားတာမျိုးတွေရှိပါသလား။ ဖားကန့်အတွက် ဘယ်လိုမျိုးတွေလုပ် ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့အဓိက တရားဥပဒေစိုးမိုးမှုရှိအောင် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို တရားနည်းလမ်းကျကျ လျှောက်ထားဖို့ တွေလုပ်ပါမယ်။ ပြည်တွင်းက မဟုတ်တဲ့ ပြည်ပ လုပ်ငန်းရှင် တွေပိုင်တဲ့ ကုမ္ပဏီမျိုးတွေကိုလည်း ကျွန်တော်တို့ပြန်လည်ရှာဖွေထုတ်ဖော် ရမှာဖြစ်ပါတယ်။ နောက် တကယ့်ပြည်သူပြည်သားစစ်စစ် ၊ နိုင်ငံသားစစ်စစ်တွေကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့်ချထားပေးဖို့ ကျွန်တော်တို့လုပ်ဆောင်ရပါမယ်။

ဘာကို အဓိက သတိပြုရဦးမလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်ခွင့်ကို ကျွန်တော်တို့ ဖော်ဆောင်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီမှာ ကုန်စည်တွေ သယ်ယူပို့ဆောင်ဖို့ လွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို ဖော်ဆောင် ပေးရမှာပဲ ဖြစ်ပါတယ်။

ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သတ်ပြီး ဥပဒေတွေအများကြီးကို ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။ နောက်ပြီးတရားဥပဒေစိုးမိုးမှုမရှိ တဲ့အခါကျတော့ လုပ်ကွက်တစ်ခုမှာ ကုမ္ပဏီတစ်ခုဟာ သူတကယ်တမ်းရထားတာက ၁၀ ဧက ဆိုပေမယ့် သူတကယ်တမ်းလုပ်သွား တာက အဲ့ဒီဧရိယာထက်ပိုတဲ့ အနေအထားမျိုးတွေရှိနေပါတယ်။

ဒါတွေကိုလည်း ကျွန်တော်တို့ သမာသမတ်ကျကျ နိုင်ငံတော် အကျိုးစီးပွားရှိရှိ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဖားကန့်လမ်းပေါ့။ ဖားကန့်ကနေ ဘီလီယံနဲ့ချီတဲ့ ကျောက်စိမ်းတွေကိုသာ ထုတ်ယူသွားကြတယ်။ အသုံးပြုနေတဲ့လမ်းက မြန်မာနိုင်ငံမှာရှိနေတဲ့ လမ်းတွေထဲမှာ အဆိုးဝါးဆုံးလမ်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာလုပ်သွားကြတဲ့ လူအတော်များများဟာ ဒီကနေသာ ရတနာတွေ တော်တော်များများကို ထုတ်ယူသွားခဲ့တယ်။ ဖားကန့်ဒေသရဲ့ ကောင်းကျိုးကို ထိထိရောက်ရောက်လုပ်ပေးခဲ့တာမရှိဘူး။

ဒေသခံကုမ္ပဏီတွေလောက်သာ ဒေသရဲ့ အကျိုးကို ပြန်ကြည့်တာမျိုးရှိတာပေါ့။ အများစုကတော့ ဒေသအကျိုးကို မကြည့်ကြတာမျိုးအပေါ်မှာ ကျွန်တော်တို့က ပြန်လည်စိစစ်ရမှာဖြစ်ပါတယ်။

မေး။ ။ ဖားကန့်မှာ စွန့်ပစ်မြေစာပုံပိတာကြောင့် နှစ်စဉ်လူရာနဲ့ချီ ဆယ်နဲ့ချီသေဆုံးနေရမှုအပေါ်မှာ ဘယ်လိုအနေအထားတွေနဲ့ ကာကွယ်မှုတွေလုပ်ဆောင်ပေးသင့်နေပြီလို့ ထင်မြင်ပါသလဲ။ နောက် ဒေသခံတွေအတွက်ဘယ်လိုအခြေအနေမျိုးတွေဖန်တီးပေးဖို့ လိုနေပြီလို့ ထင်ပါသလဲ။

ဖြေ။ ။ ဒီမှာရှိကြတဲ့ ရေမဆေးကျောက်ရှာတဲ့သူတွေ ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့မြေစာပုံကနေ ကျောက်စိမ်းတွေကို ပြန်လည် ရှာဖွေနေကြတဲ့သူတွေက အိပ်မက်တွေပေါင်းစုံနဲ့ မြန်မာနိုင်ငံ တနံတလျားကနေ လာရောက်နေကြတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေဘာဖြစ်လို့ အုံနဲ့ကျင်းနဲ့ သိန်းနဲ့ချီပြီးရောက်ရှိလာကြလဲဆိုရင် နိုင်ငံရဲ့ဆင်းရဲမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ သူတို့ရဲ့ အဓိက အိပ်မက်က လော်ပန်လို့ခေါ်တဲ့ သူဌေးဖြစ်ချင်တာပါ။ အသက်ကို ပဓာနမထားဘဲ ရေမဆေးကျောက်ကို ရှာဖွေကြတယ်။

အဲဒီထဲကနေလည်းဒေါ်လာသန်းနဲ့ချီတဲ့ ကျောက်တွေရှာ တွေ့တာမျိုးလည်းရှိတယ်။ ဒါတွေက အသက်နဲ့ရင်းပြီးရှာရတယ်။ ရှာရတယ်ဆိုတာက မြေစာပုံပြိုကြတယ်။ သဘာဝကျောက်တုံးကြီးတွေ ပြိုကျလို့ သေကြတယ်။ ပြီးခဲ့တဲ့ကိစ္စမှာ မီဒီယာတွေကသာ ဖော်ထုတ်နိုင်ခဲ့လို့ လူရာနဲ့ချီသေတဲ့ကိစ္စကို သိကြတာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ အလားတူဖြစ်ရပ်တွေက များစွာဖြစ်ခဲ့ပြီးပြီ။

မြေစာပုံအနီးမှာကိုပဲ မနှစ်ကဖြစ်တဲ့ ရာနဲ့ချီပြီးမှ လူတွေမြှုပ်သွားတယ်။ သက်ဆိုင်ရာပိုင်းကနေ လူလေးနည်းနည်းပဲ ပါသွားတယ်ဆိုပြီး ပြီးသွားခဲ့ရတယ်။ ဖားကန့်တစ်နယ်လုံးမှာ ဒီလိုဖြစ်စဉ် တွေကနေ ကာကွယ်နိုင်ဖို့ ရေမဆေးကျောက် သမား တွေကို နေရာချထားပေးဖို့၊ သူတို့အလုပ်အကိုင် တွေမှာ အသက်အန္တရာယ်မထိခိုက်နိုင်အောင် ပညာပေးဖို့တွေလိုအပ်တယ်။ တစ်ချို့ကတဲလေးတွေနဲ့ သူတို့လုပ်ကိုင်တဲ့ မြေစာပုံရဲ့အနီးမှာ အခြေချပြီးနေကြတယ်။ အဲဒီဖြစ်မဲ့နေရာမျိုးတွေကနေ ရှောင် ရှားပြီး နေရာချထားပေးနိုင်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဘက်ကနေ ဆောင်ရွက်ပေး ဖို့လိုပါတယ်။ ပညာပေးမှုတွေ  လုပ်ကိုင်ဖို့လည်း လိုပါတယ်။ အများကြီး လုပ်ရဦးမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...