အရွေးချယ်ခံကိုယ်စားလှယ်ဟုသာသုံးရန် အဖွဲ့ချုပ်ညွန်းကြား

အရွေးချယ်ခံကိုယ်စားလှယ်ဟုသာသုံးရန် အဖွဲ့ချုပ်ညွန်းကြား
သုတလင်း — အနိုင်ရကိုယ်စားလှယ်ဟု မသုံးဘဲ အရွေးချယ်ခံကိုယ်စားလှယ်ဟုသာ သုံးနှုန်းရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်သည့် အထက်မြန်မာပြည်မှ လွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ်မှ တက်ရောက်သည့့်လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

ပြည်သူများမှ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်ဖြစ်သည့်အတွက် မိမိတို့၏ အစွမ်းအစကြောင့် အနိုင်ရရှိခြင်းမဟုတ်ကြောင်းကို သတိတရရှိစေရန် ယင်းသို့ မှာကြားခြင်းဖြစ် သည်ဟုမြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှကိုယ်စားလှယ် ဦးနေဝင်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ဖြေကြားသည်။

"ကိုယ်စားလှယ်တွေက ပြည်သူကို အလုပ်အကျွေးပြုဖို့ဆိုတာ မမေ့စေချင်တာပါ။ နောက်ပြီး မြှောက်တိုင်းလည်း မမြှောက်နဲ့။ ခြောက်တိုင်းလည်း မခြောက်နဲ့ ဆိုတဲ့ စကားကိုလည်း ပြောသွားပါသေးတယ်"ဟု ဦးနေဝင်းက ဆိုသည်။

ဒီဇင်ဘာလ ၅ ရက်က ပျဉ်းမနား မေခန်းမတွင် အထက်မြန်မာပြည်မှ ဒီချုပ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲဖြစ်သည့်အတွက် ပါတီဥက္ကဌ ပြောဆိုသည့် မိန့်ခွန်းကိုသာ နားထောင်ခြင်းဖြစ်ပြီး ကိုယ်စားလှယ်များဘက်မှ တင်ပြခြင်းမရှိခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သည့်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါ်ရှီလာနန်တောင်က ပြောသည်။

"အောက်မြန်မာပြည်က အမတ်တွေနဲ့ တွေ့တုန်းကလို အဆူခံလိုက်ရတာမျိုးတော့ မရှိပါဘူး" ဟု ဒေါ်ရှီလာနန်တောင်က ရယ်လျှက်ဖြေကြားသည်။

ထို့အပြင် ပါတီအတွင်းမှ ထိပ်သီးပိုင်းအကြီးအကဲပုဂ္ဂိုလ်များ၏ နာမည်များသုံးကာ အလွဲသုံးစား လုပ်သည့်ကိစ္စရပ်များ အထူးရှောင်ရှားကြရန်လည်း မှာကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောသည်။

"အကြီးအကဲတွေရဲ့ နာမည်သုံးပြီး အလွဲသုံးစားလုပ်ကိုယ်ကျိုးရှာရင် ထိရောက်စွာအရေးယူမယ်လို့ ပြောပါတယ်။" ဟု ၄င်းကဆက်ပြောသည်။

လာဘ်ပေးလာဘ်ယူမှုများ တိုက်ဖျက်ရမည်ဖြစ်သောကြောင့် NLD အမတ်များနှင့် ပါတီဝင်များမှ လာဘ်စားခြင်းကို လုပ်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ထောင်ချသည်အထိ အရေးယူသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်းသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...