ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကချင်ပြည်နယ် ဒီမိုကရေစီ ဥက္ကဌတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကချင်ပြည်နယ် ဒီမိုကရေစီ ဥက္ကဌတောင်းဆို
သုတလင်း — အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာမှ ပါတီဗဟိုဌာနသို့  စာပေးပို့တောင်းဆိုထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ပေးပို့ထားသည့် ၄င်းစာတွင် NLD ပါတီအနိုင်ရရှိမှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကချင်ဒေသနှင့် တိုင်းရင်းသားအရေးများတွေ့ဆုံဆွေးနွေး ညှိနှိုင်းလိုကြောင်း စသည့်ကိစ္စရပ်များပါဝင်သည်ဟုသိရသည်။

သို့သော် လက်ရှိအချိန်အထိ NLD ပါတီဘက်မှ အကြောင်းပြန်စာ မရရှိထားသေးကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက BNI ရွေးကောက်ပွဲသတင်းဌာနသို့ ဖြေကြားသည်။

" သူတို့လည်း အစိုးရသစ်ဖွဲ့နိုင်ဖို့ ကိစ္စတွေအလုပ်များနေကြတာဖြစ်မှာပါ။ ကျွန်တော့်ဘက်ကလည်း တွေ့ဆုံဖို့ကို အလျင်စလို မဟုတ်ပါဘူး" ဟု ဒေါက်တာတူးဂျာက ပြောသည်။

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုအနေနှင့် ယခုကဲ့သို့ အာဏာရပါတီဥက္ကဌနှင့်တွေ့ဆုံရန် တောင်းဆိုရခြင်းမှာ တိုင်းရင်းသားအရေး၊ ဒေသအရေးများကို တွေ့ဆုံဆွေးနွေးလို၍ဖြစ်ပြီး ပြည်နယ်အတွက် လုပ်ငန်းစဉ်များလုပ်ကိုင်ရာတွင် တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များအနေနှင့် ပါဝင်လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ၄င်း၏ ပြောကြားချက်များအရသိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ရာတွင်လည်း ဒေသအတွက် အမှန်တကယ် အကျိုးရှိစေမည့် ပုဂ္ဂိုလ်ကိုသာ ရွေးချယ်စေနိုင်ရန် ၄င်းတို့ဘက်ကကူညီပေးလိုခြင်းကြောင့်တွေ့ဆုံလိုချင်ဖြစ်သည်ဟု သိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...