ကချင်ပြည်နယ်အတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု နည်းပါးနေဆဲ

ကချင်ပြည်နယ်အတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု နည်းပါးနေဆဲ
သုတလင်း — ကချင်ပြည်နယ်တစ်ပြည်နယ်လုံး၌ လွှတ်တော်သုံးရပ်စလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း (၆၇)ဦး ရှိခဲ့သော်လည်းရွေးကောက်ခံ အမတ်လောင်းအဖြစ် (၈)ဦးသာ ပါဝင်လာခဲ့ကြောင်း UEC ၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အမျိုးသမီးကိုယ်စားလှယ်(၈)ဦးတွင် အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ခဲ့သူများဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွင်သာကချင်ပြည်နယ် ဒီမိုကရေစီပါတီနှင့် လီဆူအမျိုးသားဖွ့ံဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တစ်ဦးစီ ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဒေါ်ရှီလာနန်တောင်(NLD)ကမူ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအနေနှင့် အမျိုးသားများတန်းတူ ပြောဆိုလုပ်ကိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ထားကြောင်းဆိုသည်။

အထူးသဖြင့် ကချင်ဒေသနှင့်ပတ်သတ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများတွင် အမျိုးသမီးကိုယ်စားလှယ်များအနေနှင့် ထဲထဲဝင်ဝင်ပါဝင်ခွင့်ရရန်လိုအပ်ကြောင်း၊ အမျိုးသမီးများဖြစ်သည့်အတွက်ညှိနှိုင်းသည့်ကိစ္စများတွင်ပိုမိုထိရောက် မှုရှိနိုင်ကြောင်း ထောက်ပြပြောဆိုသည်။

ကချင်ပြည်နယ်အနေနှင့်အမျိုးသမီးကိုယ်စားလှယ် (၈)ဦးပါဝင်လာနိုင်သည့်အနေအထားမှာ ကောင်းမွန်လာသည်ဟုဆိုနိုင်သော် လည်း ၄င်းအရေအတွက်မှာ နည်းပါးနေဆဲဖြစ်ကြောင်း အမျိုးသမီးအရေးကို ဦးစားပေးဆောင်ရွက်နေသည့် ကချင်ပြည်နယ်အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် "ထွယ်" မှ ညှိနှိုင်းဆောင်ရွက်ရေးမှူးမနန်ပူကဆိုသည်။

"ကချင်ပြည်နယ်ဟာ အမျိုးသမီးကိုယ်စားလှယ်တွေပိုလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာ အမျိုးသမီးတွေဟာ တစ်ခြားဒေသက အမျိုးသမီးတွေထက် ခံစားရတာတွေပိုများပါတယ်။

ကျွန်မတို့ပြည်နယ်မှာ အမျိုးသမီးတွေ အဓမ္မကျင့်ခံရတဲ့အမှုကိစ္စတွေဟာ ကိန်းဂဏန်းတွေနဲ့ကြည့်ရင် အများကြီးရှိနေပါတယ်။ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရတာတောင် သေသေချာချာ ကာကွယ်ပေးနိုင်ဖို့ ခုချိန်ထိ မဖြစ်နိုင်သေးလို့ပါ " ဟု မနန်ပူကပြောသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်သာမက ဒေသခံတိုင်းရင်းသားအမျိုးသမီးများ၏ အခွင့်အရေးကို ကောင်းမွန်စွာပြော ဆိုပေးနိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အများအပြား လိုအပ်နေဆဲဖြစ်သည်ဟုလည်း ထောက်ပြသည်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လည်း လွှတ်တော်တွင်း အမျိုးသမီးအရေးတိုးမြှင့်ပြောဆိုခွင့်ရရှိရန် ပိုမိုကြိုးစားရမည်ဟုလည်း ထင်မြင်ကြောင်းဆက်ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ရွေးကောက်ပွဲရလာဒ်အရ တစ်နိုင်ငံလုံးအတိုင်းအတာတွင် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ်လောင်းပေါင်း ၁၄၀ ကျော်ပါဝင်နိုင်ခဲ့ကြောင်း သုတေသန ပြုလုပ်ချက်များ အရသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...