ရခိုင်ပြည်နယ် လွှတ်တော်အတွင်းအမျိုးသမီးပါဝင်မှု နည်းပါးနေမှုအပေါ် သုုံးသပ်

ရခိုင်ပြည်နယ် လွှတ်တော်အတွင်းအမျိုးသမီးပါဝင်မှု နည်းပါးနေမှုအပေါ် သုုံးသပ်
ဒေါ်ခင်စောဝေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  (ရသေ့တောင် မဲဆန္ဒနယ်) မေး။  ။ ရခိုင်ပြည်နယ်က လွှတ်တော်လှယ်ကိုယ်စားလှယ်များထဲမှာ အမျိုးသမီးဦးရေ နည်းနေမှုဟာ မျှတမှုရှိတယ်လို့ မြင်ပါ သလား။ ဖြေ။  ။ မျှတမှုတော့မရှိဘူး။ မျှတမှုမရှိဘူးဆိုပေမယ့်လည်း ဥပမာ ကျွန်မတို့ ရခိုင် ပြည်နယ်မှာ အမျိုးသမီးထုအားလုံးကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ပါတီတွင်း ရွေးချယ်မှုမှာ ဘယ်သူမဆို ဝင်ရောက် ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ဒါပေမယ့်အမျိုးသမီး ၅ ဦး ၆ ဦးပဲ ရွေးချယ်ခံခဲ့ပါတယ်။ အဲ့ဒီထဲမှာ နှစ်ယောက်ပဲ အရွေးခံခဲ့ရပါတယ်။ အမျိုးသမီးတွေ လည်း နောက်ထပ်နိုင်ငံရေးမှာ အများကြီး စိတ်ဝင်စားမှုရှိပြီးတော့ ဝင်ရောက် ရွေးချယ်ခံဖို့ လိုပါတယ်။

မေး။  ။ လွှတ်တော်ထဲမှာ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီးတော့ဘယ်လိုအဆိုမျိုးကို အဓိက ဦးစားပေးပြီး တင်သွင်းသွားမှာလဲ။

ဖြေ။  ။ ကျွန်မတို့အနေနဲ့ အခုရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့သက်ငယ် အမျိုးသမီးတွေ မတရားပြုကျင့် ခံရမှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ ဖေါ်ပြမှုတွေမှာ အမြဲတမ်း တွေ့နေရပါတယ်။ သက်ငယ်မုဒိမ်းမှုတွေကို ကျူးလွန်တဲ့သူတွေကိုထိထိ ရောက်ရောက်အရေးယူပေးနိုင်ဖို့ အဆိုတွေကို ကျွန်မတို့အမျိုးသမီးအနေနဲ့တင်သွင်း သွားပါမယ်။

 နောက်တစ်ခါ လွှတ်တော်ထဲမှာအမျိုးသမီးပါဝင်မှု ဥပမာ တစ်ခြားပါတီ တွေမှာဆိုရင် အမျိုးသမီးပါဝင်မှု အများကြီးပါပါတယ်။တကယ့်တကယ်တိုင်းရင်းသား ပါတီတွေထဲမှာဆိုရင် အမျိုးသမီးတွေပါဝင်မှု မရှိသလောက်ဖြစ်နေပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသား ပါတီမှာဆိုရင်လည်းအမျိုးသမီးနှစ်ဦးပဲပါပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စ တွေကိုလွှတ်တော်ထဲမှာ ရာခိုင်နှုန်းအလိုက်ပေးနိုင်တာရှိမရှိကျွန်မတို့အဆိုတင်သွင်းဖို့ ရှိပါတယ်။

မေး။  ။ ရခိုင်ပြည်နယ်မှာအမျိုးသမီးတွေ့အတွက် လိုအပ်နေတာတွေ့ကဘာတွေ့လဲ။ လိုအပ်ချက် တွေ့ကိုကော လွှတ်တော်မှာ တင်သွားဖို့ရှိပါသလား။

ဖြေ။  ။ ကျွန်မတို့ ရခိုင်ပြည်နယ်ကို ကွင်းဆင်းတဲ့အခါရခိုင်ပြည်နယ်ကအမျိုးသမီးတွေ ဟာအခုဆိုရင် ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတွေ့ကို အလုပ်သွားလုပ်တာတွေကို စိတ်မကောင်းစွာနဲ့ တွေ့နေရပါတယ်။ အဲဒါကြောင့် ဘာလို့ဒီလိုသွားနေရတယ်ဆိုတာ ကိုလေ့လာကြည့် တဲ့အခါ ကိုယ့်ပြည်နယ်ထဲမှာ လျှပ်စစ်မီးမရှိ တဲ့အတွက်စက်ရုံ၊အလုပ်ရုံ တွေမရှိဘူး။ အမျိုးသမီး၊ အမျိုးသားတွေကို ဘာတစ်ခုမှ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်စွမ်းမရှိပါဘူး။ ဒီတစ်ခေါက်မှာဆိုရင် သူတို့အတွက် ကိုယ်တို့ရဲ့ ရခိုင်ပြည်နယ် ထဲမှာအလုပ်အကိုင် ဖန်တီးနိုင်ဖို့အတွက် စဉ်းစားထားပါတယ်။

မေး။  ။ ယခု နိုင်ငံရေးနဲ့ လူမှုရေးလောကထဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာ ဖို့အတွက် ဘယ်လို အစီအစဉ်တွေနဲ့ လုပ်ဆောင်သင့်ပါလဲ။

ဖြေ။  ။ ကျွန်မတို့လည်း အပြင်ဘက်လူမှုရေးလောကထဲက နေပြီးတော့ လွှတ်တော်ထဲကို ရောက်လာ တာပါ။ ပြင်ပ လူမှုရေးလောက တွေမှာဆိုရင် အမျိုးသမီး တော်တော်များများ လုပ်နေတာကို တွေ့ရပါတယ်။

 ဥပမာ-ရခိုင်အမျိုးသမီးအသင်းဆိုရင်လည်း ရခိုင်အမျိုးသမီး တော်တော်များများနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးအသင်း ဟာလည်း လူမှုရေးတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးကို ကြည့်လိုက်တဲ့အခါ နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှု နည်းနေပါတယ်။ အဲဒါဟာ သူတို့အတွက်လည်း နည်းနည်းအခက်အခဲတွေ့နေလို့လား၊ ဒါမှမဟုတ် စိတ်ဝင်စားမှုမရှိလို့လား။ လူမှုရေးဆိုတာ နိုင်ငံရေးနဲ့ ဒန်တွဲနေပါတယ်။

ကျွန်မတို့လည်းလူမှုရေးအများကြီး လုပ်နေတဲ့ထဲကနိုင်ငံရေးလောကထဲကို ရောက်လာတာပါ။ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အတွက် ကိုယ့်ရခိုင်ပြည်တွက် လုပ်ချင်တဲ့စိတ် ရှိတဲ့အတွက် လွှတ်တော်ထဲကိုဝင်လာပါတယ်။ အဲဒါကြောင့် ကျွန်မတို့လည်း ရခိုင် အမျိုးသမီး တွေကို ရွေးကောက်ပွဲမှာ အများကြီးပါဝင်လာနိုင်ဖို့ အတွက်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကို ကျွန်မတို့ရှင်းပြဖို့လိုပါတယ်။

ဒေါ်ထုမေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ရမ်းဗြဲ+ အမ်း မဲဆန္ဒနယ် ၁၁)

မေး။  ။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ နည်းပါးနေတဲ့ အပေါ်အမျိုးသမီး တွေအတွက် တရားမျှတမှု ရှိတယ်လို့ထင်ပါသလား။

ဖြေ။  ။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ အမျိုးသမီး များတာနည်းတာနဲ့တော့ တရားမျှတမှုနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ နိုင်ငံရေးက အခုမှအပြောင်းအလဲကာလဖြစ်တဲ့အခါမှာ အမျိုးသမီးအများစုဟာ မလုပ်သေးတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ အခြေအနေတွေကို မသိသေး တာလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒါကြောင့် နိုင်ငံပြောင်းလဲလာတဲ့အခါအမျိုးသမီးအများစုက နိုင်ငံရေးကို စိတ်ဝင်စားကြပေမယ့် အခြေအနေအရပ်ရပ်တွေကြောင့်ရှေ့တန်း မရောက်လာနိုင်သေး တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

မေး။  ။ အစိုးရလွဲပြောင်းပြီး လွှတ်တော် ကျင်းပတဲ့အခါ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အဆိုတွေကို တင်သွင်းသွားမှာလဲ။

ဖြေ။  ။ အဓိကတော့ ကျွန်မတို့ရခိုင်အမျိုးသားပါတီမှာလည်းရှိတယ်။ တိုင်းရင်းသား တွေအားလုံး အတွက်လည်း မဖြစ်မနေလိုအပ်တဲ့ဖက်ဒရယ်စနစ်ကိုသွားရမယ်။ ၅နှစ် သက်တမ်းထဲမှာနေပြီးတော့ ဘယ်လောက်ထိ လုပ်နိုင်ဖို့ ဒီနေရာမှာ အသေအချာ မပြောနိုင်ပေမယ့်လည်းကျွန်မတို့ စစချင်းကတော့ ဒီဖက်ဒရယ်စနစ်ပေါ်ပေါက် လာဖို့အတွက်အတားအဆီးတွေကို ကျွန်မတို့အရင်ဆုံးဖယ်ရှားရမယ်။

အဲ့ဒီလို ဖယ်ရှားရမယ့်အထဲမှာ အခရာအကျဆုံးကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေက သိပ်ပြီးတော့အခရာကျပါတယ်။ အဲဒီဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံကို အုပ်ချူပ်ရတဲ့အတွက်ကြောင့် တိုင်းရင်းသားတွေ အများစုအတွက် နေပြီးတော့ အခွင့်အရေးတွေအပါအဝင် တိုင်းရင်းသားရေးရာတွေကို လုပ်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း ဒါမှမဟုတ်ရင် အသစ်ရေးဆွဲခြင်းတွေကို ပဓာနလုပ်ဆောင် ရပါမယ်။

မေး။   ။ အမျိုးသမီးတွေ့နဲ့ပက်သက်ပြီးတော့ လွှတ်တော်မှာ ဘယ်လိုအဆိုမျိုးကိုတင် သွင်းဖို့ရှိပါသလဲ။

ဖြေ။  ။ အမျိုးသမီးအခွင့်အရေးကိုကာကွယ်တာနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာ CEDAW ကို လက်မှတ်ထိုး ထားတာတွေရှိပါတယ်။ ဒါပေမယ့်ကျွန်မထင်တဲ့ယုံကြည် ချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးသီးသန့် ဆိုတာထက်အမျိုးသားတစ်ခု လုံးအနေနဲ့ နိုင်ငံတစ်လုံးရဲ့တည်ဆောက်မှုမှာ အမျိုးသမီးသီးသန့် လုပ်တာထက် ပိုပြီးတော့အရေးကြီးတယ်လို့ထင်ပါတယ်။

အဲဒါကြောင့် တစ်ပြိုင်နက်ထဲမှာပဲ အမျိုးသမီးအခန်းကဏ္ဍကို မြှင့်တင်သွားသလိုပဲ အဓိကကျတဲ့ တစ်နိုင်ငံလုံး ရဲ့အရေး၊ ဒီတိုင်းရင်းသားရေးရာတွေကိုတော့အဓိကလုပ်ဆောင်သွားရမယ်။ ပြီးတော့ အမျိုးသမီး ကိစ္စကို ပြောရမယ် ဆိုလို့ရှိရင် လွှတ်တော်တွင်းထဲမှာ အမျိုးသမီး ခေါင်ဆောင်မှု တွေပိုပြီးတော့  ရရှိလာအောင်၊ နောက်ပြီးတော့ အမျိုးသမီးစွမ်းရည်မြှင့် အစီအစဉ်တွေနောက်တစ်ခုက ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်လာအောင်၊ ပြီးတော့လွှတ်တော်တွင်းထဲကို ရောက်လာကြတဲ့ အမျိုးသမီးတွေနဲ့အမျိုးသမီးရေးရာအကြောင်းတွေထဲမှာဘယ်ဟာကအရေးကြီး ဆုံးလည်း ဆိုတာကို စီစဉ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

မေး။  ။ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်မှုရှိလာအောင် ဘယ်လို အစီအစဉ်တွေနဲ့ လုပ်သွားရင် သင့်တော်မှာလဲ၊ ဘယ်လိုအစီအစဉ်တွေရှိပါလဲ။

ဖြေ။  ။ အမျိုးသမီးတွေ ပိုမိုပါဝင်မှုရှိလာအောင် နံပါတ် ၁ အနေနဲ့ကိုယ်ကိုယ် တိုင်းလည်းကြိုးစားရပါမယ်။ နံပါတ် ၂ အနေနဲ့ အခုဏကပြောခဲ့သလိုပဲ လွှတ်တော်တွင်း အမျိုးသမီးအခန်းကဏ္ဍကို မြှင့်တင်မယ်၊ လွှတ်တော်တွင်းမှာ အမျိုးသမီးအင်အားကောင်းလာအောင်သိတဲ့အမျိုးသမီးတွေကနောင်လာမယ့် မျိုးဆက်သစ်တွေကို ပိုမိုဆောင်ရွက်ချင်စိတ်ရှိလာအောင်ကြိုးစားရမယ်။

အမျိုးသမီးခေါင်းဆောင်မှု သင်တန်းတွေကို သီးသန့်လုပ်နိုင်မယ်ဆိုလိုရှိရင် နိုင်ငံအနှံ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီး ခေါင်းဆောင်မှုတွေကိုတကယ့် နည်းစနစ်ကျကျ တစ်လကို ဘယ်နှစ်ကြိမ်၊ တစ်နှစ်ကို ဘယ်နှစ်ကြိမ်နဲ့ ပေးပြီးတော့ ဒီထဲက ထွက်ပေါ်လာတဲ့ ခေါင်းဆောင်နိုင်တဲ့ အမျိုးသမီးတွေကို နိုင်ငံရေးထဲမှာ ပါဝင်လာနိုင်ဖို့ တိုက်တွန်းပေးတာမျိုး၊ နောက်ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သူတို့ အမြဲတမ်းထိတွေ့နေတဲ့ အရာမျိုး ပေ့ါ။ အဲဒါတွေကို လုပ်ဆောင် လာနိုင်ရင်တော့ ခေါင်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာနိုင်မယ် လို့ထင်ပါတယ်။

မေး။  ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ အများအပြားပါဝင်လာဖို့အတွက်ရခို်င်အမျိုး သမီးတွေကိုဘယ်လို တိုက်တွန်း ချင်ပါသလဲ။

ဖြေ။  ။ ကျွန်မလည်း ကိုယ့်အခွင့်အရေး ဆုံးရှုံးခဲ့တဲ့အတွက် နိုင်ငံရေးမှာပါဝင်လာတာပါ။ ဒါကြောင့် ရခိုင်အမျိုးသမီးတွေ အပါအဝင် မြန်မာအမျိုးသမီး အားလုံးက ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေ၊ လုပ်နိုင်စွမ်းတွေကို ကိုယ်ကိုယ် တိုင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံတွက် ကိုယ့်ရဲ့ တိုင်းရင်းသား အတွင်းမှာ ဒီရေးရာတွေကို စိတ်ဝင်စားရပါမယ်။

အခြေခံအကျဆုံးကတော့ ကိုယ့်မှာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပထမဆုံးသိဖို့ လိုအပ်ပါတယ်။ သိလာတဲ့အခါမှာ ကိုယ့်လိုပဲ ဆုံးရှုံးနေတဲ့ အမျိုးသမီးတွေက ဒီအခွင့်အရေးတွေအတွက် လုပ်မယ်ဆိုရင် ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ နေရာတွေမှာ ပါဝင်လာနိုင်အောင် ကြိုးစားရပါမယ်။

လက်ရှိ မြန်မာနိုင်ငံမှာရော၊ ကမ္ဘာပေါ်မှာရော ဖြစ်နေတဲ့အရေးတွေဟာ ကိုယ့်ရဲ့အကြောင်းအရာ၊ ကိုယ့်နဲ့ တိုက်ရိုက် ဆက်ဆပ်နေတယ်လို့သိတဲ့ တစ်နေ့မှာတော့ နိုင်ငံရေးထဲမှာတက်တက်ကြွကြွ နိုးနိုးကြားကြား ပါဝင်လာနိုင်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇောဦး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (စစ်တွေ၊ မဲဆန္ဒနယ်အမှတ်-၂)

မေး။  ။ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေပါဝင်မှုနည်းနေတဲ့အပေါ်မှာဘယ်လို အမြင်မျိုးရှိပါလဲ။

ဖြေ။  ။ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် ချက်ချင်းလက်ငင်းပြောင်းလဲပစ်လို့ ရလာနိုင်မယ် လို့တော့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့အမျိုးသမီးတစ်ယောက် ကို တင်ပါ တင်ပါ ဆိုပြီးတော့ တင်ပေး လိုက်မယ် ဆိုရင်လည်း တက်လာချင်မှ တက်လာနိုင်ပါမယ်။

၁ အချက် အဲ့ဒီအမျိုးသမီးတွေကိုကန့်သတ်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီအမျိုးသမီး တစ်ယောက်ချင်း ဦးဆောင်တဲ့အနေ အထားနည်းပါတယ်။ ၂ အချက်အနေနဲ့တော့ အမျိုးသမီးတေ ွခေါင်းဆောင် မှုအပိုင်းကို အဓိကဦးစားပေးတဲ့နေရာတွေမှာ လူ့အဖွဲ့အစည်းက အားနည်း နေပါသေးတယ်။ ပါတီတစ်ခုတည်းနဲ့ မဆိုင်ဘဲနဲ့ လူ့အဖွဲ့အစည်းတစ်လုံးရဲ့ ယေဘုယျ အလုပ်လုပ်တဲ့ ပုံစံနဲ့ဆိုင်ပြီးတော့ အဲ့ဒါကို အရင်ပြောင်းလဲရမယ်။ အဲဒီတော့မှ အမျိုးသမီးဦးရေများများ ပါဝင်လာနိုင်မယ်လို့ ထင်မိပါတယ်။

မေး။  ။ အမျိုးသမီးတွေအနေနဲ့ ပါတီထဲမှာ ပိုပြီးတော့ ပါဝင်လာနိုင်အောင်၊ အမတ်ဦးရေ ပိုတိုးလာအောင် ဘယ်လိုမျိုး လုပ်သွားရင် ကောင်းမယ်လို့ ထင်ပါလဲ။

ဖြေ။  ။ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ သီးခြားတစ်ခုလုပ်ကြမယ်ဆိုတာကိုလည်း ပြောကြတာတေ ွရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့အပြည့်အဝထောက်ခံမှုမပေး နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပေးလိုက်တာတော့ ဟုတ်ပြီ၊ ဒါပေမယ့် တစ်ခါတစ်ခါ Gender ကိုကြည့်တာထက် အရည်အချင်းကို ကြည့်ရပါမယ်။

Gender အားဖြင့် အမျိုးသမီးတွေကိုနေရာပေးလိုက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်လို ဝင်လာတာတော့ အကြောင်းမဟုတ်ပါဘူး။ ဝမ်းသာစရာ ကြိုဆိုစရာပါ။ ဒီလိုမျိုး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုပေါ့။

တစ်ဘက်ပိုင်းမှာ Gender ပါဝင်ရေး၊ မျှတစွာပါဝင်ရေးကို ဦးစားပေးတယ်။ နောက်တစ်ဘက်ပိုင်းမှာ
အရည်အချင်းရှိတဲ့သူတွေရဲ့ ပါဝင်မှုကိုလည်း ကြည့်ရမယ်ဆိုတော့ ကိုတာစနစ်ကိုလည်း လောလောဆယ် ကျွန်တော် အားမပေးချင်ပါဘူး။

ဒါပေမယ့် တစ်ခြားခေါင်းဆောင်မှုဆိုတာထက်၊ တစ်ခါတည်းခေါင်းဆောင်မှုကို ကိုတာနဲ့ ရွေးမယ် ဆိုတာထက် အမျိုးသမီးတွေကို အရင်ကထက် ပိုပြီးတော့ ကဏ္ဍပေါင်းစုံမှာ ပါဝင်ဆောင်ရွက် လာနိုင်အောင် နိုင်ငံရေးတစ်ခုတည်းသာမကဘဲ တစ်ခြားကဏ္ဍပေါင်းစုံကိုလည်း အားပေးသင့်ပါတယ်။ အဲဒီလိုမျိုး အားပေးတဲ့ အစီအစဉ်တွေကို လူ့ဖွဲ့အစည်းစင်တာပေါင်းစုံမှာ အားပေးပြီးလုပ်သင့်ပါတယ်။

မေး။  ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာအောင်၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်လာဖို့အတွက် အမျိုးသမီးတွေကို ကိုကျော်ဇောဦးအနေနဲ့ဘာစကား လက်ဆောင်လေးပါးချင်ပါသလဲ။

ဖြေ။  ။ ကိုယ့်လူမျိုးကို ကိုယ်ချစ်တဲ့နေရာမှာ အမျိုးသမီးရော၊ အမျိုးသားရော အတူတူပါပဲ။ ဆိုတော့ တစ်ချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ လူဦးရေထက်ဝက် ကျော်ဟာအမျိုးသမီးတွေပါ။ အဲဒီလူဦးရေ ထက်ဝက်ကျော်ဟာမိမိလုပ်နိုင်စွမ်းရှိတဲ့ အရည်အချင်းပမာဏရဲ့ အပြည့်အဝ ထုတ်သုံး ခွင့်မရပါ။ အဲဒါကလည်း အချိန်ကာလ နဲ့အခြေအနေခွင့်ပြုချက်အရပေါ့။ စည်းကမ်းအနေနဲ့ သတ်မှတ်ထားတာ ဟုတ်ချင် မှလည်း ဟုတ်ပါမယ်။

အဲ့ဒီလိုထုတ်သုံးခွင့်မရတဲ့အခြေအနေမှာ အဲ့ဒီအစွမ်းအစတွေ ဆုံးရှုံးသွားတယ်။ ကိုယ့်လူမျိုးအတွက် ကိုယ့်တိုင်းပြည်အတွက် နစ်နာပါတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ချစ်တယ်ဆိုရင် တတ်နိုင် သမျှလေ အမျိုးသမီး အခန်းကဏ္ဍတွေကို တိုးမြှင့်နိုင်အောင် ကြိုးစားပြီးတော့ သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့စွမ်းပကား အပြည့်ထုတ်သုံးနိုင်တဲ့ အနေအထားမျိုးတွေဖြစ်အောင် ရှေ့ကိုဒီ ထက်မက တက်ပြီးတော့ လုပ်ကြပါဆိုတာကို နှိုးဆော် တိုက်တွန်းချင်ပါတယ်။

ခိုင်ကောင်းစံ (၀ံလက်ဖေါင်ဒေးရှင်း ဒါရိုက်တာ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင်)

မေး။  ။ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေပါဝင်မှုနည်းနေတာဟာ မျှတမှုရှိတယ်လို့ မြင်ပါသလား။
ဖြေ။  ။ မျှတမှုရှိလားဆိုတော့ သူတို့တွေကို ပါဝင်မှု မပေးတာတော့မဟုတ်ပါဘူး။ မျှတမှုရှိတယ် မရှိဘူး ဆိုတာထက် ပါတီတွေမှာမူရှိဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံထဲမှာလည်းပဲ အကြီးဆုံးပါတီဖြစ်တဲ့ NLD ထဲမှာတောင် ၁၄ ရာခိုင်နှုန်းပဲရှိပါတယ်။ လွှတ်တော်ထဲမှာတော့ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ဆိုတာကိုတော့ ပြဌာန်းထားလို့ရှိပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲက ပါတီတွေ ထဲမှာတော့ တရားဝင် ရာခိုင်နှုန်း ဘယ်လောက် ပါဝင်ရမယ် ဆိုတာတော့ မရှိသေးဘူး။ အမျိုးသမီးတွေ နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုမိုပြီး ပါဝင်လာနိုင် အောင် ပါတီတွေထဲမှာ နည်းဗျူဟာ ကျကျ ပါတီရဲ့မူဝါဒတွေထဲမှာ အမျိုးသမီးတွေကို ဘယ်လို စွမ်းရည် မြှင့်တင်မယ်၊ လူငယ်တွေကို ဘယ်လိုစွမ်းရည်မြှင့်တင်မယ် ဆိုတဲ့မူတွေက အရေးကြီးပါတယ်။ အမျိုးသမီးအခွင့်အရေးဆိုင်ရာတွေကို ကျွန်တော်တို့ ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ အဲ့ဒီလို လုပ်ဆောင် လာတဲ့အခါမှာ အမျိုးသမီးပါဝင်မှုဟာ မြင့်မားလာမှာ ဖြစ်ပါတယ်။

မေး။  ။ အဲဒီလိုမျိုးပါဝင်လာနိုင်အောင် အမျိုးသမီးတွေကို ဘယ်လိုမျိုးတိုက်တွန်းနှိုး ဆော်ချင်ပါသလဲ။

ဖြေ။  ။ အမျိုးသမီးတွေပါဝင်လာအောင်ကတော့အဓိကအမျိုးသမီးတွေကို စည်းရုံးရေး ဆင်းရမယ်။ နိုင်ငံတကာနဲ့ ပြည်ပတွေမှာ အမျိုးသမီးအခွင့်အရေး အတွက်တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းတွေ၊ နောက်ပြီးတော့ အမျိုးသမီးဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ CEDAW ပါ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဲဒီလို ဘာသာရပ်တွေကိုအလုပ်ရုံဆွေးနွေးပွဲ၊ ရက်တိုသင်တန်း၊ ရက်ရှည်သင်တန်း၊ သင့်တော်တဲ့ သင်တန်းတွေပေးပြီးတော့စည်းရုံးရပါမယ်။

အမျိုးသမီးတွေအနေနဲ့ လည်းနိုင်ငံရေးဟာ ယောကျ်ားတွေရဲ့အရေးသက်သက်မဟုတ်ပါဘူး၊ အမျိုးသား အမျိုးသမီးတွေ တန်းတူရင်ဘောင်တန်းပြီးတော့ ပါဝင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

အဲ့ဒါကြောင့် အမျိုးသမီးတွေကလည်း မိရိုးဖလာထုံးတမ်းစဉ်လာ အရအိမ်တွင်းမှာပဲ မနေဘဲကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံ၊ကိုယ့်အရေး၊ ပါတီအရေးတွေမှာ ပါဝင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...