မုုိးညှင်းဒေသတုုိက်ပွဲများကြောင့် အစုုိးရ အကူးအပြောင်း အခက်အခဲရှိမည်ကုုိ စုုိးရိမ်

မုုိးညှင်းဒေသတုုိက်ပွဲများကြောင့် အစုုိးရ အကူးအပြောင်း အခက်အခဲရှိမည်ကုုိ စုုိးရိမ်
သုုတလင်း — ရွေးကောက်ပွဲအပြီးရက်ပိုင်းအတွင်း မိုးညှင်းဒေသတွင် တပ်မတော်နှင့် KIA အကြားတိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခြင်းက အာဏာလွှဲပြောင်းရေးနှင့်အစိုးရယန္တရား အကူးအပြောင်းအပေါ် အခက်အခဲဖြစ်မည်ကို စိုးရိမ်ကြောင်း ယင်းဒေသအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် ကိုယ်စားပြုပါတီများ ထံမှသတင်းရရှိသည်။

မိုးညှင်းဒေသမှာ တိုက်ပွဲဖြစ်ပွားရန် ခဲယဉ်းပြီး တည်ငြိမ်သည့် ဒေသတစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေခြင်းမှာ မည်သို့သော ကိစ္စကြောင့် ဖြစ်သည်ကိုမူ စဉ်းစား၍ မရနိုင်သေး ကြောင်း လည်း ၄င်းတို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာမနာမ်တူးဂျာ ကမူ လက်ရှိအချိန်ကာလတွင် အစိုးရအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစိုက်မတ်မတ် လုပ်ဆောင်နေသည့် ကာလဖြစ်သည့်အပြင် အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးရေး လုပ်ငန်းစဉ်လည်းရှိရာ အဆိုပါတိုက်ပွဲကြောင့် ယင်းအခြေအနေများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း BNI သတင်းဌာနသို့ ဖြေကြားသည်။

" တိုက်ပွဲတွေက ဆိုးကျိုးကလွဲလို့ ဘာမှမပေးနိုင်ဘူး။ ဒီလိုတိုက်ပွဲတွေကြောင့် တက်လာမယ့် အစိုးရနဲ့ တိုင်းရင်းသားအုပ် စု တွေကြားမှာ ယုံကြည်မှုပျက်ပြားပြီး မတည်ဆောက်နိုင်တဲ့ အခြေအနေတွေလည်း ရှိလာနိုင်တယ်" ဟု ဒေါက်တာမနာမ်တူးဂျာက ဆိုသည်။

ယင်းတိုက်ပွဲများကို ရပ်တန့်ပေးနိုင်ရန် ကချင်ပြည်နယ်ဒီမိုကရေစီပါတီအနေနှင့် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို လည်း နိုဝင်ဘာ ၁၉ ရက်နေ့ရက်စွဲဖြင့် တရားဝင်ထုတ်ပြန် ကြေညာသွားမည် ဟုလည်းသိရသည်။

လက်ရှိမိုးညှင်းနယ်စပ်တစ်လျှောက်တွင် တပ်မတော်နှင့် KIA ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး မြို့တွင်းအစပ်သို့ပါ တိုက်ပွဲများ ကူးစက်လာနိုင်ဖွယ်ရှိကြောင်း၊မြို့တွင်း၌ စစ်ဘေးရှောင်စခန်း တစ်ခုဖွင့်လှစ်ထားပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွား ရာဒေသမှာ မြို့နှင့်လှမ်းသည့်အတွက် ထိခိုက်ပျက်ဆီးမှု များပြားခြင်း မရှိသေးကြောင်း မိုးညှင်းဒေသ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်စန်းစန်းအိက ပြောသည်။

၄င်းတို့အနိုင်ရကိုယ်စားလှယ်များအနေနှင့် လက်ရှိတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်မရရှိသေးသည့်အတွက် စစ်ပွဲကိစ္စများတွင် တရားဝင်ပြောကြားလုပ်ကိုင်နိုင်ခြင်းမရှိသေးသော်လည်း စစ်ပွဲဖြစ်ပွားရခြင်း အခြေအနေနှင့် ဒေသခံများ ထိခိုက်နစ်နာ ဆုံးရှံုးရမှုများကို သေချာစွာလေ့လာ စောင့်ကြည့်နေပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်စန်းစန်းအိက " ဒီကိစ္စဟာ တပ်နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ပဲ ထင်ပါတယ်။ ရိုးရိုးမြေပြင် စစ်တိုက်တာတင်မဟုတ်ဘဲ လေကြောင်းပစ်ကူတွေပါ ပါလာတော့ ဒီကိစ္စဟာ နိုင်ငံရေးအတွက်ရော စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်လို့ အန်တီတို့ဘက်က တော်တော်လေး နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်ဖို့ လိုနေပါပြီ" ဟု ပြောကြားသည်။

ဒေသခံများအနေနှင့် စစ်ရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခြင်း မများကြ သေးသော်လည်း ဘုရားကျောင်း များတွင် သွားရောက် ပုန်းအောင်း နေကြရသည့် အခြေအနေများ ရှိနေပြီး အချို့သော နေရာများတွင် မိသားစု အတွင်းမှ ယောကျ်ားသားများအား စစ်ပွဲတွင်လိုက်ပါတိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ခေါ်ဆောင်ခြင်းများရှိကြောင်း၊ ယင်းအတွက် အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားများ တိုက်ပွဲအတွင်း သေဆုံးရသည့်  အနေအထားများ ရှိလာသည်ဟုလည်း မိုးညှင်းမဲဆန္ဒ နယ် ပြည်နယ်လွှတ်တော် ကုုိယ်စားလှယ်အဖြစ်  ရွေးကောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်အေးက ပြောကြားသည်။

ကချင်ပြည်နယ်မိုးညှင်းတွင် KIA နှင့် တပ်မတော်ကြား တိုက်ပွဲများမှာ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ လေကြောင်းတိုက်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများပါ ပါဝင်နေဆဲ ဖြစ်သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...