ရွေးကောက်ပွဲမှာ မဲရတာမရတာ အမတ်ဖြစ်တာ မဖြစ်တာ ပါတီရဲ့ ဦးစားပေးကဏ္ဍမှာ မပါ။

ရွေးကောက်ပွဲမှာ မဲရတာမရတာ အမတ်ဖြစ်တာ မဖြစ်တာ ပါတီရဲ့ ဦးစားပေးကဏ္ဍမှာ မပါ။
ရခုုိင်မျိူးချစ်ပါတီမှ ခေါင်းဆောင် ဦးမောင်မောင်စော ဟောပြောနေပုုံ
ရခုုိင်မျိူးချစ်ပါတီမှ ခေါင်းဆောင် ဦးမောင်မောင်စော ဟောပြောနေပုုံ
စံမောင်သန်း — “ နုုိင်ငံရေးအခင်းအကျင်းအရ နုုိင်ငံရေးဖြစ်စဉ်တစ်ခုုအရ နေပြီးတော့ ရွေးကောက်ပွဲကာလအတွင်း မှာ ပြည်သူတွေကုုိ အကောင်းဆုုံးဖြစ်အောင် ဟောပြောပေးခဲ့တယ် ” လုုိ့ဆုုိတဲ့ ရခုုိင်မျိူးချစ်ပါတီက ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမောင်မောင်စောကုုိ ရခုုိင်ပြည်ရဲ့ နောက်လာမဲ့ အနာဂတ်နဲ့ ပတ်သတ်လုုိ့ ရခုုိင်ပြည်နယ် ရွေးကောက်ပွဲ သတင်းထောက် ကုုိစံမောင်သန်းက တွေ့ဆုုံ မေးမြန်းထားပါတယ်။

မေး - ၂၀၁၅ ခု နိုဝင်လာ ၈ ရက်နေ့က ကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ ရခိုင်မျိုးချစ်ပါတီရဲ့ မဲရလဒ်က ဘယ်လို အနေအထား ရှိပါလဲ။

ဖြေ - မဲရလဒ်အခြေအနေကတော့ မဆိုးဘူးလို့ပြောရမှာပါ။
 
မေး - ၂၀၂၀ မှာကျင်းမယ့် ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားကြားထဲမှာ ထိုးဖေါက်နိုင်ဖို့၊ အမတ် နေရာတွေ ရရှိနိုင်ဖို့အတွက် ဘယ်လိုအစီအစဉ်တွေ လုပ်ဖို့ စီစဉ်ထားပါလဲ။

ဖြေ - ဒီဟာကတော့ ပါတီစတည်ထောင်ကတည်းက ပြောထားသလိုမျိုးပဲ ရွေးကောက်ပွဲ အတွက် ရည်စူးပြီးတော့ ထူထောင်တဲ့ပါတီမဟုတ်ပါဘူး။ ရွေးကောက်ပွဲထဲမှာ မဲရတာမရတာ အမတ်ဖြစ်တာ မဖြစ်တာ ရခိုင်မျိုးချစ်ပါတီရဲ့ အဓိကဦးစားပေး အခန်းကဏ္ဍက မပါပါဘူး။

ဒါပေမယ့်လည်း နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးဖြစ်စဉ်တစ်ခုအရ နေပြီးတော့ ရွေးကောက်ပွဲကာလ အတွင်းမှာ ပြည်သူတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ပြပေးခဲ့တယ်၊ ဟောပြောပေးခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ဆုံးဖြတ် ရွေးချယ်မှုတွေက အဓိကအဖြေပါပဲ။
 
မေး - အဲဒီလိုဆိုရင် ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လူမျိုးထဲ နောက်ထပ် နိုင်ငံရေးအသံတစ်သံ ထွက်ပေါ်ဖို့ အတွက် ပုံစံမျိုးပေါ့။
 
ဖြေ -  နောက်ထပ် အသံတစ်သံ ထွက်မယ်ဆိုတဲ့အထဲမှာ ရခိုင်မျိုးချစ်ပါတီရဲ့ ရပ်တည်မှုဟာ ဦးစံမောင်သန်းရဲ့ သိသလိုပဲ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ရပ်တည်မှု၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသံနဲ့ ထပ်တူပါပဲ။ အဲ့ဒါကြောင့် ရခိုင်မျိုးချစ်ပါတီဟာ ဆိုလို့ရှိရင် ၂၀၂၀ မှာပဲဖြစ်ဖြစ်၊ ၂၀၂၅-၂၀၃၀ မှာပဲဖြစ်ဖြစ် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး တို့ရဲ့ အဘက်ဘက်က ချွတ်ခြံုကျနေတဲ့ အခြေအနေတွေကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အကောင် အထည်ဖေါ် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို၊ ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည် တည်ဆောက်နိုင်မလဲ ဆိုတာတွေကို အဓိက ဦးစားပေးပြီးတော့ ဆောင်ရွက်သွားပါ့မယ်။
 
မေး -  ပြည်သူကိုစည်းရုံးမှု ပြည်သူကို ထိုးဖေါက်မှုနေရာမှာ ရခိုင်မျိုးချစ်ပါတီအနေနဲ့ ပြည်သူကို စည်းရုံးတဲ့ မူဝါဒတွေကို ပြုပြင်ပြောင်းလဲပြီးတော့ တည်ဆောက်သွားမယ့် အနေအထား ရှိပါသလား။

ဖြေ -  ပြောင်းလဲချမှတ်မယ် ဆိုတဲ့နေရာမှာ အဲ့ဒါကတော့ ပါတီတစ်ခုရဲ့ ဖွဲ့စည်းတယ်ဆိုကတည်းက အဲ့ဒါတွေက ပါပြီးသားတွေပါ။ ရခိုင်မျိုးချစ်ပါတီအနေနဲ့ နေပြီးတော့ စည်းရုံးရေး လှုပ်ရှားတဲ့နေရာမှာ မလုပ်လိုက်ရသေးဘူး ဆိုတဲ့ အနေအထားလို့ ပြောရပါမယ်။
ဘာကြောင့်လဲဆိုတော့ ပါတီမှတ်ပုံတင်ကျလာတာနဲ့ ရွေးကောက်ပွဲနဲ့ တစ်ထပ်တည်းဆိုသလို ဖြစ်သွားပါတယ်။ အဲ့ဒီတော့ ပါတီဟာ ပြည်သူ့စည်းရုံးရေးအလုပ်တွေကို တစ်ပြိုင်နက်တည်း လုပ်ရင်းနဲ့ ပါတီတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရင်းနဲ့ ရွေးကောက်ပွဲ အတွက်လည်းပဲ အလုပ်လုပ်ခဲ့ရတယ်။ တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ အလုပ်သုံးခုကို လုပ်လိုက်ရတဲ့ အနေအထားဖြစ်ပါတယ်။
 
 ပြီးသွားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ပတ်သက်ပြီးတော့ ရခိုင်မျိုးချစ်ပါတီဟာ ပြည်သူကြားထဲမှာ ပြည်သူရဲ့ထောက်ခံမှု ကို တော်တော်လေးရရှိခဲ့ပါတယ်။
 
အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ဟောပြောပွဲသွားပြီးတဲ့ နောက်မှာ ကျွန်တော်တို့ကို နောက်ကနေပြီးတော့ ပြိုင်ဘက်ပါတီတစ်ခုက တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။ တိုက်ခိုက်တဲ့ပုံစံမှာ ပုံစံနှစ်မျိုးရှိပါတယ်။

ပထမတစ်မျိုးကတော့ ရခိုင်မျိုးချစ်ပါတီကို ကြံ့ခိုင်ရေးပါတီက ပိုက်ဆံပေးပြီးတော့ ထူထောင်ခိုင်းထားတဲ့ပါတီ ဆိုပြီးတော့ အဲ့ဒီလိုပုံစံမျိုးနဲ့ ပြည်သူတွေကြားထဲမှာ ရခိုင်မျိုးချစ်ပါတီကို ထောက်ခံတဲ့ ပြည်သူတွေကို ပြန်ပြီးတော့ ဖျက်ကြတယ်။ တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။

့ ရွေးကောက်ပွဲနီးလာတဲ့အခါမှာ နိုဝင်ဘာလ ၅ ရက်နေ့လောက်ကစပြီးတော့ နောက်ထပ် တိုက်ခိုက်မှု တစ်မျိုးကို ခံခဲ့ရပါတယ်။ ရခိုင်မျိုးချစ်ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့ဘူး၊ နောက်ဆုတ်သွားပြီဆိုပြီး လှုံ့ဆော်သံတွေဟာ ရပ်ရွာတွေကို ပြန့်နှံ့သွားပါတယ်။ စစ်တွေမြို့ပေါ်မှာလည်း အဲ့ဒီအသံတွေ ထွက်ခဲ့ပါတယ်။ ဘူးသီးတောင်မှာလည်း ထွက်ခဲ့တယ်၊ ပေါက်တောမှာလည်း ထွက်ခဲ့တယ်။ မြောက်ဦးမှာလည်း အဲ့ဒီလိုပဲထွက်ခဲ့ပါတယ်။
 
အဲ့ဒါတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်မျိုးချစ်ပါတီအပေါ် ပြည်သူတွေက အတိုင်းအတာတစ်ခုထိ ထောက်ခံနေတယ် ဆိုတာကိုသိလို့ တစ်ဘက်ပါတီကနေပြီးတော့ တိုက်ခိုက်တယ်လို့ ကျွန်တော်တို့က ထင်ပါတယ်၊ မြင်ပါတယ်၊ သုံးသပ်မိပါတယ်။  

ကျွန်တော်တို့ ရခိုင်မျိုးချစ်ပါတီနဲ့ ပတ်သက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်တမ်း ကောက်ယူ နေတဲ့ အဖွဲ့တစ်ဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက် ပြောတာကတော့ ရခိုင်မျိုးချစ်ပါတီအနေနဲ့ နေပြီးတော့ အလားအလာ ကောင်းတယ်လို့ပြောပါတယ်။ သူတို့ဆီက ထွက်လာတဲ့အသံပါ။ ကျွန်တော်တို့ ပြောတာ မဟုတ်ပါဘူး။
 
မေး  -  နောက်တစ်ခုက ရခိုင်မျိုးချစ်ပါတီအနေနဲ့ နိုင်နိုင်ခြေရှိတဲ့ နေရာတွေ ရှိခဲ့ပါသလား။ ဘယ်နေရာ တွေမှာ နိုင်နိုင်ခြေ ရှိခဲ့ပါလဲ။
 
ဖြေ -  နိုင်နိုင်ခြေရှိတဲ့နေရာတွေထဲမှာ ပေါက်တောမှာဆိုရင် အမတ်နေရာ ၄ ခုလုံး မှာ နိုင်နိုင်ခြေ ရှိခဲ့ပါတယ်။ ပြီးတော့ စစ်တွေမှာဆိ်ုရင်လည်း အားအကောင်းဆုံးကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ပါ။ ပြီးတော့ ကျောက်တော်မှာ ဆိုရင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ၂ က အားကောင်း ခဲ့ပါတယ်။ မြောက်ဦးမှာကတော့ တစ်ဦးတည်းသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါ။ မြေပုံမှာဆိုရင် ပြည်နယ်လွှတ်တော် တစ်ယောက်နဲ့ ပြည်သူ့လွှတ်တော်တစ်ယောက် သူတို့နှစ်ယောက်လုံး နိုင်နိုင်ခြေရှိခဲ့ပါတယ်။
 
မေး - ရခိုင်မျိုးချစ်ပါတီအပေါ်မှာ လိုအပ်တာထက် ဝေဖန်နေကြတဲ့သူတွေအပေါ်မှာ ဘယ်လိုမျိုး ချပြချင် ပါလဲ၊ ဒီမိုကရေစီဖြစ်တည်မှု၊ ရခိုင့်နိုင်ငံရေးဖြစ်တည်နေမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံမျိုး ချပြချင် ပါသလဲ။
 
ဖြေ - ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော်တို့ ရခိုင်လူ့အဖွဲ့အစည်းတွေကလည်း အမျိုးသား နိုင်ငံရေးက နေပြီးတော့ ပါတီနိုင်ငံရေး အဆင့်တစ်ခုကို မရောက်ကြသေးဘူး။ ကိုယ်တို့ရဲ့ အမျိုးသား ခံစားချက်တွေကို ဦးစားပေးကြတယ်။ အမျိုးသားရေးကို အခြေခံတဲ့ စိတ်နဲ့သွားနေကြတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ နိုင်ငံရေးအတိုင်းအတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေမှာ နိုင်ငံရေးအရ ဆင်ခြင်တုံတရား၊ ဝေဖန်သုံးသပ်မှုတွေမှာ ပြည်သူတွေမှာ အမျိုးသားရေးစိတ်ဓါတ်နဲ့ နိုင်ငံရေးအခြေအနေတွေကို လွှမ်းမိုးထားပါတယ်။

အဲ့ဒါကလည်း ကျွန်တော်တို့ ရခိုင်ပြည်သူတွေအတွက် အချိန်အခါနဲ့လိုက်ပြီးတော့ လိုအပ်လို့ဖြစ်ပေါ်နေတဲ့ လိုအပ်ချက်တစ်ခုလို့ပဲ ထင်ပါတယ်။ လိုအပ်တာထက်ပိုပြီး ဝေဖန်ချက်တွေအပေါ်မှာ ဘာတွေပြောချင်လဲဆိုတော့ သူတို့တွေ ရခိုင်မျိုးချစ်ပါတီရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်တွေကို လေ့လာ သုံးသပ် စိစစ်ပြီးခါမှ သူတို့ဝေဖန်နေတဲ့ စကားလုံးတွေကို ဆင်ခြင်သင့်တယ်လို့ ပြော ချင်ပါတယ်။
 
မေး - နောက်ဆုံးအနေနဲ့ ရခိုင်မျိုးချစ်ပါတီကို ထောက်ခံ မဲပေးလိုက်တဲ့ ပြည်သူတွေအပေါ် ဘာများ ပြောချင်ပါလဲ။

ဖြေ - ရခိုင်မျိုးချစ်ပါတီကို မဲပေးခဲ့ကြတဲ့ အားပေးခဲ့ကြတဲ့ပြည်သူတွေကို အမှန်တကယ် လူမှန်နေရာမှန် ပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးအဆင့် အတိုင်းအတာတစ်ခုထိ အဆင့်မြင့်တဲ့ပြည်သူ၊ အမျိုးသား နိုင်ငံရေးအသိရှိတဲ့ပြည်သူတွေလို့ ရခိုင်မျိုးချစ်ပါတီအနေနဲ့ ကျေးဇူးအများကြီး တင်ပါတယ်၊ ဂုဏ်ပြုပါတယ်၊ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...