ချင်းပါတီက ချင်းအတွက် အရေးကြီးတယ်ဆိုတာ ရှင်းပြဖို့အချိန်မလောက်ခဲ့

ချင်းပါတီက ချင်းအတွက် အရေးကြီးတယ်ဆိုတာ ရှင်းပြဖို့အချိန်မလောက်ခဲ့
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း — “စည်းရုံးခွင့်ရတဲ့အချိန်အတွင်းမှာ ချင်းပါတီဟာချင်းတွေအတွက်ဘယ်လောက်အရေးကြီးတယ် ဆိုတာ ပြောပြဖို့၊ သဘောပေါက်အောင်ရှင်းပြဖို့အချိန်မလောက်ခဲ့ဘူး လို့ယူဆတယ်။ မြန်မာပြည်ဟာ စစ်တပ် နိုင်ငံရေးမှာ လွှမ်းမိုးမူကနေ လွှတ်မြောက်ဖို့အရေး၊ ဒီမိုကရေစီအရေးပဲ ရှိတာမဟုတ်ပဲ ချင်းတွေ ဒီမိုကရေစီ အခွင့်အရေး ခံစားရဖို့အတွက်ဆိုရင် အာဏာအပြန်အလှန် ခွဲဝေထားတဲ့ တန်းတူတဲ့ ပြည်ထောင်စုစနစ် ဖက်ဒရယ်ရမှပဲ ဖြစ်မယ်ဆိုတာရယ်၊ ဖက်ဒရယ်အရေးဟာ လူနည်းစု တိုင်းရင်းသား တွေအတွက် သေရေး ရှင်ရေးဆိုတာ လူထုအများကြီးသိအောင် ကျွန်တော်တို့ ထပ်ကြိုးစားရမယ် ဆိုတာ သဘောလည်းပေါက် သွားပါတယ်”ဟု၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ချင်းပါတီများထဲ မှချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပ မဲဆန္ဒနယ်စုစုပေါင်း (၅၅)နေရာထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ချင်း အမျိုးသားဒီမိုကရက်တစ် ပါတီ (CNDP) ၏ အထွေထွေ အတွင်းရေးမှုး(၂) ဆလိုင်းကျဲအုုိဘိခ်ထောင်းနှင့် ရွေးကောက်ပွဲရလဒ် အခြေနေများကိုBNI ရွေးကောက်ပွဲသတင်းခန်းမှ သတင်းထောက် ဆလိုင်းကျော်မိုးထွန်းက မေးမြန်းထားသည်။

မေး။ ။ အခုလိုမျိုး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တော့ ဆရာအနေနဲ့ ဘာများ ပြောချင်ပါလဲ။ ပြီးတော့ (CNDP)  ပြိုင်တဲ့ချင်းပြည်နယ်နဲ့ပြည်နယ်ပြင်ပ(၅၅) နေရာလုံးမှာ ဒီလိုအပြတ်သတ် ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီးတော့ပါ ဘာများပြောချင်ပါသလဲ။

ဖြေ။  ။ ပထမကတော့ ကျွန်တော်တို့အနေနဲ့ ဒီရလဒ်ကိုပေါ့  ကျွန်တော်တို့ လက်ခံပါတယ်။ ချင်းပြည်သူလူထုရဲ့ဆန္ဒကို လည်း လေးစားအသိအမှတ်ပြု ပါတယ်။ ရွေးကောက်ပွဲမတိုင် ခင်ကတည်း ကပါတီစည်းရုံးရေးသွားတဲ့အချိန်မှာ ဒေသခံတစ်ချို့ ကအခုတစ်ခေါက်တော့ဒေါ်စုNLD ကိုမဲပေးပါရစေ၊ ဒေါ်စုနဲ့ NLD အတွက် ဒီတခါနောက်ဆုံးရပ်တည်ပါရစေဆိုပြီးပြောတာတွေ လည်း ကြားသိခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဒီတခါတော့ အားပေးထောက်ခံတဲ့ ချင်းပြည်သူတွေရဲ့ဆန္ဒကို ကျွန်တော်လက်ခံပါတယ်။ ဒီရလဒ်ပေါ်ကို ကျွန်တော်တို့ အကောင်းမြင်ပါတယ်။ အခုကရှုံးတာနိုင် တာထက်စာရင်ကျွန်တော်တို့ ကပထမဆုံးကျွန်တော်တို့ပါတီရဲ့ရပ်တည်ချက်၊မူဝါဒမှာလဲကျွန်တော်တို့ ပထမဆုံးရည်ညွှန်းတဲ့အရာက စစ်အစိုးရ ကနေပေါ်ထွက်လာတဲ့ပါတီကြံ့ခိုင်ရေးကိုဖြုတ်ချရေးပေါ့နော် ကျွန်တော်တို့ ပထမဆုံးရည်ညွှန်းတဲ့အရာကအောင်မြင််သွားပြီပေါ့နော်။ ဘယ်သူတွေကပဲ ကြံ့ခိုင်ရေးကိုနိုင်နိုင်ပေါ့လေ။ ကျွန်တော်တို့ပထမဆုံးရည်ညွှန်းတဲ့အရာကတော့အောင်မြင်သွားပြီး အဲဒါအရမ်းဝမ်းသာတယ်။

မေး။  ။ လာမယ့်မြန်မာနိင်ငံရဲ့အခင်းအကျဉ်းမှာ NLD ကမဲအပြတ်အသတ်နိုင်သွားတယ်။ တိုင်းရင်းသားပါတီတွေဆိုရင်လည်း ရခိုင်အမျိုးသားပါတီနဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ လောက်ပဲအခြေအနေကောင်းတယ်။လာမယ့်လွှတ်တော်သက်တမ်း အသစ်မှာနိုင်ငံရေးအသစ်အပေါ်ဘယ်လိုများသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲကို NLD ကနိုင်တော့ အခုအရင်ဆုံးစဉ်းစား ဖို့လိုတာကတော့ဒီဟာ ကိုအသိမှတ်ပြုဖို့ဆိုရင် ၉၀ တုန်းကရွေးကောက်ပွဲလိုမဖြစ်ဖို့ပေါ့နော်။ အဲဒီဟာကို အကြံညာဏ်သစ်နဲ့ လမ်းကြောင်းသစ်နဲ့ သွားဖို့ဖြစ်တယ်။

၁၉၉၀ရွေးကောက်ပွဲမှာဆိုရင် သင်ခန်းစာတွေ အများကြီးရခဲ့ တယ်။ ရွေးကောက်ပွဲပြီးရော စကားလုံး၊ မထွက်သင့်တဲ့ မပြောသင့်တဲ့ စကားလုံးတွေထွက်တဲ့ အရာတွေကအစပေါ့လေ။ ဒါကတော့ ဟိုဖက်ကလည်း အသိအမှတ် မပြုချင်တဲ့အုပ်စုဘက်က ဒီလို စကားမှားတဲ့ အပေါ်မှာ အခွင့်ကောင်း ယူတာလဲရှိတာကို ကိုယ်ဘက်က အတတ်နိုင်ဆုံး သင်ခန်းစာတွေ ယူသင့်ပြီ။

 အဲတော့ ကျွန်တော့်ကတော့ အကောင်းမြင်ပါတယ်။အခုဆိုရင် တစ်ဖက်ကလဲ လက်ရှိအစိုးရနှင့် တပ်မတော်ဘက်ကလဲ ဘယ်လိုရ လဒ်ပဲထွက်ထွက် လက်ခံမယ်ဆိုတဲ့ ဟာတွေရှိနေပြီလေ။ ကျွန်တော်တို့ကတော့ ဒီအပေါ်မှာ ရာခိုင်နှုန်း အများဆုံး အကောင်းမြင်ပါတယ်။

ဒါပေမဲ့ဒါကိုတော့ ပေါ့ဆလို့မဖြစ်ဘူး။ အဲတော့အထူးသဖြင့်အာဏာရပါတီဖြစ်လာတော့မယ့် လူထုအများဆုံးမဲရတဲ့  NLD ပါတီ အနေနဲ့ တာဝန်ရှိနေတယ်ပေါ့လေ။  ကိုယ်ဘက်က နိုင်ပေမဲ့လဲ အတတ်နိုင်ဆုံးတော့ ကိုယ်ဖက်က အလျှော့ အတင်း သဘောထားကြီး ပြဖို့ပါ။

တပ်မတော်နဲ့ အစိုးရကြားကိုလည်းပဲ တောင်းဆိုချင်တာ ကတော့ကတိအတိုင်း သဘောထား ကြီးကြီးနဲ့ ဘာပဲဖြစ်ဖြစ်တိုင်း သူပြည်သား တွေဆုံးဖြတ်ချက်ကို လေးစားလိမ့်မယ်လို့ ကျွန်တော်က တော့ ယူဆတယ်။

မေး ။ ။ အထူးသဖြင့် ချင်းပြည်နယ်မှာ ချင်းပါတီတွေထဲမှာ  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ကျန်တဲ့ ချင်းပါတီအားလုံးကို ဘယ်သူမှ မဲမပေးခဲ့ကြဘူး အဲဒါနဲ့ပက်သတ်ပြီး လူထုအပေါ်မှာပြောကြားချင်တဲ့ စကားများရှိလား။

ဖြေ ။ ။ အဲဒီဟာကျတော့ ကျွန်တော့အပိုင်းမှာ ခံစားချက်နှစ်ခုရှိတယ်ပေါ့နော်။ တစ်ဖက်ကတော့ ကျွန်တော်ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေ အနိုင်ရတာ ဝမ်းသာတယ်၊ ဂုဏ်ယူတယ်။ ကျွန်တော် အနိုင်မရခဲ့ပေမဲ့လည်း ဇိုမီးပါတီဆိုတာကလည်း ကျွန်တော်ရဲ့ခံစားချက် ထဲမှာတော့ သူတို့လည်း ချင်းပဲ တစ်မိသားစုချင်း ထဲကနေ ဆင်းသက်လာတာပဲ၊ ပါတီနာမည်ကတော့ ဘယ်လိုမျိုးပဲ တပ်တပ် ကျွန်တော် ကတော့ အချင်းချင်းလို့ပဲ ယူဆတယ်။ ကျွန်တော်က အဲလိုသဘောထား တာပဲလေ။ အဲတော့ ကျွန်တော်တို့ဆိုလိုချင်တာက ကျွန်တော်တို့ ညီအကိုထဲက အနိုင်ရတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

သူတို့အနိုင်ရသွားတဲ့အတွက် ချင်းအချင်းချင်းအကြား စည်းလုံးရေးမှာ ပိုပြီးအလုပ်လုပ်နိုင် လာဖို့မျှော် လင့်တယ်။ ချင်းလူမျိုးတွေ အချင်းချင်း သွေးကွဲစေမယ့် အရာမျိုး ချင်း လူထုအများစု မကြိုက်မယ့် ကိစ္စမျိုး ဥပမာ သူတို့ပါတီ ပေါ်လစီထဲမှာ ချင်းအစား ဇိုမီးပြည်နယ် ပြောင်းရေးတို့ ဘာတို့ ကျတော့ ကျွန်တော်တို့ ပါတီအနေနဲ့ လုံးဝလက်မခံနိုင်ဘူး။ တစ်ခြားသော ချင်းလူထုတွေလည်း ကြိုက်မှာ မဟုတ်ဘူး ဆိုတာ ဇိုးမီးပါတီခေါင်းဆောင်တွေ အနေနဲ့ ဒါမျိုးကိစ္စတွေကို သတိထား စေချင်တယ်။

မေး။ ။ လာမယ့် ၂၀၁၅အလွန် ၂၀၂၀ခုနှစ် ကြားကာလတွေမှာ (CNDP)  အနေနဲ့ ဘယ်လို ဖြတ်သန်း မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။  ။ လွှတ်တော်တွင်း နိုင်ငံရေးဟာ အရေးတော့ ပါပေမယ့် လွှတ်တော်အတွင်း နိုင်ငံရေးချည်းနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလို့ မရပါဘူး။ (CNDP)  အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀-၁၅ကာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမူတွေကို ကြည့်ရင် မြွေတောင်ဖားတောင် စီမံကိန်းရပ်ဆိုင်းဖို့ လူမူအဖွဲ့အစည်း တွေနဲ့ပေါင်းပြီး ကျွန်တော်တို့ လုပ်ခဲ့တာ အောင်မြင်တယ်။

 ချင်းတောင်မှာ ဘာသာရေး ဖိနှိပ်မူ လက်ဝါးကား တိုင်ဖြိုမယ့် ကိစ္စတွေ၊ နောက်ပြီး အစိုးရ သတင်းစာ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာ တွေမှာ စာရေးဆရာ ပီမိုးနင်း ဂနိုင်ကြော့ဝတ္ထုမှာ ချင်းလူမျိုးကို စော်ကားတဲ့အသုံးအနှုန်းတွေပါလာတုန်းကလည်း ကျွန်တော် တို့ပါတီကပဲ အစိုးရဆီ စာပို့တောင်းဆိုတာတွေ၊ ချင်းလူမျိုးအတွက် လုပ်ခဲ့တာတွေ ရပ်တည်ခဲ့တာတွေ အများကြီးပဲ။ ဒါတွေကတော့လွှတ်တော် ပြင်ပလှုပ်ရှားမူတွေပါ။ အခုလိုလွှတ်တော်မှာ အမတ်နေရာမရ လည်းကိုယ့် လူမျိုးအတွက်တခြားလုပ်စရာအများကြီးရှိပါတယ်။

လွှတ်တော်မှာအမတ် နေရာတွေ ရဖို့လည်းအရေးကြီးသလိုအမတ်နေရာမရလည်း အမျိုးသားနိုင်ငံ ရေးလုပ်စရာတွေ အများကြီးရှိသေး တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လည်း နိုင်ငံရေးပါတီတခုအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေမှာလည်း ဆက်လှုပ်ရှားအုံးမယ်။ ကိုယ့်ပါတီကိုလည်း ထပ်ပြီးတည်ဆောက်ဖို့ စိတ်ကူးထားတယ်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...