NLD ပါတီနှင့် အမြင်မတူတာကိုချန်ထားပြီး အမြင်တူတာကိုပူပေါင်းမည်ဟုဆို

NLD ပါတီနှင့် အမြင်မတူတာကိုချန်ထားပြီး အမြင်တူတာကိုပူပေါင်းမည်ဟုဆို
by -
စိုင်အောင်မျိုးလွင်
စိုင်အောင်မျိုးလွင် — “လွှတ်တေ်ာထဲမှာတော့ ကျွန်တေ်ာက မဟာမိတ်ပုံစံနဲ့လည်း မဟုတ်ပါဘူး။ အတိုက်အခံအနေနဲ့လည်း မဟုတ်ပါဘူး။ အဓိကတော့ ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့်ကိစ္စမှန်သမျှကိုကျွန်တော် ထောက်ခံမယ်။ ဒါပေမယ့်လည်း ဘက်လိုက်တဲ့ ပုံစံမျိုး ကျွန်တော်တို့ တိုင်းရင်းသား အခွင့်အရေး ရှင်းရှင်းပြောရရင်တော့ အခွင့်အရေးတွေ အနည်းပဲပေးမယ် ဆိုတာမျိုး ဆိုရင်တော့ ကျွန်တော်ရဲ့ ခံယူချက်နဲ့ မကိုက်ညီတာမျိုး ကျွန်တော်တို့ ပါတီ မူဝါဒနဲ့ မကိုက်ညီတာမျိုးဆိုလို့ရှိရင်တော့ မထောက်ခံပဲနဲ့ အတိုက်အခံပုံစံမျိုးနဲ့ ရပ်တည်ပြီးတော့ အမြင်တူတဲ့ဟာကိုပေါင်းမယ်။ အမြင်မတူတဲ့ဟာကိုတော့ ကျွန်တော်က ချန်ထားခဲ့မယ်”ဟု ကချင်ပြည်နယ် ဆော့လော်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သော လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက် ရေး ပါတီ (ဒူးလေးပါတီ) မှ ဦးလာမာလေးနှင့် လွှတ်တော်အတွင်းလုပ်ဆောင်သွားမည့် ကိစ္စရပ်များကို မေးမြန်းခဲ့ပါသည်။

မေး။  ။ အစ်ကို့အနေနဲ့ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဘယ်လို ဖြည့်ဆည်းဆောင်ရွက်သွားမယ်ဆို တာလေးကို ပြောပြပေးပါဦးဗျ။

ဖြေ။  ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်စားလှယ်ပြိုင်ရင်းနဲ့ ဆော့လော်ဒေသမှာ ဘယ်လို အခက်အခဲတွေ ရှိတယ် ဆိုတာကိုတော့ လေ့လာသင့်သလောက်တော့ ကျွန်တော် လေ့လာခဲ့ပါတယ်။ ကျွန်တော်က လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ကနေ ကိုယ်စားပြုပြီးတော့မှ နိူင်ခဲ့ပေမယ့်လည်း ကိုယ့်လီဆူလူမျိုးတစ်မျိုးအတွက်ပဲဆိုပြီးမှ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင်တော့ လူမျိုးခွဲခြားနေဖို့ မသင့်ဘူးဆိုတာ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့်မို့ လူမျိုးမရွေး ဘာသာမရွေးပေါ့နော်။ အဓိကတော့ ပြည်သူတွေနဲ့ လက်တွဲပြီးမှဆောင်ရွက်ဖို့ လွှတ်တော်မှာ ဆိုရင်လည်းပဲ ကျွန်တော်တို့ တောင်းရမယ့်အခွင့်အရေးတွေ အဆိုတွေကိုလည်း ဒေသခံတွေနဲ့ လက်တွဲပြီးမှ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိပါတယ်လို့။ အဓိကတော့ဘယ်အစိုးရပဲ ဖြစ်လာဖြစ်လာပေါ့နော် တက်လာမယ့်အစိုးရနဲ့လည်း ကျွန်တော့် အနေနဲ့ အမြင်ချင်းတူတဲ့နေရာမှာ အကောင်းဘက်မှာတော့ ကျွန်တော် လက်တွဲပြီးတော့မှ လုပ်ဆောင်ဖို့ ကျွန်တေ်ာ အစီအစဉ်ရှိပါတယ်။ အပြုသဘောဆောင်ပြီးမှ လက်တွဲလုပ်ဆောင်ဖို့ပေါ့နော်။

မေး။  ။ အခုဆိုရင် NLD ကလည်း အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်အရေအတွက်ထက်ကို ကျော်လွန်သွားပြီ။ တိုင်းရင်းသားပါတီတွေအနေနဲ့လည်းအရေအတွက်နည်းသွားတယ်။ ဒီအတွက် အစ်ကို့အနေနဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရှိနိုင်တယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။  ။ လောလောဆယ် NLD ကတော့ ၂၀၁၅ မှာ အနိုင်ရပါတီဖြစ်သွားတယ်။ အစိုးရဖွဲ့နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တယ်တိုင်းရင်းသား အရေးမှာလည်း သူဆောင်ရွက်မယ်လို့ပြောခဲ့တာရှိတယ်။ လက်တွေ့မှာ ဆောင်ရွက်နိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့်လည်း ဘယ်အစိုးရတက်လာတက်လာ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုတော့ကျွန်တော်တို့အနေနဲ့ ဆုံးရူံးသွားမယ် ။ လွှတ်တော်အတွက် ရွေးကောက်ပွဲမှာ အများဆုံး တိုင်းရင်းသားတွေ ဆုံးရူံးခဲ့ပေမယ့်လည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက နည်းသွားမယ် လို့တော့ကျွန်တေ်ာ မထင်ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရဖို့ဆိုတာက လွှတ်တော်မှာ ရောက်သွားမှပဲ မဟုတ်ပါဘူး။ အပြင်မှာလည်း အများကြီး ကြိုးစားလို့ ဆောင်ရွက်လို့ ရနိုင်တဲ့နေရာတွေ အများကြီးရှိတယ်လို့ ကျွန်တော်ခံယူပါတယ်။

မေး။  ။ အစ်ကို လွှတ်တော်ထဲရောက်သွားရင် ဒေသအတွက် အရေးတကြီး လုပ်ပေးချင်တဲ့ အပိုင်းက ဘာတွေဖြစ်မလဲခင်ဗျ။

ဖြေ။  ။ အဓိကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တေ်ာတို့ ပြင်ဖို့တွေကို ကျွန်တေ်ာတို့ ထောက်ခံသွားမှာပါ။ နောက်တစ်ခုက ကျွန်တော်နိုင်ခဲ့တဲ့ ဆော့လော်ဒေသအတွက် ပြောမယ်ဆိုရင် လမ်းပမ်းဆက်သွယ်ရေးက နံပါတ် ၁ ပဲ။  နံပါတ် ၂က ပညာရေးက ကျွန်တော် အရေးကြီးတယ်လို့ ထင်တယ်။ ၃ ကျတော့ လမ်းပမ်းဆက်သွယ်ရေးရယ်  ပညာရေးရယ် ကျန်းမာရေးရယ် ပိုလို့ အရေးကြီးတယ်။ နောက် နံပါတ် ၄ အနေနဲ့ပြောမယ်ဆိုရင်တော့ ပြည်သူတွေကို ဥပဒေပိုင်းမှာ အစိုးရရဲ့ ဥပဒေတွေ တည်ဆဲဥပဒေတွေကို တိတိကျကျသိအောင် ကျွန်တော် ဆောင်ရွက် ပေးချင်တယ်။ ပြီးတော့ ပြည်သူတွေ ကဥပဒေကိုသိလို့ရှိရင် ရဲ့ရင့်တဲ့စိတ်တွေဖြစ်လာမယ်။ နိုင်ငံရေးတွေ သိလာမယ်။ အဘက်ဘက်မှာ မျက်စိပွင့်လာမယ်လို့ ကျွန်တေ်ာ ယူဆတယ်။ အဲ့ဒီအတွက် ဒီကဏ္ဍတွေမှာ ဆောင်ရွက်ဖို့ စဉ်းစားထားပါတယ်။

မေး။  ။ လွှတ်တေ်ာထဲမှာ NLD ပါတီနဲ့ မဟာမိတ်ပုံစံနဲ့ ရပ်တည်သွားမှာလား။  အတိုက်အခံအနေနဲ့ ရပ်တည်သွားမှာလား ပြောပေးပါဦး။

ဖြေ။  ။ လွှတ်တေ်ာထဲမှာတော့ ကျွန်တေ်ာက မဟာမိတ်ပုံစံနဲ့လည်း မဟုတ်ပါဘူး။ အတိုက်အခံအနေနဲ့လည်း မဟုတ်ပါဘူး။ အဓိကတော့ ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့်ကိစ္စမှန်သမျှကိုကျွန်တော် ထောက်ခံမယ်။ ဒါပေမယ့်လည်း ဘက်လိုက်တဲ့ ပုံစံမျိုး ကျွန်တော်တို့ တိုင်းရင်းသား အခွင့်အရေး ရှင်းရှင်းပြောရရင်တော့ အခွင့်အရေးတွေ အနည်းပဲပေးမယ် ဆိုတာမျိုး ဆိုရင်တော့ ကျွန်တော်ရဲ့ ခံယူချက်နဲ့ မကိုက်ညီတာမျိုး ကျွန်တော်တို့ ပါတီ မူဝါဒနဲ့ မကိုက်ညီတာမျိုးဆိုလို့ရှိရင်တော့မထောက်ခံပဲနဲ့ အတိုက်အခံပုံစံမျိုးနဲ့ ရပ်တည်ပြီးတော့ အမြင်တူတဲ့ဟာကိုပေါင်းမယ်။ အမြင်မတူတဲ့ဟာကိုတော့ ကျွန်တော်က ချန်ထားခဲ့မယ်။ အဲဒီ သဘောပါပဲ ကျွန်တော်ကတော့ ။

မေး။  ။ ဖြည့်စွပ်ပြောချင်တာလေးရှိရင်လည်း ပြောပေးပါဦး ခင်ဗျ။

ဖြေ။  ။ ကျွန်တော်ဖြည့်စွပ်ပြောချင်တာကတော့ လက်ရှိအချိန်မှာ အများဆုံးအနိုင်ရသွားတဲ့ NLD ပါတီကို ကျွန်တော် ပြောချင်တာ တစ်ခုရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတစ်ရပ်လုံးက များသောအားဖြင့် NLD ပါတီကို ထောက်ခံပြီးတော့မှ အများဆုံး နိုင်ခဲ့တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ တကယ်လို့ NLD ပါတီအနေနဲ့ အစိုးရဖွဲ့နိူင်ခဲ့ပေမယ့်လည်း တကယ်ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံကြီး တိုးတက်ပြောင်းလဲတဲ့ ခေတ်မီတဲ့ နိုင်ငံကြီးဖြစ်အောင် ကြိုးစားပေးပါလို့။ ဘက်လိုက်မူမရှိပဲနဲ့ နောက်ပြီးတော့မှ တိုင်းရင်းသားတွေကို ချန်ထားခဲ့တာမျိုး မဟုတ်ပဲနဲ့ တန်းတူညီမျှပေါ့နော်။ သူတို့ရဲ့ ပါတီရဲ့ မူထဲမှာ ပါတဲ့အတိုင်း လက်တွေ့မှာလည်းပဲ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါလို့ အဲလိုမှ မဟုတ်ရင်တော့ သူတို့အနေနဲ့ ၂၀၁၅ မှာ နိုင်ခဲ့ပေမယ့် လည်း ၂၀၂၀ မှာတော့ နိုင်ဖို့ရာကတော့ မဖြစ်နိုင်ဘူးလို့ အဲဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့မှလည်း သိတတ်ပေးပါလို့ ။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ အနေနဲ့ကလည်း ဘယ်အစိုးရပဲ တက်လာ တက်လာ ကျွန်တော်တို့က ကိုယ့်နိုင်ငံတိုးတက်ဖို့ဆိုရင် တိုက်ခိုက်စရာ အကြောင်းလည်း မရှိသလို အပြုသဘောနဲ့ပဲ ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးဖို့ ရှိပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...