၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကျေနပ်ဟုဆို

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကျေနပ်ဟုဆို
စံမောင်သန်း — နို၀င်ဘာလ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ စစ်တွေမြို့နယ် မဲဆန္ဒနယ်၌ ရွေးကောက် ပွဲရလဒ်ကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ဝင်ရောက်အရွေးခံခဲ့သည့် ကိုယ်စားလှယ်လောင်များက  ရွေးကောက်ပွဲရလဒ် အပေါ် ကျေနပ်မှုရှိသည်ဟုဆိုသည်။

“ကျေနပ်မှုရှိပါတယ်။ ပြည်သူတွေက ကျွန်မတို့ ကွင်းဆင်းကတည်းက ရခိုင်ကိုပဲ ဦးစားပေး နေတာပါ။ ရခိုင်ဆိုရင် ရခိုင်ပဲဖြစ်ရမှာပေါ့။ ကျွန်မတို့သာ ရခိုင်ပါတီကို ကိုယ်စားပြုပြီးပြိုင်မယ်ဆိုရင် မဲပုံး လျှံထွက်အောင် ပေးမယ်လို့ မဲဆန္ဒရှင်ပြည်သူတွေက ပြောပါတယ်”ဟု စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်အရွေးခံခဲ့ သည့် ဒေါ်လှအေးက BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

 ဒေါ်လှအေးအနေဖြင့် ရွေးကောက်ပွဲတွင် အရွေးချယ်မခံခဲ့ရသော်လည်း ရခိုင်အမျိုးသားပါတီက အနိုင်ရရှိသွား၍ ဝမ်းသာမိပါသည် ဟု သူမကဆက်ပြောသည်။

 ရွေးကောက်ပွဲ၌ အနှောင့်အယှက်မရှိသော်လည်း မဲဆန္ဒနယ် အမှတ် ၁ နယ်မြေရှိ သင်ပုန်းတန်း ကျေးရွာတွင် လွှတ်တော်ကိုယ်စား လှယ်လောင်းများကို မဲရုံပရဝုဏ်အတွင်းသို့ မဲရုံမှူးက ဝင်ခွင့်မပြုခဲ့ဟု သူမ၏ပြောကြားချက်အရသိရသည်။

 စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကို ကိုယ်စားပြုပြီး  ဝင်ရောက်အရွေးခံခဲ့သည့် ဦးသင်္ခါကျော်က လည်း ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့အနေနဲ့လည်း ကျေနပ်ပါတယ်။ဒီလောက်မဲရတာကိုတောင် ကျေးဇူးတင်ရအုံးမယ်။ အစကတည်းက စစ်တွေမြို့ပေါ်မှာ အနိုင်မရဘူးဆိုတာကို သိပြီးသားပါ။ NLDပါတီအနေနဲ့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဝင်ရောက်အရွေးခံရမယ် ဆိုလို့သာ အရွေးခံတာပါ”ဟု ဦးသင်္ခါကျော်က သတင်းခန်းသို့ပြောသည်။

 ရွေးကောက်ပွဲရလဒ်အပေါ်တွင် ကျေနပ်မှုရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းကို မကြည့်ဘဲ ရခိုင်ပါတီမှဆိုလျှင် ထောက်ခံမဲပေးသည့် အပေါ်၌ အားမလို အားမရ ဖြစ်မိသည်ဟု ပြည်သူ့လွှတ်တော် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်အရွေးခံခဲ့သည့် ဒေါက်တာကျော့ သာစိန်ကပြောသည်။

 “ကျွန်မအနေနဲ့ ရခိုင်ပြည်နယ်မှာ တစ်ခါမှ ရွေးကောက်ပွဲနဲ့ မကြံုဖူးပါဘူး။ ဒီရခိုင်ပြည်နယ်မှာကတော့ ရခိုင်ပြည်သူတွေရဲ့ စိတ်ထဲမှာက အစွဲတစ်ခုတော့ ရှိနေကြတယ်။ ရခိုင်ဆိုရင် ရခိုင်သားပါတီကိုပဲ မဲပေးရမယ်ဆိုတဲ့ အစွဲဟာ ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်အရွေးခံတဲ့သူဟာ အရည်အချင်း ရှိရဲ့လား၊ မရှိဘူးလားဆိုတာကို မကြည့်ဘဲ မဲပေးခဲ့ကြတာတွေကို တွေ့ခဲ့ရတယ်” ဟု ဒေါက်တာကျော့သာစိန်ကပြောသည်။

 သူမအနေဖြင့် ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးသော်လည်း ရခိုင်ပြည်အကျိုးအတွက် ရည်စူးပြီး အိမ်နှင့်ခြံများကို ရောင်း၍ ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းလာခဲ့သူ တစ်ဦးဖြစ်သည်ဟု သူမ၏ ခံစားချက်ကို ပြောပြသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲကို NLD ၊ USDP ၊ တစည၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီး ပုဂ္ဂလများဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ အနိုင်ရရှိခဲ့သည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...