တိုင်းရင်းသားပါတီများရှုံးနှိမ့်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိနိုင်မည်ဟု ယုံကြည်နေ

တိုင်းရင်းသားပါတီများရှုံးနှိမ့်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိနိုင်မည်ဟု ယုံကြည်နေ
သုတလင်း — ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း ကချင်ပြည်နယ်တွင်း မဲစာရင်းအရေအတွက် ကို ယခုအချိန်ထိ အပြီးသတ်မထွက်နိုင်သေးပေ။

သို့သော် ယခုနှစ်ရွေးကောက်ပွဲအတွက်ကချင်ပြည်နယ်အတွင်းမည်သည့်ပါတီအနိုင်ရသည်ဆိုတာ  မသေချာသေးသော် လည်း ဒေသခံတိုင်းရင်းသားပါတီများ အနိုင်ရရှိမှုမှာအင်မတန်နည်းပါးခဲ့သည်က အသေအချာပင်ဖြစ်သည်။

ပါတီမဲဆွယ်စည်းရုံးရေးကာလအတွင်းမှာပင် ဘဏ္ဍာရေးအခြေအနေအရအားနည်းချက်များရှိခဲ့ သည်ဟု ပြောဆိုခဲ့ကြသော်လည်း အမျိုးသားရေးအရတစ်ချို့သောဒေသများတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာများတော့ရရှိကြလိမ့်မည်ဟု တိုင်းရင်းသားပါတီကိုယ်စားလှယ်များက ယုံကြည်နေကြသည်။ သို့ရာတွင်လည်း ထိုသို့ရှံုးနိမ့်မှု ကြီးမားခြင်းမှာ ပါတီများကိုယ်တိုင်၌ လိုအပ်ချက်များရှိနေခြင်းကြောင့်လည်း ဖြစ်သည်ဟု ၄င်းပါတီများကိုယ်တိုင်က ဖွင့်ဟခဲ့ကြသည်။

တစ်ပါတီထဲကပင် လွှတ်တော်တွင်းများစွာနေရာရရှိလာခြင်းက တိုင်းရင်းသားများအရေး တောင်းဆိုဆောင်ရွက်ရာ၌ အားနည်းလာနိုင်ချေ ရှိ/မရှိအပေါ်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များဘက်မှ စိုးရိမ်မှုများလည်း ရှိလာကြရာ ယင်းအချက် က အနိုင်ရပါတီအနေဖြင့် လွှတ်တော်အတွင်း တိုင်းရင်းသားအရေးကို မည်မျှဆောင်ရွက်ပေးမည့်အပေါ်တွင်မူတည် မည်လည်းဖြစ်သည်။ လာမည့် အစိုးရသစ် ဆောင်ရွက်ရမည့် ကိစ္စလည်းဖြစ်ကာရင်ဆိုင် တွေ့ကြံုဖြေရှင်းရ မည့် ပြဿနာအခက်အခဲ တစ်ရပ်လည်းဖြစ်လာနိုင်သည်။

ထို့ကြောင့် ယင်းအခြေအနေများနှင့်စပ်လျဉ်း၍ BNI တိုင်းရင်းသားသတင်းဌာနက ကချင်ပြည်နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် တိုင်းရင်းသားပါတီကိုယ်စားလှယ်တစ်ချို့နှင့်၄င်းအခြေအနေများအပေါ် သုံးသပ်မေးမြန်းထားသည်များ ကို တင်ပြလိုက်ရပါ သည်။

ဦးလွမ်းဇောင်း (ကချင်ဒီမိုကရက်တစ်ပါတီ)
ကချင်တိုင်းရင်းသားတွေက ပါတီနိုင်ငံရေးနဲ့ တော်တော်လေးအဆက်ပြတ်သွားတယ်။ အာဏာရှင်အစိုးရလက်ထက်ကနေစပြီး ပါတီနိုင်ငံရေးက တော်တော်လေး အဆက်ပြတ်သွားခဲ့တာမျိုးပါ။

လူထုသာမက လူထုကို ခေါင်းဆောင်နိုင်တဲ့ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေကအစ ပါတီနိုင်ငံရေးရဲ့ သွားရမယ့် လမ်းကြောင်းကို ထင်ထင်ရှားရှား မပြသနိုင်ခဲ့တာပေါ့။

တိုင်းရင်းသားပါတီ၊ ဒေသခံပါတီတွေက ခိုင်မာရမယ်၊ အားကောင်းရမယ်ဆိုတာမျိုး မတွေ့ရပါဘူး။ အဓိကကတော့ အမျိုးသားရေးလမ်းကြောင်းတွေကို ထင်ထင်ရှားရှား မသွားနိုင်ခဲ့တာပေါ့။

ကျွန်တော်တို့ကိုယ်တိုင်လမ်း ပါတီနိုင်ငံရေး အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဆက်လုပ်ရဦးမယ်လို့ မြင်ပါတယ်။ ရခိုင်တွေကတော့ ပါတီနိုင်ငံရေးကို သူတို့က ပိုပြီး အားသာကြတာပေါ့ဗျာ။

အမျိုးသားရေးစိတ်ဓါတ်ကလည်း ရခိုင်အရေးဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ပိုကျစ်လစ်လာ တဲ့အပိုင်းလည်းရှိပါတယ်။ ပိုမြင်ရတယ်။ သူတို့က ကျတော့ ရခိုင်တိုင်းရင်းသားဦးရေလည်းများတယ်။ ကျွန်တော်တို့ကတော့ တစ်ပြည်နယ်လုံးပေါင်းရင်တောင် ကချင်တိုင်းရင်းသားက ၄၀ ရာခိုင်နှုန်းလောက်ပဲရှိတာပေါ့။ ဒေသခံတိုင်းရင်းသားပါတီတွေကတော့ တိုင်းရင်းသားတွေအရေးကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာပါ။ ဒါကတော့ ပြည်မပါတီနဲ့ ကွာခြားချက်ပါ။ ဒီဒေသရဲ့ အကြောင်းကို ထဲထဲဝင်ဝင်နားလည် သဘောပေါက်တာကတော့ တိုင်းရင်းသားဒေသခံတွေပါပဲ။ တိုင်းရင်းသားအရေးတွေကို မားမားမတ်မတ်ရပ်တည်ပြီး ပြောဆိုနိုင်ဖို့ ကတော့ အနိုင်ရပါတီအတွက် အင်မတန်မှခက်ခဲလိမ့်မယ်။ တိုင်းရင်းသားတွေအတွက်လည်း နစ်နာမှုတွေကအတိုင်းအတာ တစ်ခုအထိရှိလာနိုင်တယ်။ ပါတီတစ်ခုထဲက အားကောင်းလိုက်တော့ တစ်ခြားပါတီတွေရဲ့ အခန်းကဏ္ဍက အဆင်မပြေမှုတွေဖြစ်မှာပေါ့။ NLD အနေနဲ့ အဲဒီမှာ ဒေသခံတိုင်းရင်းသား ပါတီတွေနဲ့ အထူးသဖြင့် တွေ့ဆုံဆွေးနွေးပြီး ဒီဒေသရဲ့ အဖြစ်အပျက်တွေကို ဝိုင်းဝန်းဖြေရှင်းလုပ်ဆောင်ရမယ့် အနေအထားရှိရမှာဖြစ်ပါတယ်။

ဦးစီစီနော်ဂျာ ( ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီ)
ပြည်နယ်က ကိုယ်စားပြုတဲ့ ဒေသန္တရ ပါတီတွေ လွှတ်တော်ထဲရောက်သွားရင်တော့ အကောင်းဆုံးပေါ့ဗျာ။ သို့သော်ငြားလည်း NLD က နှစ်ပေါင်းများစွာ သူတို့ရဲ့ လူတွေကို ခိုင်ခိုင်မာမာနဲ့ အခြေချနိုင်ခဲ့တယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပါတီ ကို ၂၀၁၃ မှာမှ ဖွဲ့စည်းနိုင်တယ်။ ကျွန်တော်တို့ပါတီဆိုရင် KIO/KIA အလံနဲ့တူတယ်ဆိုပြီး ရှစ်လလောက် စည်းရုံးခွင့်မရတာမျိုး
လည်းရှိတယ်။ စည်းရုံးမှုကဏ္ဍတွေမှာလည်း အားနည်းတယ်။ ဒါကြောင့် ယှဉ်ပြိုင်တဲ့အခါ မဲအမှတ်တွေအပြတ်အသတ် ကွာတာမျိုးတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် NLD နိုင်သွားတာကို ကြိုဆိုတယ်။

သူတို့လည်း အားကောင်းမောင်းသန်စွာနဲ့ လွှတ်တော်တိုင်းမှာ သူတို့မူဝါဒနဲ့ သူတို့အပြောင်းအလဲကို စနစ်တစ်ခု၊ ခေတ်တစ်ခုအနေနဲ့ တည်ဆောက်တယ်။ တကယ်လည်း လိုအပ်နေတဲ့အတွက်ကြောင့် လောလောဆယ် သူတို့တွေလွှတ်တော်ထဲရောက်သွားတာ ကိုတော့ ကျွန်တော့် အနေနဲ့ကြိုဆို ပါတယ်။ ဒေသန္တရ နိုင်ငံရေးပါတီတွေသိပ်မရောက်တဲ့အတွက်ကြောင့် အားမလိုအားမရတော့ ဖြစ်မိတယ်။ ခု NLD တွေကလည်း တိုင်းရင်းသားတွေအတွက် ဖယ်ဒရယ် အရေးကိုလုပ်ဆောင်မယ်။ ဒီအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခဏခဏ ပြောဖူးတယ်။ သူတို့ဘယ်လောက်လုပ် နိုင်မယ်။ မလုပ်နိုင်ဘူး ဆိုတာတော့ အချိန်အတိုင်း အတာတစ်ခုပေါ့။

သူတို့အနေနဲ့ တိုင်းရင်းသား တွေအတွက်ဘယ်လောက်အခွင့်အလမ်းတွေဖွင့်ပေးတယ်။ ပြည်ထောင်စုအခွင့် အရေး၊ ပြည်နယ် အခွင့်အရေး၊တိုင်းရင်းသားအခွင့်အရေးတွေကိုဘယ်လောက်များ ထမ်းဆောင်နေမ လဲဆိုတဲ့ဟာကို ကျွန်တော်တို့စောင့်ကြည့်နေဖို့ အခွင့်အလမ်းတစ်ခုလည်းဖြစ်လာတာပေါ့။

NLD တစ်ခုထဲကပဲ လွှတ်တော်တွင်းနေရာများနိုင်တဲ့အတွက် သူတို့ လုပ်ငန်းစဉ်နဲ့ သူတို့လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မယ်။ အဲဒါအားသာချက်ပေါ့။ အားနည်းချက်ကတော့ တစ်ပါတီပဲ လွှတ်တော်ထဲ စိုးမိုးသွားတာကျတော့ ပြည်နယ်ရဲ့ အသံ၊ ပြည်နယ်တွင်း တကယ့်လိုအပ်ချက်တွေကို ကိုယ်စားပြုမဲ့ အသံတွေ လွှတ်တော်ထဲမှာ ရောင်ပြန်မဟပ်နိုင် တာကတော့အားနည်းချက်ပေါ့။

ဦးရွှေမင်း (လီဆူ အမျိုးသားဖွ့ံဖြိုးတိုးတက်ရေးပါတီ)
သူတို့ပါတီကြီးတွေက အပြောင်းအလဲဆိုတဲ့ စကားရပ်နဲ့ တိုင်းရင်းသားတွေကို စည်းရုံးသွားတာပေါ့။ ဒါကလည်းတရားမျှတပါတယ်။ သို့သော်ငြားလည်းပဲ သူတို့က တိုင်းရင်းသားဒေသတွေမှာဝင်ပြိုင်တဲ့အတွက် တိုင်းရင်းသားတွေက ရသင့် သလောက်တော့ လွှတ်တော်ထဲကို မရောက်နိုင်ကြဘူး။ အဲ့ဒီတော့ တိုင်းရင်းသားအခွင့်အရေးကို တင်ပြပေးနိုင်မယ့် သူမရှိဘူး။ သူတို့ပါတီကြီးတွေမှာထားတဲ့ တိုင်းရင်းသားတွေကျတော့လည်း သူတို့ရဲ့ သြဇာအောက်မှာပဲ ပြောပိုင်ခွင့်လုပ်ပိုင်ခွင့် ရှိတော့မယ့် တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေးတွေ အများကြီးဆုံးရှံုးနစ်နာသွားမဲ့ အရေးရှိလာနိုင် တယ်။ တိုင်းရင်းသားပါတီတွေက အနိုင်ရပြီး လွှတ်တော်ထဲရောက်သွားရင်တော့ တိုင်းရင်းသားအခွင့််အရေးတွေ ပိုပြောနိုင်တာပေါ့။ NLD နိုင်တာကို လက်မခံလို့တော့မဟုတ်ဘူး။ လက်ခံတယ်။ တိုင်းရင်းသားအခွင့်အရေးနည်းသွားမှာတော့ စိုးရိမ်တယ်။

တိုင်းရင်းသားပါတီတွေကိုယ်တိုင်ကလည်း အားနည်းချက်တွေရှိတာပေါ့။ အထူးသဖြင့် ပါတီတွေရဲ့ ဘဏ္ဍာရေးပေါ့။ ဖွံ့ဖြိုးရေးကိစ္စတို့ မဲဆွယ်စည်းရုံးရေးကိစ္စတို့မှာ ပါတီကြီးတွေကို မယှဉ်နိုင်ဘူးလေ။ အဲ့ဒါတွေတော့ တိုင်းရင်းသားပါတီတွေက အားနည်းချက်ပေါ့။ တိုင်းရင်းသားပါတီတွေ အနိုင် မရတဲ့အတွက် တိုင်းရင်းသားအခွင့်အရေးတွေကို လွှတ်တော်ထဲ ရောက်အောင်ပြောပေးနိုင်မယ့် လူတွေမရှိတော့ဘူး။ တိုင်းရင်းသားအခွင့်အရေးတွေက နည်းသထက်နည်း၊ ဆုံးရှှုံးသထက် ဆုံးရှုံးဆိုတာမျိုး ဖြစ်လာနိုင် တယ်။ မြန်မာနိုင်ငံရဲ့အဆက်ဆက်ကို ကြည့်ရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့ ဆောင်ရွက်ပေးထား တာမျိုးသိပ်မတွေ့ရဘူးခင်ဗျ။ ထိုနည်း လည်ကောင်းပဲ NLD က အစိုးရဖွဲ့မယ်။ NLD ကပြောရမယ်ဆိုရင်သူကလည်း လူမျိုးကြီး ဦးဆောင်တဲ့ ပါတီပဲလေ။ ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာပေါ့။ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို သူတို့ဘယ်လောက်လုပ်ပေးနိုင်မလဲ။ ဘယ်လောက်လုပ်ပေးကြမလဲ။ လွန်ခဲ့တဲ့ကာလတစ်လျှောက်လုံး ဘာမှ မလုပ်ပေးနိုင်ခဲ့ကြတော့ တိုင်းရင်းသားပါတီတွေဆိုတာ ပေါ်လာတာပဲ။ ပါတီကြီးတွေသာ တိုင်းရင်းသားအခွင့်အရေးကိုပေးမယ်။ လူနည်းစုတွေကို မပျက်သွားအောင် အခွင့်အရေးပေး မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ လူမျိုး၊ ယဉ်ကျေးမှုမပျောက်တော့ဘူးပေါ့။ ဒါကြောင့် အစိုးရသစ်ဟာ ဘယ်လောက်လုပ်ပေးနိုင်မလဲစောင့်ကြည့်ရမယ်။ အဲဒီလိုမှ မလုပ်ပေးနိုင်ရင်တော့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဟာတစ်နေ့တစ်ခြားပျောက်သွားဖို့ပဲရှိတော့မယ်။

ဦးဒေါင်ခမ် ( လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ကျွန်တော်တို့အနေနဲ့ သုံးသပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက ပါတီကြီးတွေရဲ့ ထိုးနှက်မှုတွေကို ခံစားရတယ်ပေါ့။ ပါတီကြီးမှာပါတဲ့ ပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ လော်ဝေါ်အချင်းချင်းဖြစ်နေတယ် ဆိုတော့ လော်ဝေါ်တွေရဲ့ အကြောင်းကို သိနေပြီး သားဖြစ်တယ်ဆိုတော့ လောဝေါ်အမျိုးသားတွေရဲ့ စိတ်ကိုအများကြီးပြောင်းလဲသွားအောင် စွဲဆောင် နိုင်တာပေါ့။ တိုင်းရင်းသားပါတီတွေဘက်ကတော့ ပြင်ဆင်မှုအတွေ့အကြံုရလည်းနည်းတယ်။ အပြင်အဆင်တွေက အားမရဘူးဖြစ်တယ်။ ပါတီကြီးတွေက အပြင်အဆင်လည်းကောင်းတယ်။ သူတို့ရဲ့လုပ်ဆောင်မှုက အင်အားရှိတယ်ဆိုတော့ အကောင်းမွန်ဆုံးလုပ်နိုင်ကြတာပေါ့။ တိုင်းရင်းသား ပါတီတွေကတော့ ဘဏ္ဍာရေး၊ အတွေ့အကြံု၊ ပညာရေး ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်တွေလည်း အားနည်းမှုတွေအများကြီးရှိတယ်။ အဲဒီအထဲကမှ မနည်းရုန်းကန်နေရတဲ့အခြေအနေကြောင့် တိုင်းရင်းသားပါတီတွေက ရှုံးနေရတယ်လို့ ထင်တယ်။   ကျွန်တော့်အမြင်တော့ ပါတီကြီးတစ်ခုထဲက အနိုင်ရသွားတာတိုင်း ရင်းသားပါတီတွေရဲ့ အခွင့်အလမ်းတွေ အနည်းငယ်ပိတ်ပင်သွားတယ်လို့တော့ ထင်ပါတယ်။ ပါတီတစ်ခုအနေနဲ့ အကောင်းဆုံးရပ်တည်လုပ်ဆောင်နေနိုင်ဖို့ဆိုတာလွှတ်တော် တရပ်ရပ်မှာ ပါဝင်နေနိုင်မှပဲရမှာပါ။ ဒါမှတိုင်းရင်းသားပါတီတွေ ကပညာလည်းရယူနိုင်မယ်။ နိုင်ငံရေးလုပ်ဆောင်မှု၊ အပြောင်းအလဲ၊ ရပ်တည်ချက်တွေကို ကျွန်တော်တို့လည်း ပညာယူနိုင်မှာဖြစ်တယ်။ ခုလွှတ်တော်သုံးရပ်စလုံးမှာ ပါဝင်မှုမရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ရဲ့လုပ်ရည်ကိုင်ရည်တွေ၊ ဗဟုသုတ၊ အတွေ့အကြံုတွေကလည်း တော်တော်လေးကို အားနည်းမှုရှိသွားနိုင်တယ်လို့ မြင်ပါတယ်။

ဦးဆမားကျော်ဖားနော် (ကချင်ပြည်နယ်ဒီမိုကရေစီပါတီ)
တိုင်းရင်းသားပါတီတွေ ထက် ခုချိန်က အင်အားကြီးတဲ့ပါတီအဖွဲ့အစည်းကို ဦးစားပေးရမယ့် ပုံစံဖြစ်သွားတော့ တိုင်းရင်းသားပါ တီတွေနေရာရမှုနည်းသွားတာပါ။ USDP ကိုမကြိုက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်အုပ်ချုပ်မှုစနစ်ဆိုးကို နာမည်ရှိတဲ့အဖွဲ့မှ တွန်းလှန်နိုင်မယ်လို့ ထင်တဲ့အတွက်ပေါ့။ ဒီလိုမျိုးပါတီတစ်ခုထဲကနိုင်သွားတာဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ လွှတ်တော်ထဲအများကြီးပါလာရင်တော့ကောင်းတာပေါ့။ လျစ်လျူဆက် ရှုထားဦးမယ်ဆိုရင်တော့ တိုင်းရင်းသားတွေအတွက် အခွင့်အရေး တွေနည်းပါးလားမှာ စိုးရိမ်ပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...